Tuesday, June 9, 2009

“တိုင်တည်ခြင်း၂”


နာကျည်းလိုက် ပြောကြတာကိုလည်း
ခေါင်းညိတ် ခဲ့တယ်
မေ့ပစ်လိုက် ပြောကြတာကိုလည်း
ခေါင်းညိတ် ခဲ့တယ်
“နှုတ်ဆက်ပါတယ် စိတ်မကောင်းပါဘူး”ပြောတာကိုတောင်
တားမြစ်ဖို့ မကြိုးစားမိတော့
သတိရစရာလား ပြောကြတာကိုလည်း
ခေါင်းညိတ် ခဲ့တယ်

ထုံထုံထေးထေး
ငမိုက်မဲလေးပါပဲ ...မေမေ
အရာရာ အဆင်ပြေပါတယ်ဆိုတာ သမီး ညာတာလေ
အချစ်ရေးအချစ်ရာကတော့... မွေးရာပါ ၀ဋ်နာကံနာ ထင်ပါရဲ့ 

အချစ်ပိုး တက်တော့ ကဗျာတွေပဲ ပြေးပြေးဖတ်မိပြန်တယ်
ကဗျာထဲမှာ ဖြေဆေးရှာတာပါ
တချို့  ကလည်း မျှော်လင့်ခြင်း ရိက္ခာ အပြည့်နဲ့
တချို့  ကလည်း တွေဝေရင်း လမ်းခုလတ်မှာ ရပ်
တချို့  ကလည်း ကဗျာကိုက ဖြေဆေးတဲ့
မီးတောက်တွေ ပတ်ချာလည် ၀န်းရံ နေပါရက်
အလင်းရောင်ကို မမြင်ရတာလည်း
အမြစ်မပျက်တဲ့ ကံကြမ္မာဆိုး ပါပဲ
အနာရှိန်နဲ့ နာကျင်နေပြန်ပြီ

အချိန်က အကောင်းဆုံးသမားတော် ပြောကြတာကိုလည်း
ခေါင်းညိတ် ရတယ်
လွမ်းလောက်စရာလားဟယ် ပြောကြတာကိုလည်း
ခေါင်းညိတ် ရတယ်
“ဒီတိုင်းလေးပဲ နေတာ ကောင်းပါတယ်” ပြောတာကိုတောင်
မငြင်းဆိုနိုင်ခဲ့တော့
စိတ်လျှော့လိုက်ပါတော့ကွာ ပြောကြတာကိုလည်း
မှင်သေသေ ခေါင်းညိတ်ရဦး မယ်

ရူးလောက်တဲ့ မျှားစာ ပါကွယ်
ကွယ်ကာ ၀ှက်ကာ မြိန်ကာ ရှက်ကာ
ကြည်နှူးဖူးတဲ့ တူနှစ်ကိုယ် အိပ်မက်တွေကို
မဖြစ်သင့်ဘူး ဖြစ်သင့်တယ်တွေ နဲ့
စည်းနံရံ ခတ်၊ နယ်ကျော်ကြေး တပ် ဖို့ ထက်
မီးပုံပျံလေး လိုပဲ
ကောင်းကင် အဆုံးထိ
မျက်စိတဆုံး ထိုးတက်သွားစေချင်တဲ့ ဆန္ဒ သာ ရှိခဲ့တယ်

မျက်ရည် တွေကိုလေ
ခုလောလောဆယ် ခေါင်းထဲမှာ ၀ှက်ထား
သက်သေ ပြပါဆိုရင်လေ
မာယာ တွေကို အစားထိုး ငိုချ...............
မှန်ရာကို ကျိန်ဆိုပြခဲ့တာ၊ သူကမှ မယုံပဲ
သူနဲ့ကျမှ ချစ်တတ်သွားခဲ့တာပါ........မေမေ

မှူးဒါရီ

4 comments:

နွေညို said...

ထပ်တူထပ်မျှခံစားမိပါတယ် အစ်မ . . .

ဆောင်းယွန်းလ said...

မျက်ရည် တွေကိုလေ
ခုလောလောဆယ် ခေါင်းထဲမှာ ၀ှက်ထား
သက်သေ ပြပါဆိုရင်လေ
မာယာ တွေကို အစားထိုး ငိုချ...............
မှန်ရာကို ကျိန်ဆိုပြခဲ့တာ၊ သူကမှ မယုံပဲ
သူနဲ့ကျမှ ချစ်တတ်သွားခဲ့တာပါ........မေမေ

သူယုံနိုင်ပါစေလို့.ဆုတောင်းပေးပါတယ်ညီမရေ

ရွှင်လန်းချမ်းမြေ့နိုင်ပါစေ

အိုင်လွယ်ပန် said...

ရူးလောက်တဲ့ မျှားစာ ပါကွယ်
ကွယ်ကာ ၀ှက်ကာ မြိန်ကာ ရှက်ကာ
ကြည်နှူးဖူးတဲ့ တူနှစ်ကိုယ် အိပ်မက်တွေကို
မဖြစ်သင့်ဘူး ဖြစ်သင့်တယ်တွေ နဲ့
စည်းနံရံ ခတ်၊ နယ်ကျော်ကြေး တပ် ဖို့ ထက်
မီးပုံပျံလေး လိုပဲ
ကောင်းကင် အဆုံးထိ
မျက်စိတဆုံး ထိုးတက်သွားစေချင်တဲ့ ဆန္ဒ သာ
ရှိခဲ့တယ်

အဲဒီအပိုဒ်လေးကြိုက်တယ်ဗျာ ...

EI CHAW said...

ကြိုက်တယ်အစ်မ