Monday, March 23, 2009

“အကန့်အသတ်မရှိ အနားယူခြင်း”

၁.“ချွင်းချက်”

ခဲရာခဲဆစ်
စနစ်တကျ အုတ်မြစ်ချခဲ့ရတာ...

အနာရင်းနေချိန်လည်း တသသ
အမာရွတ်လေးကိုလည်း တသသ

အချိန်တန် မေ့သွားမယ့် စာရင်းထဲ
“မောင့်“ကို မထည့်နိုင်ဘူး။

မှူးဒါရီ



P,S: ပြောစကား နားမထောင်တဲ့ ညီမကို ခွင့်လွှတ်ပါ ..မကြီးရေ..။


၂.“ကောက်နုတ်ချက်”

လိုနေတာ ကံကောင်းခြင်းတွေ မဟုတ်ဘူး
လိုနေတာ စုပ်သဲ့ သံတွေ မဟုတ်ဘူး
လိုနေတာ အချိန်သမား မဟုတ်ဘူး
လိုနေတာ မျက်လုံးထောင့်က အရည်တွေ မဟုတ်ဘူး

လိုနေတာ မလိုအပ်ဘူး ထင်ခဲ့တဲ့ အလိုအပ်ဆုံးကို....ပါ။


နာကျင်စေလိုတဲ့ စိတ်နဲ့ ကဗျာမရေးဘူး
နာကျင်နေတဲ့ စိတ်က ရေးတာ..၊
သတိတရဖြစ်နေပါစေလို့ ကဗျာမရေးဘူး
သတိတရ ဖြစ်လာတဲ့ စိတ်က ရေးတာ..၊
နောင်တရပါစေဆိုတဲ့ စိတ်နဲ့ ကဗျာမရေးဘူး
နောင်တနဲ့မွန်းကျပ်နေရင်းက ရေးတာ..၊
ပြန်ချစ်လာပါစေ ဆိုတဲ့ စိတ်နဲ့ မရေးဘူး
ချစ်ခဲ့ဖူးတဲ့စိတ်က ရေးတာ..၊
ချစ်နေဦးမှာပဲ ဆိုပြီးရေးတာ..၊
ချစ်နေရုံ လုံလောက်တယ် ဆိုတဲ့ သတ္တိ နဲ့ ရေးတာ..၊

လေးနက်ခြင်းဟာ
သူ့စံနှုံးထား ရေခဲ မှတ်က မတတ်သာခဲ့ဘူး သိတယ်
ကိုယ်ခြွေချခဲ့တဲ့ လေးနက်ခြင်းက
ရေဆူချိန်မှတ် ၁၀၀ ဒီဂရီ အထက်မှာ ရှိတယ် သိတယ်
ပြန်လည် ကောက်ယူမစားသုံးပါနဲ့
ပြန်လည် ကောက်ယူစားသုံးပါ
မေတ္တာ ရောင်ပြန် ဟပ် တဲ့ အတိုင်း အသုံးတော်ခံဖို့
အသင့်ပြင်ထားပြီးသားး...။

ဝန်ခံချက်တွေ နေ့ရှိသရွေ့ များလာပြီ
ခံနိုင်ရည်များ ညရှိသရွေ့  ပါးလျပြီ
ဘယ်သူက နားလည်မှာလဲ
ဘယ်သူ့ ကိုမှ မပြောပြတော့ဘူး
သူကတောင် နားမလည် ခဲ့တာ..
ဘယ်သူတွေက နားလည်မှာလဲ...................................။

ပွဲပြီးရင် မီးသေရစမြဲ တဲ့။

မှူးဒါရီ


၃.“ကိုယ့်မြစ်ကျိုးအင်း”

အချိန်မှန် လွမ်းတာကို
အချိန်က ကုလိမ့်မတဲ့

သန်းခေါင်ထိုးသံ ဒေါင်ဒင်ဆိုရင်
အသည်းအိမ်ရှေ့ မှာ ခွက်တခွက်နဲ့
အလွမ်းကို လာ ရပ် အလှူ ခံ နေကြ
ချစ်ခြင်းလက်ပါးစေကြီး ရှိတယ်လေ
အချိန်နဲ့ကု လို့ အရှင်း မပျောက်သေးခင်
နှလုံးသား တအုံဦး လောင်း လှူ လိုက်မိမှာစိုးတယ်..။

