Thursday, October 16, 2008

“အချိန်မှန်ရွာတဲ့မိုး”


-->
“အချိန်မှန်ရွာတဲ့မိုး”

(၁)
မိုးရာသီရောက်ရင် မိုးရွာမှာ ဓမ္မတာပါ။ မိုးမရွာမှသာ ....။
မိုးစက်တွေ အကြမ်းပတမ်း ခုန်ပေါက်ဆင်းချလာသည်။ သူ့မှာ ဒီနေ့ ထီးမပါပါ။ ထီးတင် မဟုတ်ဘူး...။ သူ့လွယ်နေကျ စစ်စိမ်းရောင် ကျောပိုးအိတ်လေးတောင် မပါခဲ့ဘူး။ ခြေဖ၀ါးနဲ့ ကတ္တရာလမ်းရှရှ ထိတွေ့မှုကလည်း သူ ဖိနပ်တောင် စီးမလာခဲ့ကြောင်း သိနေပြန်သည်။ ဘာကြောင့်မှန်း မသိ...အပြင်ထွက်တိုင်း မပါမဖြစ်ပါခဲ့တဲ့ ချစ်သူ့ အမှတ်တရလက်ဆောင် မိုးစိုခံလက်ပတ်နာရီလေးတောင် ၀တ်မလာမိခဲ့ဘူး။ ဒါကြောင့် ခုနေ ဘယ်အချိန်ရှိပြီလဲ ဆိုတာတောင် သူမသိဘူး။

သူ့နှုတ်ခမ်းတွေ စိုထိုင်းနေသလိုပဲ...။ သူ့ခြေထောက်တွေကလည်း ထိန်းချုပ်မှု ရွေ့ လျားနေသလိုပဲ...။ သူတစ်ကိုယ်လုံးလည်း မိုးတွေရွဲစိုနေမှာပဲ....။ သူ့ချစ်သူသာ သိလို့ကတော့ မကျေမနပ် အပြစ်ဆိုဦးတော့မည်။ ဗျစ်တောက်ဗျစ်တောက် ပြောလျက် ကော်ဖီတစ်ခွက် ဖျော်တိုက်မည်။ နောက်ဒီလို ထပ်လုပ်လို့ကတော့ မချစ်တော့ဘူးလို့ ခြိမ်းခြောက်မည်...။ သူက ကြောက်ချင်ယောင်ဆောင်မည်...။ နောက်နေ့ဆို ထုံးစံအတိုင်း မိုးတွေ ရွာလာလျှင် မိုးရွာထဲမှာ ထွက်လမ်းလျှောက်မည်...။

မိုးရွာထဲ လမ်းလျှောက်ထွက်တတ်တဲ့ အကျင့်ကို ငယ်တုန်းကတည်းက သူ ပိုင်ဆိုင်ခဲ့သည်။ အိမ်သားတွေမှာ မိုးရွာလာလျှင် သူ ပျောက်သွားမှာကို စိုးရိမ်ကြသည်။ မိုးရာသီကို သူချစ်သလောက်၊ သူ့မိဘနှစ်ပါးက မုန်းတီးပုံရသည်။ မိုးကိုချစ်တဲ့ အကျင့်ကြောင့်ပဲ.....ခဏခဏ အသည်းအသန် သူဖျားနာခဲ့ဖူးသည်။ ဆေးရုံးဆေးခန်းမှာ တစ်လတစ်သီတင်း တက်ခဲ့ရဖူးသည်။ သို့သော် မိုးရွာတိုင်း လမ်းထွက်လျှောက်တတ်တဲ့ အကျင့်ကတော့ ပျောက်မသွား....။ ပို၍သာ တိုးလာခဲ့သည်...။

အဲဒီအကျင့်ကြောင့်ပဲ သူ ချစ်သူနဲ့ ဆုံဆည်းခွင့်ရခဲ့သည်။ မိုးရွာထဲ....ကားပျက်ပြီး၊ ကြံရာမရတဲ့အဆုံး အိမ်ကို လမ်းလျှောက်ပြန်ရန် ကားတံခါးဖွင့်ဆင်းလာသော မျက်လုံးတွေထဲမှာ မိုးကို အပြစ်တင်နေတဲ့မနှစ်မြို့  ခြင်းတွေ အပြည့်ပါတယ်...။ ပြီးတော့ ရည်မှန်းရာမရှိ မိုးရွာထဲ လမ်းလျှောက်ထွက်လာတဲ့ ကျနော်ကိုလည်း နားမလည်တဲ့ အကြည့်တွေ ပစ်လွှတ်လိုက်သေးတယ်...။

