Thursday, July 16, 2009

”ခေါင်းတွဲလေး...”


ရာသီဥတုက ဆိုးဝါး လာတော့မယ်။ စနေထောင့်မှာ လိမ္မော်ရောင်သန်းနေတဲ့ ရောင်ခြည်လှိုင်းတွေ ပိုမို တောက်ပလာပြီ။ ဟိုနားဒီနား ဟိုတကွက်ဒီတကွက် ၀ါဂွမ်းစတွေလို၊ သဏ္ဍာန်မျိုးမျိုး နဲ့ အိမ်ဖွဲ့နေတဲ့ တိမ်တွေကလည်း၊ အခါမလတ် ပြာခဲ့ဖူးတဲ့ ကောင်းကင်ကြီး ရှိနေသေးကြောင်းကို မေ့သွားအောင် ကြီးစိုးပြနေကြတယ်။

ကျွန်တော်......ဘယ်နှစ်နာရီ ရှိပြီလဲ ခင်ဗျာ..
မေးသာမေးလိုက်ရတယ်။ ဘယ်သူ့ မှ ပြန်မဖြေမှာကို သိပြီးသားရယ်..။ ထွက်ခွာဖို့ အချိန်နီးလာပြီဆိုတာကို အချိန်မှန် စည်းချက်တေးသံတွေ ထုတ်လွှင့်လေ့ရှိတဲ့ မြို့တော်တိုင်ကပ်နာရီကြီးက၊ ဒီတခါ၊ မအော်မြည်ပါဘူး။ မေးသာမေးလိုက်ရတယ်... ထွက်ခွာဖို့ အချိန်နီးလာပြီဆိုတာကို အလိုလို သိနေခဲ့...။

ကျွန်တော်...... မသွားလို့ မရဘူးလား ခင်ဗျာ..
အသံတွေက ကွဲအက်နှင့် တယ်။ အဖြစ်သဘောမျိုး...၊ နောက်ဆုံးသဘောမျိုး...နဲ့ ကိုယ့်မျှော်လင့်ချက် ကို မေးလိုက်တာပါ။ တိုးတိတ်လွန်းလှတယ်...(ပြီးတော့) မေးခွန်းအဆုံးမှာ နှစ်သိမ့်တဲ့သဘောမျိုးနဲ့ သူလေးက ကြေကွဲချင်ယောင်ဆောင်ပြမယ်ဦးမယ် ဆိုတာလည်း သိနေတယ်။ လက်ဝဲ လက်မောင်းပေါ်မှာ၊ ချစ်ခြင်းအားဖြင့် ရိုက်နှိပ်ထားခဲ့တဲ့ ဖောင်းကြွအက္ခရာလေးတခု၊ ကျနော် အသာစောင်းငဲ့လိုက်ပြီး.......၊ လေပွေတွေ သယ်ယူသွား ခံရတဲ့ မြက်ပင်လေးလို၊ လေငြိမ်မယ့်တနေ့အထိ ဆက်လက် မျောလွင့်ခဲ့...။

လေညှင်းလေး ဖြတ်ပြေးသွားတယ်။ ကျွန်တော့်နဘေးက ထင်ရှူးပင်နိမ့်တို့ ရဲ့  သစ်ရွက်ချင်းရိုက်ခတ်သံတွေ တရှဲရှဲ မြည်သွားခဲ့တယ်။ မုန်တိုင်းအလာကို မျှော်ကြောက်ပြီး၊ သစ်ရွက်တွေနောက်မှာ (စောနကအထိ) ပုန်းအောင်းနေတဲ့ ငှက်ငယ်ပေါင်းများစွာဟာလည်း.... သူတို့ ရဲ့ အတောင်ပံတွေကို ရုတ်ရုတ် ခတ်လို့... ၊ မျက်စိပျက်မျက်နှာပျက် ပျံသန်းသွားလိုက်တာ၊ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို လှုပ်နိုးလိုက်သလို ဖြစ်သွားတယ်။ အိပ်စက်နေတဲ့ ကျနော့် ဆားပွင့်လေးကို တွန်းတိုက်လိုက်သလို ဖြစ်သွားတယ်။ ဒီချိန်မှာပဲ ပင်လယ်အတုလေးက မီးဝါလေး ပွင့်လာခဲ့တယ် ထင်ပါရဲ့ .........။

