Saturday, July 4, 2009

ဝင်ကစွပ်


ပွင့်အန်မကျနိုင်တဲ့ သိပ်သည်းမှု
အစိုင်အခဲတခု ဖြစ်နေတာလည်း...

လက်ညိုးကို ကွေး ဆုပ် ထား
ဘယ်သူက စင်းလုံးချော လို့လဲ...........................။

သမာသမတ်ကျ ကြောင်း
ဆိုင်းဘုတ်ထောင်ပြရတဲ့ ခေတ်...
အခြေအမြစ်မရှိတာတွေ
အရောင်းတွင်ကျယ် နေတဲ့ ခေတ်...
မဟုတ်မမှန်တရား တွေ
ယင်တလောင်းလောင်း ပုတ်ဟောင်နေတဲ့ ခေတ်...
အဖြစ်ထက် အပျက် ပို နေတဲ့ ခေတ်မှာ
မိုးခါးသောက်တဲ့ အကျင့်လောက်တော့ စကားထဲ ထည့် မပြောကြေး တဲ့လား
ခေတ်နဲ့အမှီ.. ငါလည်း
နားယောင် တတ်ချင်တာပေါ့ သူငယ်ချင်းးး...
ဒါကြောင့် လေထု သယ်လာတဲ့ အတင်းအဖျဉ်းတွေအတွက်
နား ဂွမ်းဆို့ ထား လိုက် တာ...
မွန်မြတ် လွန်းလှ လို့တော့ မဟုတ်ဘူး ရယ်

တိုက်စားမှု လမ်းစဉ်တလျောက်မှာ
ရင့်ကျက်ခြင်း နဲ့ အရိုးခံ စိတ်
ပြောင်းပြန်အချိုးကျ ပွန်းပဲ့ ကြလည်း...

လျှာဖျားလေးကို လိပ်သိမ်းထား၊
ရန်သူ ကို မဖိတ်ခေါ် အား ပါ ဘူး ကွယ်
ငါ့အခွံနဲ့ ငါခန္ဓာ...ကွက်တိ ကျနေတာရင် ပြီးရောပဲ
..................။

မှူးဒါရီ

3 comments:

ဖုန်းမြင့် said...

ငါ့အခွံနဲ့ ငါခန္ဓာ...ကွက်တိ ကျနေတာရင် ပြီးရောပဲ



ကျနော်တို့...လိပ်တွေလို
ခေါင်းတွေ ဝှက်ထားကြည့်လိုက်ရအောင်......။

ကြယ်ပြာ said...

ဒီကဗျာလေးလဲ မိုက်တယ် ...

ဒီဝိုင်း said...

သမာသမတ်ကျ ကြောင်း
ဆိုင်းဘုတ်ထောင်ပြရတဲ့ ခေတ်...
အခြေအမြစ်မရှိတာတွေ
အရောင်းတွင်ကျယ် နေတဲ့ ခေတ်...

တတ်သလောက်မှတ်သလောက်နဲ့ ပြောရရင်...
အဲဒီအပိုဒ်လေး ကြိုက်တယ်..