အဲဒီကစပြီး ကျနော်ကို စိုးရိမ်စိတ်နဲ့ မိုးထဲလေထဲ မသွားဖို့ တားမြစ်တဲ့သူတစ်ယောက် မိုးရွာထဲမှာ ထပ်ကောက်ရခဲ့တယ် ဆိုပါတော့...။

အား သတိရပြီ။
ကျနော် ခု ချစ်သူဆီ သွားနေတာပဲ...။ ခရေပန်းနံ့က နှာခေါင်းထဲ အလိုလို တိုးဝင်လာသည်..။ပိုသေချာသွားပြန်သည်။ ဒီခရေပင်ကို ဖြတ်ပြီးနောက် ၃အိမ်ကျော်ဆိုရင် ချစ်သူ့ အိမ်ကို ရောက်ပြီ။ ချစ်သူဆီက အဖြေကို ပြန်မရခင်ကတည်းက....မိုးရွာသည်၊ မရွာသည်ဖြစ်စေ..ချစ်သူအိမ်ရှေ့ မှာ သွားသွား စောင့်နေတတ်တဲ့ အကျင့်တစ်ခု ထပ်ရခဲ့သည်။ ချစ်သူ့အိမ်လေးက ၂ထပ်အိမ်လေး...။ အောက်ထပ်က ပြတင်းများသည် အတွင်းကို ဖောက်မြင်နိုင်တဲ့ မှန်များတပ်ထားသဖြင့်၊ ချစ်သူကို မြင်ခွင့် ငေးခွင့်ပေးသည်။ တစ်ခါတစ်လေတော့ လိုက်ကာ စိမ်းတွေ ချထားတတ်သည်..။ ထိုအခါမျိုးဆိုလျှင်တော့ ချစ်သူကို မမြင်ရပါ။

မိုးတွေရွာပြီဆိုလျှင်တော့ ချစ်သူကို အပေါ်ထပ် ၀ရံတာမှာ ကော်ဖီခွက်လေး တစ်ခွက်ဖြင့်...အပြင်ကို မေးထောက်ငေးနေတာ မြင်ရတတ်သည်။ တစ်ခါတစ်လေလည်း သီချင်းညည်းနေတတ်သည်။ ကြားရလို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဟစိဟစိဖြစ်နေတဲ့ နှုတ်ခမ်းလေးကို သေချာလိုက်ကြည့်ရင် သိနိုင်တာပဲဗျာ.....။မိုးချစ်ပုံမရတဲ့ ချစ်သူက...မိုးရာသီဆို အပြင်လည်းသိပ်မထွက်ဘူး။

သို့တိုင် မိုးချစ်သည့် ကျနော်က မိုးမချစ်သည့် ချစ်သူကို အရမ်းချစ်မိရသည်။

ချစ်သူကတော့ အရင်ကတည်းက မိုးမချစ်ရသည့်အထဲ၊ သူ့ ချစ်သူ ကျနော့်ကို ဖျားနာစေတတ်တဲ့ မိုးရာသီကိုလည်း နောက်ပိုင်းမှာ ပို မုန်းတီးလာပုံရှိသည်...။

အခုလည်း ချစ်သူ့ အိမ်ရှေ့ ကို သူရောက်ရ ပြန်ပြီ။ မိုးတွေရွာနေတော့ ထင်တဲ့အတိုင်းပဲ လိုက်ကာတွေ အတွင်းကနေ ချထားသည်။

ချစ်သူကလည်း အရင်လိုပဲ....၀ရံတာမှာ မတ်တတ် ရပ်နေတယ်..။ ကျနော် ၀ယ်ပေးထားတဲ့ ဂစ်တာအနက်လေးကို ပိုက်လို့...။ ပြီးတော့....ဟာ..မျက်ရည်တွေလည်း ကျလို့...။နဂိုကမှ သူစိတ်မချမ်းသာတာတွေ့ရင် မနေတတ်တဲ့ ကျနော် မိုးရေတွေထဲကနေတောင် တော်တော် ရင်ပူသွားတယ်...။ လက်ကို ဝှေ့ ယမ်း ပြလိုက်သည်။ ကျနော်အလာကို မျှော်ရင်း လွမ်းနေပြန်ပြီ ထင်ပါရဲ့ ။ ခုတစ်လော ချစ်သူ မျက်နှာညိုနေထာ သတိထားမိတယ်။ ဘာလို့လဲ မေးတိုင်းလည်း အဖြေပြန်မရ။ ခုတစ်လော ကျနော်လည်း ဆေးတွေ အရင်ကထက် ပိုသောက်ရတယ်။