ဝေးခဲ့ကြရင်လည်း
ဆက်ချစ်ဦးမယ် ဆိုတဲ့ကတိ...ပေးဖူးတယ်
သေဆုံးခြင်းနောက်...
ကောင်းကင်ယံထက် အငွေ့ ပျံတန်း ဖြစ်သည်အထိ
တည်မြဲစေမယ့်အကြောင်းးး
ချစ်သူ့ နား အရောက၊် အပါးတော်သွင်းပေးမယ့် လေပြည်ကိုကျ
ကြို မရှာ ထားမိဘူး..
ကိုယ် ဆုတောင်းကောင်းတယ် ထင် လိုက် တာ..။

ဆူးခြုံ ကြား တိုးဝင်ခဲ့တဲ့ သမင်လို
အတောင်၂၀ထက် ရှည်လျားတဲ့ ဂျို ကို
ဖြုတ်ထား ခဲ့သင့်ပါရက်..................
အရေးကြုံတော့ ကိုယ်လွတ် မရုန်းနိုင်တော့ဘူး
ငြိမ်သက် တွေဝေ... ကိုယ့်ဇီဝိန် ချုပ်မယ့် မုဆိုးကိုမှ မင်ခဲ့တာ..။

ဝဲ ရင် အုံကို သေချာ ချိန်ထားတဲ့ အဆိပ်လူးမြှား ကိုမှ
လို ချင် ခဲ့တာ...။

အဖန်တလဲလဲ နာကျင်စေမှုကို ထွေးပွေ့ နှစ်သိမ့်ရင်း
ကိုယ့်ကားစင် ကိုယ် ထူ လိုက်တာ...။

ဒါပေမယ့်ကွာတွေ များပေမယ့်လည်း
ထပ်သုံးရဦးမယ်
ဒါပေမယ့်ကွာ...
မြစ်ထဲ ပစ်ချ ခံလိုက်ရတဲ့ ခဲလုံးတလုံးလို
ချစ်သူ့ မာယာ ကျယ်ကြီးထဲမှာ.................
ကိုယ့် အလေးချိန်နဲ့ကိုယ် စုံးစုံးမြုပ် သွားတာတောင်
ချစ် နေသေးတယ်။

ခြားနားခြင်းတွေများတယ်
ချုပ်ချယ် မှုတွေများတယ်
အပတ်တကုန် ကြိုးစားဆောက်တဲ့ သဲအိမ်လေးမှန်း
ချစ်ရယ် မင်းလက်လေးတဖက် လည်း သိပါတယ်.........................
ဒီရေအတက်မှာ ရုပ်ပျက်ဆင်းပျက် ပြိုပျက်သွားတာ ထိုင်ကြည့်ပြီး
ချစ်သူထားခဲ့တဲ့ ညက
မြစ် ကျိုး အင်း လေး (
တကယ်) ကိုယ် ဖြစ်သွားပါပြီ..။

မှူးဒါရီ


၎.“စောဒက”

သက်တမ်းအစိတ် ရှိတဲ့
နှစ်ကြီးဆေးလိပ်သမားလိုမျိုး...
နင် ပေးလာမယ့် အချစ်အပေါ်
ရာသီ မရွေး ငါ့ချဉ်ခြင်း ပြင်းထန်နေတယ်။

ခွင့်လွှတ်ပါ ဆိုတာကြီးကို
ခွင့်လွှတ်ပြီး ငါ နားလည် တတ်ခဲ့ရင်
အဖတ်မဆယ်နိုင်အောင် အခြေအနေ ဆိုးရွားခဲ့မှာ မဟုတ်ဘူး
နဂိုကမှ မိုင်းပေါင်းကုဋေ ခြားနားတဲ့အထဲ
ရှိမဲ့စုမဲ့အောက်ဆီဂျင်ကို ဖဲ့ရောင်းစား မိတဲ့ ငါ ရော
နံရိုးနဲ့ နှလုံးအိမ်ကြားက လေဟာနယ်ကို
လေလံ ဆွဲပစ်တဲ့ နင်ရော

အတ္တ ကိုယ်စီ ကိုယ်ငှ လက်သပ်မွေးပြီး
အပ်ပေါက်ရာသေးသေးလေးပါရင်တောင်
မဖောင်းကြွနိုင်တဲ့ အချစ် ကို
ဒေါသ ရှိတိုင်း ဆုတ်ဖြဲ ပစ်လိုက်ကြတာလေ...............

