မမြင်နိုင်ပေမယ့်
မျက်လုံးတွေကို မှိတ်ထားတိုင်း…
လေလှိုင်း ခတ်သံကို ကြားနေရ၊
စကားလေး ဖွဖွဆို
နားလည်သလို နဲ့
မင်းကျောခိုင်းထားတဲ့ နေ့ဆီ
ပြန် ရောက်သွားတတ်တယ်၊
ကမ္ဘာကြီး လည်နေတယ်ဆိုတာ
တို့ ခုမှ ယုံတော့တယ်။
ဆုံလာတဲ့ မျက်နှာတိုင်း…ကို
ရင်းနှီးခဲ့ သလို ဖြစ်ခဲပေါ့
မင်းနဲ့ ကျမှ…၊
နှလုံးသား ကွပ်မြူးလို့
သူစိမ်းတွေပိုင်တဲ့ နိုင်ငံတစ်ခုပေါ်
ရွှေစွန်ညို လိုပဲ
ပျံဝဲနေချင်မိရဲ့ကောင်လေးရယ်…။
တို့နှစ်ယောက် အတွက်
မဖြစ်နိုင်ဘူး ဆိုရင်တောင်
အိပ်မက်တွေ မက်တဲ့ချိန်…၊
မင်းဘေးနားကို အပြေးလေးလှမ်းကာ
လာနေတာပါပဲ…
မင်းဘယ်မှာနေတာလဲ
မင်း ဘယ်သူတွေနဲ့ စကားပြောတတ်လဲ
မင်း ကို သူတို့တွေ ဘယ်လို ခေါ်ကြလဲ
သိချင်ရက်နဲ့ နှုတ်ဆိတ်…
ဘာလို့ အထိတ်တလန့် ဖြစ်နေတာလဲ…?
တို့ကိုယ်တိုင် နားမလည်တော့ဘူး။
ယုံပါ…မင်းကို ဖမ်းစားနေတာ မဟုတ်ဘူး
ဒါ ရိုးရိုးသားသား ဗျာများနေတာ
ပြောမိသမျှ အမှားပါရင်လည်း…
မင်းကစ ခွင့်လွှတ်ချင်ရဲ့လား?
အနိုင်လိုချင် ဘုကလန့်နဲ့
တီရှပ်အနက်ရောင်လေးကို ၀တ်ပြီး…
ကျွန်တော်ကတော့ ဒီလိုပဲ ခင်ဗျာ…လို့
ယဉ်ကျေးချင်ယောင် ဆောင်နေအုံးမှာလား?
လူသားပီသ အောင်…
နေတတ်ဖို့က…
လိုအပ်တဲ့အခါ…
တပါးသူကို ယုံမှား သံသယ မ၀င်ပဲ
ချစ်တတ်ဖို့လည်း လိုတယ်လေ။
တို့ မလိမ်ရက်ဘူး…ကောင်လေး
အမှောင်တွေကို မင့်ဘ၀ထဲက ခဏထုတ်…၊
ဘာ အပူသရုပ်မှ မပါပဲ
ခပ်ရဲရဲ လေး လှမ်းခဲ့စမ်းပါ။
မင်းရဲ့ နှလုံးသားကို
ပေးသလောက်သာ တာဝန်ယူရန်
တို့အသင့်ရှိနေတယ်။ ။
မှူးဒါရီ
1 comment:
ပေးနိုင်သလောက်သာ တာဝန်ယူဖို့အသင့်ဆိုပါလား...း)
Post a Comment