အိမ်မှာလည်း လူတွေ ရှုပ်ရှက်ခက်ပြီး ဘာဖြစ်နေကြမှန်းမသိဘူး။ ဆေးရုံလည်း ခဏခဏ သွားတန်းစီရတယ်။ အားဆေးလည်း သွင်းနေရတယ်။ နေကောင်းနေပါလျက်နဲ့ ဆရာဝန်ကလည်း မျက်စိများလည်လမ်းမှားနေသလားမှတ်ရတယ်..အိမ်ကို ၂ရက်ခြား တစ်ခါ၊ ရောက်လာတတ်တယ်။ အပြင်လည်း ခိုးထွက်လို့ မရတာ ကြာပြီ။ ချစ်သူကို လာမတွေ့ နိုင်လို့ စိတ်ကောက်နေတာ ထင်တယ်...။ချစ်သူရယ် မငိုပါနဲ့....။ ကျနော်လည်း ကြိုးစားနေတာပဲ..။ ခု ကျနော် ရောက်လာပြီလေ...။ဝမ်းသာအားရ လာပြေးကြိုလှည့်လေ..။ ကျနော် ခုန်ပေါက်ပြီး အော်လိုက်တယ်..။ အသံတွေ ကျယ်လောင်မှန်း သေချာပါတယ်..။ ချစ်သူက ခေါင်းတောင် မော့မကြည့်ဘူး။ ဟာကွာ............။ မိုးသံတွေကို ဖုံးလွှမ်းပြီး ကျနော် ကြိုးစားအော်ကြည့်ပြန်တယ်..။

ချစ်သူရေ.............ကိုယ် ဒီမှာလေ...။ ကျနော် အာခေါင်တွေခြစ်ပြီး တစ်ခါပြီး တစ်ခါ...ပြီးနောက်တစ်ခါ......တစ်ခါ...........................။ ချစ်သူက မကြားဘူး။ ကျနော့်ကို အဲလောက်ထိ စိတ်မဆိုးလိုက်ပါနဲ့ ချစ်သူရယ်....။ ချစ်သူ လျစ်လျူ ရှူ့  ခြင်းကို ကျနော် မခံနိုင်မှန်း ချစ်သူသိပါတယ်ကွာ......။

ဟာ......ချစ်သူမော့ကြည့်လိုက်ပြီ။ ကျနော် ဒီမှာ...ဒီမှာ.....။ မြင်သာအောင် ခုန်ပေါက်လိုက်မိတော့ ကျနော် အမြင့်ကြီး မြောက်သွားသလိုပဲ။
ချစ်သူအကြည့်တွေက ကျနော့်ကို ထိုးဖောက်ဖြတ်သန်းသွားသလိုပဲ။ ကျနော့်ကို မမြင်သလိုပဲ။
ချစ်သူကြည့်ရတာ နွမ်းလျ အားငယ်နေသလိုပဲ။
တန်ဖိုးထားတဲ့တစ်စုံတစ်ရာကို ခုလေးတင် ဆုံးရှုံးလိုက်ရသလိုပဲ။
ချစ်သူ့ ကိုယ်ပိန်ပါးပါးလေးက နဂိုကထက် ပိုပါးလွှာဖျောတော့သွားသလိုပဲ...။
အဝေးကြီးမှာပေမယ့် ချစ်သူ့ ငိုရှိုက်သံသဲ့သဲ့ကို ကျနော် အသေအချာ နီးနီးကပ်ကပ် ကြားနေရသလိုပဲ....။
တစ်စတစ်စနဲ့ ကျနော် လက်ပန်းကျလာသလိုပဲ။
ကျနော် ခန္ဓာကြီးက ဖြည်းဖြည်းချင်း ပေါ့ပါးလာသလိုပဲ။
ကျနော် ခေါင်းငုံပြီး ကြည့်လိုက်တော့ ကျနော်ခြေထောက်တွေက မြေကြီးနဲ့မထိဘူး။
အဲဒီခြေထောက်တွေကိုလည်း ကျနော် သေချာ မမြင်ရဘူး။
ကျနော် အကျီ င်္မိုးရေတွေနဲ့ မစိုနေဘူး။
ကျနော့်လက်ဖ၀ါးတွေ ဖြန့်လိုက်တော့ ...ကျနေတဲ့ မိုးစက်တွေဟာ....အဟန့်အတားမဲ့စွာ မြေကြီးဆီ ဆက်လက် ကျဆင်းသွားကြ...။