ဆုတ်လည်းစူး စားလည်းမရူး ပဲ ဘယ်ရှိမလဲ။

နောက်မဆုတ်ပေးနိုင်ဖူးလို့
ခုနေ ထ ကန့်ကွက်ရင်၊
နောက်ကျ ပြီလား၊ နောက်မကျသေးဖူးလား
တရားသူကြီး နေရာက နင် ဆုံးဖြတ်ပါဦး
နင့်လက်ကိုတွဲ နင့်အားကိုးနဲ့
လောကဓံကို
တချီတမောင်း အားပြိုင် လှဲ ချင်သေးတာ...မောင်။

အခွံမာအောက်က အရိုးမပါတဲ့ အကောင်လေ
နင့်လောက် စိတ်ဓာတ် မခိုင်ခံ့ဘူး
မပြတ်သားနိုင်ဘူး...
ချစ်တာခြင်း ယှဉ်ရင် ရေပြင်ညီ ဆိုပေမယ့်
အချစ်ကို ခံယူပုံ ကွဲလို့.......................
လွဲခဲ့ကြတာ မဟုတ်လား........................

နင်ပြန်လာပေးမယ်ဆိုရင်
ဒီတခါ မြင်းကောင်ရေ တသိန်း အားနဲ့
(ကတိပေးတယ်ဟာ..........)
လွှတ် ငါ ချစ်ပြမယ်။

မှူးဒါရီ


၅.“ရင်ဘတ်နဲ့ ရေးသည်”

တေမိ နှုတ်ခမ်းပေါ်မှာ
အပြုံးကို လာဆင်ပေးကတည်းက
ထာဝရ အတွက် မဟုတ်ဘူးလို့
အသိပေးခဲ့ရင်
............
အစွဲအလမ်းတွေ လျှော့ပြီး သတိနဲ့ နေမိမှာပါ...။

ဗလောင်ဆူနေပါပြီ အချစ်ရယ်..................
ကူးလက်စ လက်အစုံကို ဖြေလျော့
ရှိုက်သံသော့သော့ လေးမှာ
အချစ် ကြမ်းခင်းထိ အနယ်ကျသွား............
“ဖြစ်သလိုပေါ့ကွာ” ဆိုပြီး
တကယ်တမ်းကျ
အပြောနဲ့ လက်တွေ့ ကွာဟ လိုက်ပုံများ
စာလုံးတောင် ပေါင်း မပြ တတ်တော့ဘူးးးးးးးးးးးး။

ဖုန်းကို ပိတ်လိုက်တယ်
အသံချဲ့ စက် ကို ပိတ်လိုက်တယ်
မိုက်ကရိုဖုန်းကို ပိတ်လိုက်တယ်
ဆက်သွယ်ရေး ကိရိယာ မှန်သမျှ ပိတ်လိုက်တယ်
အသည်းနှလုံးကိုပါ ပိတ်လိုက်တယ်

သိပ် တိတ်ဆိတ်သွားတာကိုးးးးးးးးး
မင်း ထားခဲ့တဲ့ ညကမှ
ကစားပွဲ မှန်း သိခွင့် ရ လိုက် သူလေ
ရှူံး နိမ့်ခြင်းကို ရင်ဘတ် နဲ့ အလဲအကွဲ ထိန်းလိုက်ရ
မ မခံစားနိုင်ဘူး.......................။

မှူးဒါရီ


၆.“အချစ်ဆုံး”

