Wednesday, December 30, 2009

New Year Resolution ~

အကျင့်ဆိုးတွေ ပြင်
အိတ်ပေါက်တွေ ဖာ
အိပ်မက်ဟောင်းတွေ လွှင့်
စိတ်သစ် လူသစ် မဖြစ်လည်း
မဖြစ်ဖြစ်အောင် ကြိုးစား
ရိုးရိုးလေးကျင့်
မြင့်မြင့်ကို ကြံ
ခပ်မှန်မှန် သွားမယ်
နှစ်ထောင့်တစ်ဆယ်မှာ
(ခင်ဗျား ကျွန်တော် သူတို့..အားလုံးအတွက်)
မင်္ဂလာအပေါင်း ခညောင်းစေကြောင်း
ဆုတောင်းပါတယ်....................။

မှူးဒါရီ

Saturday, December 26, 2009

“မကျွမ်းကျင်တဲ့ ဘာသာရပ်”

“မကျွမ်းကျင်တဲ့ ဘာသာရပ်”

မဆင်မခြင် တိုးဝင်လာတဲ့ အမှိုက်တစအတွက်
မျက်လုံးအိမ် မျက်ရည်ကျ သလိုမျိုး

သူ့ အနီးနား ရှိနေချင်တဲ့စိတ်
အလှမ်းဝေးဆဲ ဖြစ်ကြောင်း အမှတ်ရစေတဲ့ အတိတ်နမိတ်...ဖြစ်ဖြစ်နေခဲ့..။

မကြားချင်ယောင်ဆောင်ပြီး
နားစွင့်မိသေးတဲ့ သတင်း တချို့
အမြဲတမ်း နီးပါး၊
ကိုယ်ချင်းစာတရား ဆင်းရဲ လိုက်ပုံ က

ကိုယ့်ရင်ခုန်သံ ကိုယ် ပြန်မကြားဝံ့လောက်အောင် ဆွံ့အ
မျှော်လင့်ချက်တွေမှာလည်း အိုမင်း ရွတ်တွ.......။

တမင် မေ့ပစ်ချင်မှ
ပို တိုက်ဆိုင်တတ်တဲ့ သဘောတခု နဲ့
အပေါင်း အနုတ် အမြှောက် အစား၊
အတွက်အချက် ကိုယ်...ဘယ်လို သတိထားနေခဲ့တောင်

မပိုင်ဆိုင်ရခြင်းသာ လက်ရှိ ပြဿနာ
အဖြေမရှိသော ပုစ္ဆာ နောက်ဆက်တွဲ
အချစ်သင်္ချာ ဘာသာရပ်......................
ခလုတ်ထိတိုင်း
သူ့ နာမည် တတုန်း ဖြစ်တယ်။

မှူးဒါရီ

Thursday, December 10, 2009

“အကယ်၍များ ငါတို့ ပြန်မဆုံဖြစ်ကြရင်”

စိတ်ညစ်လွန်းတဲ့ အခိုက်
ခေါင်းငုံ့ထားပါတယ်
တံတားထိုးတယ် ထင်ရင်
စိတ်ချလက်ချ နှင်းဖြတ် သွားပါ...

နင် ပျော်မယ် ထင်တဲ့ ဟိုတဖက်ဆီ
ဘေးကင်းစွာ ရောက်ပါစေ

ရီဝေနေတဲ့ မျက်ဝန်းအိမ်ဟာ
ခေါင်းအမော့ တချက် အငေး
ရှင်သန်ရပ်တည်ရန် အဓိပ္ပာယ် မပေးစွမ်းနိုင်တော့သလို
ငါ့အပေါ် ဖောက်ထွင်း ကျွံကျ.....

တိမ်လွှာရင်အုံထဲကအိပ်မက် ကိုမှ
ဒီကလည်း တမ်းတသည်လေ


ဝေးသွားခဲ့ကြမယ် ဆိုရင်မျိုး မပြောပါနဲ့.....................


ငါးမျှားချိတ်ဆီ အရောက် ကူးခပ်၊ ငါးကလေးနဲ့ တူတဲ့ ငါက
ဒါမှမဟုတ်
နင့် အမြင့်မြတ်ဆုံး အသည်းအိမ်ကို ချိန်ရွယ်ပစ်ခဲ့တဲ့
သွားကြားထိုးတံလေး တချောင်းနဲ့တူတဲ့ ငါက

မီးလျှံလေးကိုမှ ပိုက်ထွေးယုယဖို့ ချည်းကပ်
မိုက်ရူးရဲဆန်တဲ့ ပိုးဖလံလက်တစုံ ဖြစ်ရလည်း ကျေနပ်မှာ...။

မှူးဒါရီ