ကျွန်တော်.......သစ်ပင်တပင်ပါ ခင်ဗျာ...
သစ်ပင်တွေရဲ့ ရယ်သံတွေ မိုးယံထိ ပဲ့ထင်သွားခဲ့တယ်။ ရယ်ကြပါဗျာ..။စိတ်ကွက်စရာ အကောင်းဆုံး ဟာသပျက်လုံး လေး ဖြစ်မှန်း ကျနော်လည်း သိပါတယ်။ တကယ့်တကယ်မှာ အဲ့ဒီ ပျက်လုံးလေးဟာ ကျနော် အလိုအပ်ဆုံး ဆုတောင်းလည်း ဖြစ်သေးတယ်လေ။ သူလေးရဲ့ အပါးကနေ မထွက်ခွာရအောင်၊ ကုတ်တွယ်ထားချင်ပေမယ့်... လေဖြည့်ထားတဲ့ ဘူဘောင်းအရုပ်လို၊ ကျနော်ဟာ လေသွေးရာ လွင့်လွင့်လူးနေခဲ့တာ...။

ကျွန်တော်.......ထာဝရ ကြေကွဲဆွေးမြည့် နေတော့မှာ...
ဒါ ကျနော့်ရင်ခေါင်းထဲက လျှံကျလာတဲ့ စည်သံပါ။ နှုတ်ခမ်းဖျား နဲ့ ပြောတယ် ထင်မှာစိုးလို့........ပြန်မြို ချလိုက်မိတယ်။ လှိုက်ကနဲ နင့်သွားတဲ့ နှလုံးသားဟာ မသိမသာလေး ထပ်မံ ပြတ်ရွေ့လို့....။
ကျနော်လို ကောင်တွေပေါ့.. ငိုချမိတယ် ဆိုရင်တောင် မျက်ရည်တွေက မျက်လုံးအိမ်ရှေ့ မှာတင် မီးခိုးငွေ့တွေ ဖြစ်ဖြစ်သွားတာ မှလား..။ ကျနော် သွားရမယ့် ခရီးကို ကျနော်မမွေးဖွားခင်ကတည်းက သတ်မှတ်ပြီးသား ဖြစ်ခဲ့တယ်။ ကျနော်ခြေကုတ်ရထားတဲ့ အထီးကျန် လမ်းကျဉ်းပေါ်ကနေ သွေဖယ်ဖို့..........သံလိုက်တုံးလေးနဲ့ တူတဲ့ အချစ်ကို အမြဲ တောင့်တ ခဲ့ရဖူးပါရဲ့ ။
ကံကြမ္မာငင်လွန်းတော့လည်းး.......... ဆုံတွေ့ခွင့် ရခဲ့ပြီးးမှ..၊ သူလေးက ကျနော့် ဘ၀စာ၊ ပင်လယ်တုလေး..၊ခရီးတထောက်သာ ရပ်နား မျှော်ကြည့်ခဲ့ရပြီး၊ ဘယ်သောအခါမှ ချိတ်ဆွဲသိမ်းဆည်းထားခွင့်မရတဲ့ သဘာဝ ပန်းချီကားလေး...၊ခြေတလုံးအိမ်တိုင်သမားတယောက်အတွက်၊ နောက်တခေါက် ပြန်မရောက်နိုင်တော့တဲ့.........တံတားပြတ်လေးနဲ့ ဆက်သွယ်ထားခဲ့ဖူးတဲ့၊ ချောက်ကမ်းပါး ရဲ့ ဟိုဖက်ကမ်း...ဖြစ်နေတယ်။

