Tuesday, September 23, 2008

“အဆင်ပြေကြပါစေ”

မတွယ်တာဖူးဆိုပေမယ့် ခင်ခဲ့တယ်။ စိတ်ထဲကမပါပဲ ခင်လိုက်တာ တစ်ခါမှ မလုပ်ဖူးလို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ခင်မင်မှုကို အသိအမှတ်မပြုနိုင်တဲ့ သူငယ်ချင်းတစ်ယောက်ကို နားလည်နေလိုက်တာပဲ ကောင်းမယ် ထင်ပါတယ်..။

ခုတစ်လော မရောက်ဖြစ်တဲ့ မီးချောင်းတွေ အကုန် ဖြုတ်ထားခဲ့ရတဲ့ အိမ်လေးတစ်လုံးကို ရောက်ဖြစ်ပါတယ်။ အိမ်ရှင်ကပဲ သူ့သဘောကျ မလင်းလက်ချင်တော့တာလား........၊ လင်းလက်ခွင့်များထက် ပိုအဖိုးထိုက်တန်တဲ့ အမွေတွေကို လက်ခံရထားပြီးလို့လား...........၊ ကိုယ့်တံခါးခေါက်သံကို မသိချင်ယောင်ဆောင်နေခဲ့ပါတယ်...။

စိတ်မကောင်းဘူး ပြောဖို့ အခွင့်မရှိတော့လည်း မပြောဘူးပေါ့..။ လူတိုင်းမှာ သူ့ပြဿနာနဲ့ သူရှိနေကြတာကလား..။ ဒါတောင် တစ်ခါတစ်လေ အတွေးထဲ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတတ်သေးတယ်..။ ဘာဖြစ်လို့လဲ?? အဲဒီမေးခွန်းကို မေးချင်လျှက်...အဖြေကို မဲ့ရွဲ့  လက်ခံရမယ့် အခြေအနေကို သဘောမကျတာပဲ ကဲ.........ခါးသက်နေတဲ့ ကော်ဖီတစ်ခွက်ဖော်ပြီး မျှောချပစ်လိုက်တယ်...။

ကိုယ့်ဘက်က စစ်မှန်ကြောင်း....သိပ် ကတိပေး၊ ဖျားယောင်းဆွဲဆောင်နေစရာမှမလိုပဲ...။ ကျောက်ရုပ်တွေတောင် နှဲ့ခံရပေါင်းများရင် ယိုင်လာကြသေးတာပဲ မဟုတ်လား....။ အဲဒါနဲ့ ပဲ အသက်၀၀ရှူ ၊ကိုယ့်လာလမ်းအတိုင်း ကိုယ်ခြေရာကိုယ်နင်းပြီး ပြန်ခဲ့လိုက်ရဲ့ ...။

အဆင်ပြေအောင် နေတတ်တယ်ဆိုတာ သိပေမယ့်....“အဆင်ပြေပါ” ရယ်လို့.... ကိုယ့်ဘက်က ဘာမှ မရောထားတဲ့ အဖြူရောင်သက်သက် နှလုံးသားနဲ့ ဆုတောင်းပေးပါတယ်.........။ တကယ်ဆို ပိုင်ဆိုင်သမျှထဲမှာ အဲဒီ နှလုံးသားကြောင့်ပဲ မကြာခဏနာကျင်ဖြစ်ခဲ့တာကိုလည်း........................................။

နေခဲ့အုံး သူငယ်ချင်း...............။

“တံခါးဖွင့်ထားမယ်”


လက်တစ်ခါခါ ခေါင်းတစ်ခါခါနဲ့
ရှေ့ ကသွားတဲ့သူကလည်း သွားတယ်...
ဟိုဘက်ကိုချောင်း ဒီဘက်ကိုချောင်း
ကုတ်ချောင်းချောင်း နောက်ကလိုက်တဲ့သူကလည်း လိုက်တယ်...
တကယ်တမ်း သူ့နေရာနဲ့  သူ
သူ့ စရိုက်သူ ...
သူ့ယုံကြည်မှု နဲ့ သူ...
ဘေးကကြည့်မိသူ ငါသာ..........မသက်မသာဖြစ်ရတာပါလေ။


မျက်လုံးတစ်ဖက်ပိတ်
နေ့ခင်းကြောင်တောင် အိပ်စက်ခိုင်းခံရတဲ့ ဥပေက္ခာ
နေမသာတဲ့ နေ့ကျမှ
ဖုတ်ဖက် ခါ နေပြမိရတယ်..........ငါ့မှာ


ညဆိုတဲ့ သံသရာ ကို လက်တစ်လုံးလှည့်ဖျားဖို့...၊
မဆင်ခြင်တတ်တဲ့ ပါးစပ်က
တိုက်ခိုက်ရွဲ့ စောင်းမှု တစလယ်နဲ့ စကားတွေ ထွက်ကျမလာဖို့...၊
ကြိုးတော့ ကြိုးစားခဲ့တာပါပဲ......။
အရာမထင်တာက လွဲ ရင်ပေါ့.............။


စနေနေ့ မှာ မျက်တောင့်နီကြီးနဲ့
ခြောက်ကပ်ကပ် အတိတ်ကို ပြန်နှူးမယ့်
သင်ခန်းစာအတုကြီး မလိုချင်ဘူး.......။


သက်ပြင်းတွေက လေတစ်မျိုးပဲဆိုရင်
အနောက် အရပ်က တိမ်ညိုတွေကို
သယ်လာမယ့် မုတ်သုန်လေသာ ဖြစ်စမ်းပါစေ.......။


ကဲ ချလိုက်မိပြီ အဲဒီ သက်ပြင်း
ငွေ့ငွေ့လေး ပူနွေးပြီးရင်
တံခါးဝက အေးချမ်းခြင်းကို ၀င်လာပါ ဖိတ်ခေါ်လှည့်............၊
ရိုးသားတဲ့ နှလုံးသားဖျာတစ်ချပ် ခင်းလှည့်..........၊
လော်ကွတ်မချော်မိအောင် သတိတစ်ချက်နဲ့
ဧည့်သည် ဆိုတာ အချိန်တန်ပြန်မယ့်သူလို့ စာရွက်ဖြူပေါ်
ဘယ်တော့မှ မမေ့အောင် ခုလေးတင် ငါ ချရေးခဲ့
ဒါပေမယ့် အဆင်ပြေရင်တော့ လာလည်ဦးပေါ့ သူငယ်ချင်း................။


အရင်ကလိုပဲ
အမြင်တုတွေကို လှည်းကျင်းထားတယ်....
အိမ်အ၀င်မှာ အဆင့်တန်းမခွဲတဲ့ ကြိုဆိုမှုတွေကို ဆေးသုတ်ထားတယ်...
ခင်မင်ခြင်းတံခါးကိုလည်း နေ့ညမရွေး စေ့ရုံသာစေ့ထားသေးတယ်...
အဆင်ပြေရင်တော့ လာလည်ဦးပေါ့ သူငယ်ချင်း................။


မှူးဒါရီ




No comments: