Tuesday, August 11, 2009

“...အိတ်ဖွင့်ပေးစာ...”

“...အိတ်ဖွင့်ပေးစာ...”

ဖန်အိမ်ထဲက အလှမွေးငါးတွေ...
မြစ်ကို စိမ်ပြေနပြေ ပြန်မျှားနေကြ သလိုမျိုးးး
ကဗျာရေးသူ က ကဗျာဖတ်သူကို ...
စကားလုံးတွေနဲ့ မထိတထိ မျှားလိုက်တယ်..။

အသားကျရလွန်းလို့ပဲ
စက္ကန့်လက်တံ ရဲ့  ရွေ့ လျားမှုက
လိုတာထက်ပိုပြီး ခြောက်ခြားစရာ ကောင်းနေခဲ့တာလား..
အဆံမပါတဲ့ အသံတွေရဲ့  တာသွားမှုကတော့
ကြားပါများတဲ့ နား ကို အူနေစေတယ်..။

ကဗျာဆရာ ရဲ့  ဇာတ်စင်ဟာ
သူ လိုသလို ခင်းကျင်းထားတဲ့
နုလုံးသား သားသတ်ရုံ .................
မှားယွင်းမှု မကင်းစင်တဲ့ အမှန်တရား
နာရီပိုင်းခြား ရှော့ရိုက် နိုးရတဲ့ စကားလုံးများနှင့် မြူဆွယ်ခြင်း ပဲ။

ဒါပေမယ့်...ကဗျာဆရာရေ
အမှောင်ထဲမှာ တောက်ပချင်ခဲ့ခြင်းအတွက်
အိပ်မက်ဆိုးတွေကို တာလီ ချိုး ခဲ့သူချင်း အတူတူ
အနာက အနာကို စပ်စုတ်နေတာနဲ့ပဲ
ကဗျာကို ကျွင်းလုံးကျွတ် ကျနော် မဟပ်မိတော့ဘူး။

အအေးပတ်နေတဲ့ ကျနော့် ခေါင်းပေါ်ကို
မခေါ်ပဲ ရောက်လာတဲ့ မိုးတိမ်လက်ဆောင်တွေလို...
ချောက်ကမ်းပါးကို ကျောပေး ရပ်နေသူ ခင်ဗျားရဲ့ ရွေးချယ်မှုမှာ
နောက်ဆုတ်နိုင်မယ့် အခွင့်အလမ်း ကန့်သတ်ခံရခြင်း လို့သာယူဆပါ။

မိကျောင်း ၀မ်းဆာ တဲ့ မျက်ရည်...လောက်
မီးထိုးဖို့ မိုးမိထားတဲ့ သစ်ပင်.. လောက်
ပန်းပွင့်ဟန်ဆောင်ထားတဲ့ ကောက်ကျစ်မှု ...လောက်
မစေးကပ်တဲ့ ကဗျာတွေနဲ့
ကျနော့် စိမ့်အိုင်မှုတွေကို မဖားထေးနိုင်လိုက်ခင်
ကြမ်းကျွံဝင် သွားတဲ့ အမှိုက် အဖြစ်ရင်လည်း သတ်မှတ်ပါ။

ဒီ့ထက် သေချာတာ တခုက
ကျနော် အခု မေးမယ့် မေးခွန်းမှာ
အတိတ်ကို ဒေါင့်မတ်ကျ ထိုးခွဲတတ်တဲ့ လွှသွား လေးတောင် မှ
မြုပ်ကွက်ထည့် ထားတဲ့ အကြောင်း....ပဲ။

ကဗျာဆရာရဲ့ 
မျှားစာဟာ....
အဆိပ်လူးထားတဲ့ အပ်ကောက် တချောင်းနဲ့ တူရမယ် ဆိုရင်

မြိုချလိုက်တိုင်း စစ်စစ်ခါသွားမယ့် အရသာလည်း ရှိရမယ် ဆိုရင်

တဆစ်ချိုးကွေ့ ရုံ အဆုံးမဲ့ လိမ့်ဆင်းရခြင်း သဘောသဘာဝနဲ့လည်း ပြည့်စုံရမယ် ဆိုရင်

ရေလွတ်ငါးး ဘယ်နှစ်ကောင်လောက်များ
လက်ခုပ်တရားစီရင် ခဲ့ဖူးပါသလဲ ကဗျာဆရာ..?

မှူးဒါရီ

5 comments:

အိုင်လွယ်ပန် said...

အအေးပတ်နေတဲ့ ကျနော့် ခေါင်းပေါ်ကို
မခေါ်ပဲ ရောက်လာတဲ့ မိုးတိမ်လက်ဆောင်တွေလို...
ချောက်ကမ်းပါးကို ကျောပေး ရပ်နေသူ ခင်ဗျားရဲ့ရွေးချယ်မှုမှာ
နောက်ဆုတ်နိုင်မယ့် အခွင့်အလမ်း ကန့်သတ်ခံရခြင်း လို့သာယူဆပါ။
စာသားလေး လှတယ်ဗျ :)

အမရာ said...

အိတ်ဖွင့်ပေးစာရဲ့..တပုဒ်လုံးကို
တလုံးမကျန်စွဲစွဲမြဲသွားခဲ့ရပါတယ်....
မှူး..ရေ....အပြတ်လန်းတယ်......

yangonthar said...

စကားတွေကြွယ်ဝလိုက်တာဗျာ အရမ်းကောင်းတဲ့ ကဗျာလေးပါ .... :D

အေးမြသာယာပါစေ ခင်မင်လျှက်( ရန်ကုန်သား)

ဆောင်းယွန်းလ said...

အဆံမပါတဲ့ အသံတွေရဲ့  တာသွားမှုကတော့
ကြားပါများတဲ့ နား ကို အူနေစေတယ်..။

ကဗျာကောင်းတပုဒ်ပါ.
အတွေးတွေအများကြီးပွားစေခဲ့ပါတယ်ညီမလေးရေ

ရွှေပြည်သူ said...

ဖတ်ရတာ အရသာရှိလိုက်တာ မှူးဒါရီရယ်... တစ်ပုဒ်လုံး စကားလုံးကောင်းကောင်းတွေနဲ့ချည်း ပြည့်နေတာပဲ...