Saturday, December 31, 2011

“တမင်ရှောင်ပြေးပုန်းကွယ်နေခဲ့ပါတယ် ”


မျက်ရည် ရှားတယ်
မေတ္တာ ရှာတယ်
မေတ္တာရှာတွေ့တော့
မျက်ရည်တွေပါ ပြန်ရှာတွေ့တယ် ။

အဲ့သည် မိန်းမက
အကြောင်းပြချက်တွေ အများကြီးပေးတယ်
ပခုံးပေါ်ကျနေတဲ့ သူ့ဆံနွယ်ရှည်တွေကို
သူ့ လက်ညိုးလေးနဲ့ အကြောင်းမဲ့ ကစားတယ်
အချစ်ကို ဘုရားလိုကိုးကွယ်တဲ့အကြောင်း
ဝေေ၀ဆာဆာပြောပြီး
တချက်တချက်မှာ
ရှည်လျားတဲ့မျက်တောင်တွေကြားကနေ
ရှက်ကြောက်သလို ခိုးဝှက်ကြည့်တယ်
အဲ့သည်မိန်းမခန္ဓာကိုယ်ထဲမှာ
ပလတ်စတစ်ရည်တွေခေါက်တုံ့ခေါက်ပြန်စီးဆင်းတဲ့
သွေးလွှတ်ကြော သွေးပြန်ကြောတွေရှိတယ်
စိတ်စေညွှန်ရာ လှုပ်ရှားတဲ့
နှုတ်ခမ်းပါးလေးနဲ့
ကိုယ့်ခံစားချက်ကိုယ်နားမလည်တဲ့နေရာမှာ
နှစ်ယောက်မရှိဘူး

စိတ်ချင်း ဝေးသလို
လူချင်းလည်း ဝေးတယ်
လောကမှာ ဘယ်အရာမှ မမြဲကြောင်းပြောမိတိုင်း
ခံတွင်းချဉ်တယ်
သတိသွင်းဖို့ ကြိုးစားတိုင်း
သတ္တိတွေပါ ပါသွားတယ်
ရှေ့ မတိုးဘူး
နောက်မဆုတ်ဘူး
ဘယ်မှလည်း မရောက်ဘူး
ဘာမှလည်း မလိုချင်ဘူး


မှူးဒါရီ

Friday, October 14, 2011

“ပြောလက်စအကြောင်းအရာများနှင့် ဆက်လျဉ်း၍”