ပြန်လည် နွေးထွေးလာနိုင်စရာမရှိတဲ့ လက်တစ်စုံအတွက်
ကဗျာ ဆိုတဲ့ ထုံဆေး ကိုပဲ
ဝဋ်ကြွေးလို သုံးပစ်ရတော့မှာ...........................။

လွှင့်မပစ်ရက်ဘူး..........
ဘာမှ မကျန်ရစ်တောင်မှ ဗလာရက်စွဲ
အာပလာ အညာအနမ်းတွေက အစ လွှင့်မပစ်ဘူး။

အသည်းနုကို သံကြိုးခတ်
ဥုံ မန်း ပြီး ဖွက် လိုက် ပါ ပြီ.....
ရှက်မျက်နှာ ဖုန်းကွယ်
သူ့ ရင်ဆီ တိုးဝင်ရန် အကြံလည်း ဖျက်လိုက်ပါ သည်.......
သို့သော်.......

မေ့ကား မမေ့.........................။

မှူးဒါရီ

5 comments:

အောင်သာငယ် said...

ဘယ်လို ဖြစ်လဲ ငါ့ညီမရေ့...
ဘလော့ကို တော့ လုံးဝ မပိတ်ပါနဲ့လေ... ပြန်လာချင်တဲ့ အချိန်မှ ပြန်လာပေါ့... ဒဏ်ရာတွေကတော့ အချိန်ကာလတခု ယူလိုက်ရင် ပျောက်သွားမှာပါလို့ မျှော်လင့်ပါတယ်...
ဘာပဲဖြစ်ဖြစ် အစစ အရာရာ အဆင်ပြေပါစေလို့ ဆုမွန်တောင်းပေးပါတယ်...

ဆောင်းယွန်းလ said...

နာကျင်စေလိုတဲ့ စိတ်နဲ့ ကဗျာမရေးဘူး
နာကျင်နေတဲ့ စိတ်က ရေးတာ..၊
သတိတရဖြစ်နေပါစေလို့ ကဗျာမရေးဘူး
သတိတရ ဖြစ်လာတဲ့ စိတ်က ရေးတာ..၊
နောင်တရပါစေဆိုတဲ့ စိတ်နဲ့ ကဗျာမရေးဘူး
နောင်တနဲ့မွန်းကျပ်နေရင်းက ရေးတာ..၊
ပြန်ချစ်လာပါစေ ဆိုတဲ့ စိတ်နဲ့ မရေးဘူး
ချစ်ခဲ့ဖူးတဲ့စိတ်က ရေးတာ..၊
ချစ်နေဦးမှာပဲ ဆိုပြီးရေးတာ..၊
ချစ်နေရုံ လုံလောက်တယ် ဆိုတဲ့ သတ္တိ နဲ့ ရေးတာ..၊

အတွေးနဲ့ ခံစားပြီးရေးထားတဲ့ အရေးအသားလေးတွေထင်တယ်..ကောင်းတယ်ညီမရေ..

ခင်မင်လျှက်

ပြည့်စုံ said...

မှူးဒါရီ....

ပူပင်သောကတွေ အမြန်ဆုံးရှင်းရှင်း ပျောက်ပါစေလို့ ဆုတောင်းပါတယ်...

ကျနော့်ဆန္ဒကတော့ မပိတ်စေချင်ဘူးဗျာ....

အခုလို ရင်ဖွင့်လို့ရတာပဲလေ...
နည်းနည်းပေါ့သွားမှာပေါ့...
မြိုသိပ်ထားရင်ပိုဆိုးတာပေါ့....

အင်းလေ..

စိတ်ချမ်းသာမယ်ဆိုရင်လည်း....
သဘောပါ...

အပြုံးတွေနဲ့ ပြန်လာမဲ့ရက်ကို မျှော်နေမယ်...

နေ့သစ်တွေ လှပနိုင်ပါစေလို့

ရွှန်းမီ said...

ပြန်ရေးဖြစ်မယ့် စာတွေ ကဗျာတွေကို မျှော်နေမယ် အစ်မ..
ဆက်ဆက်ပြန်လာပါ..

တင့်ထူးရွှေ said...

၎.စောဒက
အကြိုက်ဆုံးပဲ ။