Sunday, September 21, 2008

ညီမလေးများအတွက် အိတ်ဖွင့်ပေးစာ(၁)


ခဏခဏ လမ်းဘေးကပ်ရပ်ပေးရလို့

ခရီးမတွင်တာကတော့ အသေးအဖွဲကိစ္စ တစ်ခုပါပဲ..။

ဘ၀က ကိုယ့်ခြေထောက်ပေါ် ကိုယ်ထရပ်နိုင်ဖို့ထက်
ဘ၀ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွေးမွေးရတာ ပိုခက်သရွေ့ 
မိဘနှစ်ပါးကို လက်နှစ်ဖြာ ထိပ်မှာမိုး ညတိုင်းရှိခိုးအိပ် ဖြစ်ရဲ့ .....။

ညီမလေးတို့ရေ....
အသင့်ခင်း လက်ဆေး စားနိုင်တဲ့ ထမင်းဝိုင်းမှာ
ဟိုဟာမစားချင် ဒီဟာမစားချင် နှုတ်ခမ်းမစူခင်ပေါ့.....

ရှိတဲ့ဆန်တစ်ဆုပ်.....၊ယာဂုတစ်ခွက်ပြုတ်ပြီး အတူတူသောက်
ဗိုက်မှောက် နေကြတဲ့ ကလေးငယ်တွေကို အရင် သတိရမယ်ဆိုရင်...
တို့တွေ အသက်ငယ်လည်း ရင့်ကျက်နိုင်ပါတယ်ကွယ်...................။

စီးထားတဲ့ ဖိနပ် ဘယ်လောက်ဈေးများများ
ဖြစ်ပျက်တတ်တဲ့ ဓမ္မတာကို လောကတခွင်လုံး ဘယ်သူရှောင်ပုန်းနိုင်မှာမို့လို့လဲ
ရုပ်ဝတ္ထု ချင်း ပြိုင်ဆိုင်မှုကိုလည်း ရှောင်ရှားတတ်ကြပါစေ...။

မသေခင် ဂုဏ်သရည်ရှိရှိ ရှင်သန်ခွင့်ဆိုတာက
တိုက်တွေကားတွေရှိမှ မဟုတ်ပါဘူး
ဒါကြောင့် နိမ့်ချကျိုးနွံ လေးစားထိုက်သူအမှန်ကိုလည်း လေးစားပါ...။


ကိုယ်ချင်းစာတရားတွေ ခေါင်းပါးတဲ့ခေတ်မို့
မကြီးရေ.....လူတိုင်း စေတနာနဲ့ မတန်တရာ ဖြစ်လာပြီတဲ့လားး..............?
ညီမလေးတို့..............သေချာစဉ်းစားကြည့်....၊

ပေးကမ်းဖို့ ကြံရွယ်နှင့်ပြီးမှတော့
ကုန်သွားမယ့် ပမာနဟာ ပဓာန မကျထိုက်ဘူး.......။
သေဆုံးပြီးနောက် ယူသွားနိုင်တယ်ဆိုတာလည်း
အလှူဒါနတစ်မျိုးပဲ ရှိသတဲ့...............................။


ချိုင့်ခွက်တွေကို မျက်စိတစ်ဖက်မှိတ်မရှောင်တတ်လို့
တာဝန်ပျက်ကွက်တဲ့ တာဝန်မဲ့တွေကို ဒေါသတွေထွက်နေမယ့်အစား
မကြီးကတော့ တစ်နိုင်စာလောက် ကူခဲ့ရင်း
အများအမြင်မှာ အမြဲခြေတစ်လှမ်းစာ နောက်ကျကျန်ခဲ့..............။

အယုံလွယ်တတ်လို့ စိတ်မချဖူးတဲ့
မိဘဆွေမျိုးတွေ ပြောခဲ့ဖူးတာလည်း မှတ်မိနေသေးတယ်.............။

ခလုတ်တိုက်လိုက်၊ ထရပ်လိုက်နဲ့..ကျောသားရင်သားမခွဲခြားပဲ
ကံကြမ္မာ သင်ပြသမျှ သဘောကျလိုက်ပါနေတဲ့
မကြီးဟာလည်း ...................တကယ်ဆို

ဂင်္ဂါမြစ်ထဲက သဲမှုန်လေးတစ်စလိုပါပဲ..။

ဒါကြောင့်မို့
ညီမလေးတို့လည်း အားမလျော့နဲ့ဦး
မှားတိုင်း အမှန်ပြင်၊ ကိုယ့်သင်ခန်းစာကိုယ်ကျေထားသမျှ
ဒါဟာ အဆိုးထဲက အကောင်းထွက်တဲ့ အားသာချက်ပဲ မဟုတ်လား...။

အရှူံးထဲက အမြတ်ထုတ်တတ်ကြပါစေ.......။

မှူးဒါရီ

1 comment:

mgngal said...

မောင်လေးများအတွက်ရော မပါဘူးလား ။:D
ကဗျာလေးကောင်းတယ်ဗျာ။ မှတ်သားစရာလေးတွေပါ။
ဆက်ရေးပါဦး။