Thursday, December 18, 2008

“နှစ်ခွ”

ခု ဒီမှာ ညသန်းခေါင် ၃နာရီ ကျော်ကျော်ပေါ့။ မနက်အစော သွားစရာ ရှိလို့ စောစောအိပ်ဖို့ ကြိုးစားလျက်က မအိပ်နိုင်ဖြစ်နေတော့၊ မျက်လုံးများညောင်းညာပြီး အိပ်ချင်လာမလားလို့ စာဖတ်ဦးမှပဲ ဆိုပြီး ခေါင်းအုံးဘေးက ရှိတဲ့ စာအုပ်ကို ဆွဲလိုက်တာ... မောင်လှမျိုး(ချင်းချောင်းခြံ) ကဗျာ စာအုပ်ဖြစ်နေတယ်။

မောင်လှမျိုး(ချင်းချောင်းခြံ) ဆိုရင် အဆွေးဇာတ်သာ အရေးများတဲ့ စာရေးဆရာလို့ လူအတော်သိများမယ် ထင်ပါရဲ့ ။ ဘယ်တော့များမှ ပေါင်းရတယ်လို့ မရှိလှဘူး။ ဇာတ်သိမ်းမှာ မင်းသားနဲ့မင်းသမီး ကွဲတာချည်းပဲ။ ထားတာတော့ သူ့ဝတ္တု အကြောင်း..။ခုပြောမှာက သူ့ ကဗျာတွေ အကြောင်း...။ စာအုပ်တိုင်းလိုလို အစချီ အမှာစကားတော့ပါကြမြဲပဲနော်.. အဲ သူ့ ကဗျာ စာအုပ်မှာလည်း သူလိုကိုယ်လို အမှာတမ်းလေး သူရေးထည့်တယ်ပေါ့။ သူ့ အမှာစကားထဲကမှ မှူး ကြိုက်တဲ့ စာကြောင်းလေး ထုတ်ပြချင်ပါတယ်။ ထူးထူးခြားခြား အမှာမျိုး မဟုတ်ပါဘူး။ စိတ်ထဲရှိရာကို တိုတိုတုတ်တုတ်ရေးထားတာမျိုးလေးပါ။
ဒီလို...
“ ကောင်းတယ်လို့ ထင်မြင်ယူဆရတဲ့ အရာရာတိုင်းကို ကျွန်တော်ချစ်တဲ့ စာဖတ်ပရိသတ်ကြီးအတွက် ပေးချင်တယ်။ အဲဒါကြောင့် ဖြစ်တဲ့နည်းနဲ့ စီမံပေးလိုက်တယ်။ အကုန်ရောက်ပါစေ။ အကုန်ရပါစေ။ အကုန်ယူနိုင်ပါစေ” တဲ့
ဒါလေးပါပဲ...။
မှူးစိတ်မှာလည်း သူ့လို ပြောချင်စိတ်တော့ အရှိသားကလား..။ ဒါပေမယ့် ကျွန်မကဖြင့် ကဗျာဆရာမ လည်း မဟုတ်ဘူး။ စာရေးဆရာ ဖြစ်လာအောင်လည်း ကြိုးစားဖို့ စိတ်ကူးမရှိဘူး။ ရင်ထဲမွန်းကျပ်လာတွေ ရှိရင် ဗလာစာအုပ်တွေ အပေါ် စာလုံးတွေ အဖြစ် အန်ချလိုက်ရမှ နေသာထိုင်သာရှိတတ်ပါတယ်။
တစ်ခါတရံထက်မကတဲ့ ရည်ရွယ်သူထံ အကြောင်းအမျိုးမျိုးနဲ့ မရောက်ဖြစ်တော့တဲ့၊ သိမ်းထားလို့လည်း လေးလံနေတဲ့ စာတွေကို ကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေ..အလကားရတဲ့ ဒီဘလောဂ့်ပေါ်မှာ လာတင်ထားပြီး၊ စိတ်ကူးခံစားချက်ချင်း တူလို့ အားပေးလာတဲ့ ကမ္ဘာအနှံ့က မိတ်ဆွေများကို ၀မ်းမြောက်စွာ ကြိုဆိုမိပါတယ်။
ဒါကတော့ ဒီပိုစ့်ကို အစချီချင်လိုက်တယ်လို့ ပြောလည်း မမှားပါဘူး။
အရင် တတ်သလောက်၊မှတ်သလောက် ပိုစ့်တွေလိုပဲ.. အခု ဒီပိုစ်လေးရဲ့  ရည်ရွယ်ချက်ကတော့ ဖတ်ဖူးသမျှထဲက မှူးဒါရီ အကြိုက်တစ်ချို့ ကို ဝေမျှပေးဖို့ သက်သက်ပါ။ အဲဒါကြောင့်... အိပ်မပျော်လို့ ပြန်ဖတ်ဖြစ်တဲ့ မောင်လှမျိုး(ချင်းချောင်းခြံ) ရဲ့  မီးပြဇာတ် ကဗျာစာအုပ်ထဲက “နှစ်ခွ” ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။
သူ၏ အမှာစကားလိုပဲ ကောင်းတာမှန်သမျှ စာဖတ်သူများထံ အကုန်ရောက်ပါစေ။ အကုန်ရပါစေ။ အကုန်ယူနိုင်ပါစေလို့......။

“နှစ်ခွ”
မတည်မြဲတဲ့ လောကကြီးလို့
ခဏခဏ တွေးဖြစ်တာပါပဲ။
ဒါပေမယ့်
ချစ်သူ့လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားမိတာ မှားပြီ။

အတော်များများကတော့
သံသရာတွေ လည်မှာ စိုးသတဲ့...
ဒါပေမယ့်
သံသရာအဆက်ဆက်
ချစ်သူနဲ့ ရွှေလက်တွဲချင်တယ်။

ဘုရားသခင်ရဲ့  အမိန့်တော် ပြန်တမ်းများလား
ခန္ဓာအပေါ် တံပိုး တင်ထားပေးတဲ့...၀ဋ်ကြွေး
လေးလိုက်တာ...။

ဝေဒနာတော့ ဝေဒနာပါပဲ
နည်းနည်းတော့ ပြင်းထန်လွန်းတယ်ကွယ်။

ခန္ဓာငါးပါးမကွဲပြားခင်
လောကဓံ လေမုန်းတိုင်းကြောင့်
ချစ်သူနဲ့လည်း ခွဲခွာခဲ့ရပြီ။

ခက်တာက
အနိစ္စ (အမြဲ မရှိ) လို့၊ တွေးမိပါလျက်
သူ့ဓာတ်ပုံလေး....
ကိုယ့်ရဲ့  ရင်ခွင်ပိုက် အယ်လ်ဘမ်လေးထဲမှာ
ရှိနေပြန်သေးတယ်။

ဓာတ်ပုံလေးတွေ ဆွေးမြည့်သွားရင်တောင်
ရင်ထဲမှာ သူ...
ရှိနေပေဦးမယ်။ ဒါပေမယ့်....
မတည်မြဲတဲ့ လောကကြီး...လို့
ခဏခဏ တွေးဖြစ်တာပါပဲ။ ။

2001, May 9
မောင်လှမျိုး (ချင်းချောင်းခြံ)

မှူးဒါရီ ပြန်လည် ခံစားဝေမျှသည်။


1 comment:

mgngal said...

အကုန် ရောက် ရ ယူသွားပါတယ် ။ ကျေးဇူး ။ :)