များများ သိလာတာနဲ့အမျှ၊ ထင်သလောက်
ဘာမှလည်းအရေးမကြီးဘူးဆိုတာပါ သိလာရတယ် ။
စိတ်ညစ်လာရင် ဂစ်တာတီးတယ်
/စိတ်ညစ်လာရင် ဂစ်တာတီးပါ ။
ရိုးသားနိုင်သလောက်ကို ရိုးသားတယ်
/ရိုးသားနိုင်သလောက်ကို ရိုးသားပါ ။
အိပ်ရာဝင်ခါနီး မေတ္တာပို့တယ်
/အိပ်ရာဝင်ခါနီး မေတ္တာပို့ပါ ။
တချက်ချက်မှာ ငြိမ်ကျသွားတတ်တာလည်း
ကိုယ် ကိုယ်တိုင်တောင် နားမလည်သေးတဲ့
ဖောက်လွဲဖောက်ပြန်နည်းတမျိုးပဲ
ပြီးပြီးရောလည်း ပြောလို့မရဘူး
ပြောပြောပဲလည်း ပြီးလို့မရဘူး ။
နံပါတ်စဉ်တွေရယ် ရယ်မောသံအကျိုးတွေရယ်
ဒါ မပြောကောင်းမဆိုကောင်း လေဟာနယ်ပဲ
အသက်ရှင်နည်းသိလည်း အသက်ရှူလို့မရဘူး
အသက်ရှူနည်းသိလည်း အသက်ရှင်လို့မရဘူး ။။
လူချင်းလည်း မတူတော့
လမ်းချင်းလည်း မတူတော့
မတူတာတွေကို နားလည်ပေးပုံခြင်းတောင် မတူညီကြဘူး ။
အရေပြားအောက်မှာ လူကို ၀ှက်ထားတယ် ။
အပြုံးနောက်မှာ အဖြေကို ၀ှက်ထားတယ် ။
ကယ်တင်ရှင်မျက်နှာဖုံးစွပ်အောက်မှာ စိတ်ကျရောဂါကို ၀ှက်ထားတယ် ။
ဗီဇဆိုတာ ပြုပြင်ပြောင်းလဲခံသလား ။
ဗီဇဆိုတာ ဆံပင်တွေရှည်သလို ရှည်လာတတ်သလား ။
ဗီဇဆိုတာ အကောင်းစားရေမွှေးဆွတ်ပြီး
သားကောင်ရှာတတ်သလား ။
ဗီဇဆိုတာ ကြေးကြီးကြီးပေးရတဲ့ လက်သည်းညှပ်လား ။
ဗီဇဆိုတာ ခေါင်းကြောမာလား ။
ဗီဇဆိုတာ မြေပုံမကျွမ်းတဲ့ မိုးကျရွှေကိုယ်လား ။
ဗီဇဆိုတာ အစွဲအလန်းလား ။
ကိုယ့်ကိုယ်ကိုရော ပြန်မေးမိလား ။
ပေါင်းသင်းဆက်ဆံရေး ၀င်ဆံ့လာတာနဲ့အမျှ
နှလုံးအိမ်က ကျုံ့ကျုံ့သွားတယ်။
ခေတ်အရ လူဖြစ်မြန်ရတယ်ဆိုတာ ကူးစက်ပြန့်ပွားမှုပဲ ။
အခြေအနေအရ ရွေးချယ်စရာကျန်ရှိသေးတာ မင်္ဂလာတစ်ပါးပဲ ။
ချစ်ခြင်းမေတ္တာက ချိုမြိန်ပါတယ် ။
ရိုးမြေကျကလည်း ချိုမြိန်ပါတယ် ။
အနုပညာက ချိုမြိန်ပါတယ် ။
ကတ်ကြေး/စက္ကူ/ကျောက်ခဲ တစ်ကြိမ်မှာတခုပဲရွေးခွင့်ရကြတယ် ။
နှာခေါင်းဝက ၀င်လေ ထွက်လေလေးကို
သတိလွတ်သွားတာနဲ့တပြိုင်နက် သေတာပဲ ။
နှုတ်ခွန်းဆက်သရမှာ ၀န်လေးတယ် ။
နှုတ်ဆက်ထွက်ခွာရမှာကို ၀န်လေးပေးပါ ။
စွန့်လွှတ်ခြင်းကို ပိုင်ဆိုင်ရမှာ ၀န်လေးတယ် ။
ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်လိုက်ရမှာ ၀န်လေးပေးပါ ။
ရပ်တည်ချက်ကို အထင်နဲ့ချည်း ဆုံးဖြတ်ခံရမှာ ၀န်လေးတယ် ။
ရပ်တည်ချက်ကို အထင်နဲ့ချည်း ဆုံးဖြတ်ချက်ချရမှာ ၀န်လေးပေးပါ ။

မှူးဒါရီ

Tuesday, April 5, 2011

”လွမ်းရမှာတွေ များတယ်”

မျှော်လင့်ချက်ကို အားကုန်ပစ်လွှတ်လိုက်တယ်။
သိပ်အဝေးကြီး မရောက်ဘူး။
ဖုန်တောထဲ မြက်ပင်လို ခေါင်းစိုက်နစ်သွားရုံ။
တိမ်တွေ မျက်ရည်ကျမှ သူလို ငါလို ရှင်လိမ့်မယ်
မသိမသာ ကြည့်နေ။

ပြူးတူးပြဲတဲ ပြူးပြူးပြဲပြဲ တွေကမှ မြင်သာထင်သာတယ် ထင်ကြတယ်။
ဒါပေမယ့် ဒါတွေက မမြဲဘူး။ ဘာတွေကမှလည်း မမြဲဘူးရယ်။
တော်ရုံတန်ရုံပဲ ကောင်းပါတယ်။

ညီမလေးရေ... လူဆိုတာ လူလိုနေမှ အဆင်ပြေမှာမို့။
လူတွေအလည်မှာဆိုတော့ လူမြင်သူမြင်ကောင်းဦးမှ။
သဲထဲရေသွန်တာကမှ အကွက်လေးကျန်ဦးမယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။
 ဟာ..ဘယ်လိုကြီးလဲ။
ဖြစ်သလို ဆက်ဆံနေကြတယ်။
အမြီးရှည် ၀ါးလုံးတန်း ချစ်ခြင်းမေတ္တာတွေ။
ဈေးသွားမစစ်နဲ့လေ
တန်ရာတန်ကြေးပဲရမှာပေါ့ ပြောထုတ်လိုက်လိမ့်မယ်
ခေတ်မှီသွားအောင် ခေတ်နဲ့အညီ ပျက်လိုက် ပြင်လိုက်။
အပေါစားလေးတွေ သိပ်ပေါတယ်။
ဝါးလုံးကွဲ ရတက်မအေး။