(၂)
မိုးရာသီဆိုတာ မိုးရွာမှာပဲ။ မိုးမရွာမှသာ.......။

မျက်ရည်တွေ ကျလာပြန်ပြီ။ မိုးကို မုန်းတယ်။ မိုးမရွာပါနဲ့.....။ ငယ်တစ်ယောက် တောင်းပန်လို့ရရင် တောင်းပန်ပစ်လိုက်ချင်ပါတယ်......။ အရင်က မိုးရွာသံထက် ခု မိုးသံက ပိုရက်စက်တယ်။ မိုးစက်တွေက အေးမြကြတယ်တဲ့။ ဟင့်အင်း..............မိုးစက်တွေက အေးစက်တာ....။
နောက်ဘ၀ဆိုတာ ရှိခဲ့ရင်..........မိုးဥတု မရှိတဲ့ ဒေသမှာ သူမ မွေးဖွားလာပါရစေ။
ဒါမှ မဟုတ်လည်း ရွာနေတဲ့မိုးကို ခုချက်ချင်းရပ်တန့်သွားအောင် မန်းပစ်နိုင်တဲ့ ဂါထာတော့ တတ်သားသင့်တယ်..။
သူမ ဘာလို့ အဲ့ဒီလောက်တောင် ကြို မမြင်ရတာလဲ.....။
အဲဒီတုန်းက ဘာလို့ ကားစက်ရပ်သွားရတာလဲ.....။
ဘာလို့ မိုးရေတွေထဲက ခပ်ပိန်ပိန်ကောင်လေးရဲ့  အရောင်တောက်နေတဲ့ မျက်ဝန်းတွေကို ခုံမင်ခဲ့ရတာလဲ...။
သူမ တားမြစ်သံတွေက ဘာလို့ အရာမထင်ခဲ့တာလဲ.....။
နောက်ပြီး........အဆိုးဆုံးက သူမသည် သူ့ကို နောက်ဆုံးအဖြစ် နှုတ်ဆက်ခွင့်တောင်မရလိုက်တာလဲ....။
မိုးသည်းသည်းထဲမှာ သူ့ဝိဥာဉ်များ လာနှုတ်ဆက်ဦးမလားဆိုပြီး သူမ ဂစ်တာလေးကို ပိုက်ပြီး စောင့်နေမိနေတယ်။ မဖြစ်နိုင်ဘူးဆိုတာ သိတယ်။ တစ်ဘ၀ဆီခြားသွားပြီဆိုတာ သိတယ်။ ခဏလောက် ထပ်တွေ့ရမယ်ဆိုရင်လည်း သူမ အရုပ်ကြိုးပျက် ပုံလဲကျသွားမှာ သိတယ်...။ (၇)နှစ်တင်းတင်းတောင် ပြည့်ပြီ။ သူမ ခေါင်းအုံးအောက်က အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံမှန်ဘောင်လေးထဲက ကောင်လေးကို သူမ မေ့ဖို့ မဖြစ်နိုင်သေးဘူး။
မပြည့်တော့တဲ့ ဆုတောင်းတွေလည်း မစွန့်ပစ်နိုင်သေးဘူး။
မိုးရာသီကလည်း အချိန်မှန် ရောက်ချလာတုန်း။
မိုးစက်တို့လည်း ဘာသိဘာသာ ဆက်ရွာနေတုန်း..............................................................။
မိုးကို သူချစ်သလောက် သူမမုန်း၏။

မှူးဒါရီ ခံစားတင်ပြသည်။

1 comment:

mgngal said...

သေ ၊ ကွဲ ၊ မညား ၊ နိုင်ငံခြားသွား ၀တ္ထုတွေရေးတဲ့ မောင်
လှမျိုး နဲ့ နင်လားငါလားပဲ ။ ရေးရေး အသေ အကွဲတွေပဲ
ဆက်ရေးပါဗျိုး ။ :D နောက်တာပါ။
ကောင်းတယ်ဗျ ဖတ်လို့ ။
ကောင်လေးနဲ့ ကောင်မလေး ကို သနားပါတယ်ဗျာ။
ဒါနဲ့ ကောင်လေးက ဘာရောဂါလည်းဗျ။ အဆုတ်လား။ :)