အမှောင်လာခဲ့ပြီ။ မဖွင့်ချင်ပေမယ့် ကျနော့် မျက်လုံးတွေကို လင်းလက်ခွင့်ပေးရတယ်။ လူသံတွေက ဟိုတစဒီတစနဲ့.... ဆူညံပွက်လောရိုက်လာတယ်။ထွက်ခွာရန် အချိန်နီးကပ်လာပြီဖြစ်ကြောင်း၊ သံချောင်းခေါက်သံကလည်း ပိုမို ပြင်းထန်လာတယ်။ မိုးဖွဲဖွဲလေး လည်း ရွာလာတယ်။ နှုတ်ဆက်ခါနီး.......ကျနော် မမြင်ချင်ပဲ မြင်နေရတဲ့ လူသတ္တ၀ါ တွေရဲ့ မျက်လုံးတွေဟာ အေးစက်နေတာလည်း ရှိတယ်။ နွေးထွေးချင်ယောင်ဆောင်နေတာလည်း ရှိတယ်။ ဟန်မဆောင်နိုင်လို့ မျက်နှာလွှဲထားကြတာလည်း ရှိတယ်။

ကျွန်တော်ကတော့.......(ဖြစ်နိုင်ရင် )မသွားပါနဲ့လို့....ဆွဲယူပွေ့ဖက်ထားချင်တဲ့ အကြည့်မျိုးပဲ၊ သူလေးကို ပေးချင်ပါတယ်။ကျနော့် တကိုယ်လုံးက သွေးတွေကို ဆူပွက်နိုင်စေပြီး၊နောက်တခေါက် ပြန်တွေ့ရဖို့ မသေချာတဲ့ ကျောက်ယမင်းရုပ်လေးရှေ့မှာ၊ ၃ကြိမ်၃ခါ... ဒူးထောက် ခဲ့ဖူးတာလေးကိုပဲ အမှန်တရနဲ့.............ကျနော့် ညည်းတွားသံဖွဖွဟာ၊ သူ့နာမတော် တခုတည်းနဲ့ ပြီးပြည်စုံခဲ့ပါရဲ့ ..။

...........မီးစိမ်းလေး လင်းပြီ။
...................................................။

ကျွန်တော်....တလမ်းမောင်း မီးရထားလေး မဖြစ်ချင်ဘူးဗျာ..
ကျွန်တော်....ဟာ မောင်းနှင်ထွက်ခွာ သွားတော့မယ့် သူလည်း ဖြစ်သလို
ကျွန်တော်....ကသာ ကျန်ရစ် နေ ခဲ့ ရ သူလည်း ဖြစ်မယ်ဆိုရင်....
ဘ၀ဆက်တိုင်းမှာ မီးရထားခေါင်းတွဲလေး ကျနော် မဖြစ်ချင်ဘူးဗျာ..။ ။

မှူးဒါရီ ခံစားတင်ပြသည်။

5 comments:

ဖုန်းမြင့် said...

ဂရိတ်.. !!!

ကောင်လေး said...

အသေအချာ ခံစားဖတ်ရှုသွားပါတယ် ။
မီးရထားခေါင်းတွဲလေး ဘယ်သူ ဖြစ်ချင်မလဲဗျာ ။

အိုင်လွယ်ပန် said...

ရသတစ်မျိုးလေးပဲ
ကောင်းတယ်ဗျာ ...

ဆောင်းယွန်းလ said...

ကျွန်တော်....တလမ်းမောင်း မီးရထားလေး မဖြစ်ချင်ဘူးဗျာ..
ကျွန်တော်....ဟာ မောင်းနှင်ထွက်ခွာ သွားတော့မယ့် သူလည်း ဖြစ်သလို
ကျွန်တော်....ကသာ ကျန်ရစ် နေ ခဲ့ ရ သူလည်း ဖြစ်မယ်ဆိုရင်....
ဘ၀ဆက်တိုင်းမှာ မီးရထားခေါင်းတွဲလေး ကျနော် မဖြစ်ချင်ဘူးဗျာ..။ ။

ဖတ်လို့ကောင်းတယ်ညီမရေ
ရေးဟန်လေးကမိုက်တယ်

eaindraomtt said...

လှတယ်...
ရေးတတ်တယ်...
နောက်လဲ ဒါမျိုးလေးတွေရေးပါဦး...
အားပေးနေတယ်..ညီမရေ

အိန္ဒြာ