ရောသောဖောသော
မျောပါရာအရပ်မှာ အိမ်စိုက်မိတော့မလို့ မဟုတ်လား။
အိပ်မက်ထဲက ပခုံးတဖက်ကို အပြင်ဖက်ဆီဆွဲထုတ်လို့မှ မရတာကြီး။
ဖြစ်လေ့ဖြစ်ထတွေပါလို့ စိတ်ပါလက်ပါဖြေကြည့်ပါ။
သူ့ ဆရာပြောတဲ့ စိမ်းစိမ်းမဆိုတာ ကျောင်းဆရာမလေးတွေ တဲ့။
ပေါင်ပြဲမယ့်အကွက်တွေ မလုပ်နဲ့ ဘာညာ။
လွမ်းရမှာတွေ များတယ်။
ကောင်းကင်ဘုံမှာပဲ နေထိုင်ပါ မေမေ။
၇ ရက်နေ့ဆို နောက်ဆံမတင်းပဲ
ရန်ကုန်ကနေ ဆုတ်ခွာသွားလိုက်တော့မလားလို့။


မှူးဒါရီ

Sunday, March 27, 2011

လှန့်တစေ

လှန့်တစေ

အသက်ရှူသွင်းတယ်။
တခုခု ဖြစ်တယ်
အသက်ရှူထုတ်တယ်။
လက်ဖျံရိုးတလျှောက် ကျင်ကနဲ
ရွေ့ လျားမှု ဖြစ်တယ်
ဝါကျတကြောင်းစီတိုင်းထဲသို့ ကျင်ကနဲ။
အသံက စိတ်အခြေနားထိ တိုးတိုးကပ်တယ်
ခြောက်ခြားမှု ဖြစ်တယ်
ရင်ဘတ်က တယ်လီဖုန်းခွက်ထဲထိ တိုးတိုးကပ်တယ်။
ကြောက်တယ်..(တဲ့)
ရယ်ရင်း ရင်နာလာတယ်။
ရင်နာနာနဲ့ ဆက်ရယ်တယ်။
ယုံကြည်မှုက အဓိကကျဆုံး အုတ်မြစ်ပါလို့။
ခင်ဗျားတို့ ကြုံဖူးကြရဲ့ လား။
ဝန်ခံချက်အနီးတ၀ိုက် ဗွက်ပေါက်လို့။
တံခါးခေါက်နေတာလည်း မိုးစက်တွေမှန်းသိရက်နဲ့ ။
ထွက်ခွာချိန်ကို နေ့ရွှေ့ ညရွှေ့။
ကျုပ်မှတ်ကျောက်ကိုက ညံ့ချက်ကွယ်။
မြန်မြန်ပြန်လာခဲ့လို့ မှာမိသေးတယ်။
အခြေအမြစ်မရှိဘူး။
အမှတ်သညာမရှင်ဘူး။


မှူးဒါရီ

Friday, March 4, 2011

“လွတ်နေသည်”

နားလည်တာ တလုံးတလေ .. နဲ့
လိုအပ်မယ်ထင်ရင် အေးစက် လိုက်ပါ
စကားလုံးတွေကိုယ်တိုင်က ငွေ့ငွေ့ အူနေတော့
ပဲ့တင်ထူးသံ ဟယ်လို အလွတ်တွေနဲ့
လေးပင် လွတ်ထွက်နေရပါတယ်

အခါးကို အခါးနဲ့ ဖေါက်လိုက်မိပြီ
အပေါက်တွေတော့ ဖြစ်သွားတာပဲ
ထွက်လို့တော့ မရဘူး
ထွက်လို့မရပေမယ့် ပြန်ဝင် ချင်လို့လည်း မရဘူး
ပြန်မ၀င်ချင်ပေမယ့် ထွက်ခွာ သွား ချင် ပါ ပြီ

စိတ်ရှိသလို ပြောနေတာ 11:31 PM
ဘာမှ မဟုတ်ဘူးတော့ မဟုတ်ဘူး 11:32 PM
၉၉% ဒါမှမဟုတ် ၀.၉၉ % ဖြစ်ရင် လည်းဖြစ်မယ် 11:33 PM
အမှန် ဒါမှမဟုတ် အမှား
စနေ၏ စွေခြင်း စောင်းခြင်း စုတ်တီးစုတ်ပဲ့ လွဲချော်ခြင်းများ
ချစ်ရတာေ-ါက်ဇယားရှုပ်တယ် မောင်......
ခဏခတ္တစောင့်စားပြီးမှ ထပ်မံခေါ်ဆိုပါရန်ချည်းပဲ လက်ခံရရှိနေပါတယ်။


မှူးဒါရီ
 
Who links to my website?