Sunday, March 23, 2008

“နေတတ်အောင်နေ”


မင်းမေ့ဖို့
တို့မုန်းမပေးနိုင်ဖူး…၊
ဆုံးရူံးခဲ့ကြတာ အတူတူပဲ။
မင်းပျော်ဖို့
တို့ငိုမပေးနိုင်ဖူး…၊
မှားသွားခဲ့လည်း အတူတူပဲ။

ဒီည ကုန်သွားလို့
မင်းနိုးထတဲ့အခါ
အရက်ဆော်နံနေတဲ့ အိပ်မက်တွေ
ထားခဲ့…
စီးကရက်ငွေ့နဲ့ မင်းမျက်နှာသစ်
ငါရှိခဲ့ဖူးတဲ့ နေရာလွတ်ကို
တချက်ငဲ့ကြည့်…၊
ဒါဆို ရပြီ။

မင်းလိုချင်တဲ့ လက်တွဲဖော်မျိုး
မဟုတ်ခဲ့တဲ့ င့ါကိုလည်း
အနာဂတ်ဆိုတာကို….
မပင်ပန်းခံ မရှင်းနဲ့။
လမ်းမှာတွေ့ရင်တောင်…
ကျေးဇူးပြုပြီး မခေါ်နဲ့၊
ငါဆံပင်တိုသွားတာ ကိုလည်း…
တအံတဩ မကြည့်နဲ့၊
မင်းမကိုင်ချင်တော့တဲ့ ငါ့လက်တွေ…
ပတ်တီးစည်းထားလည်း၊
ဂရုစိုက်ချင်ယောင် မဆောင်နဲ့တော့…

မင်းလိုချင် သလို
လွတ်လပ်ရာ ပျံပါ။
မင်းအနမ်းတွေကို လည်း
တပါးသူထံမှာ ဆက်လက် ဆပ်ကပ်ပါ။
မင်းကို (ငါ့ထက်) နားလည်ပေးနိုင်မယ့်
ချစ်သူကို ရှာပါ။
တတ်နိုင်ရင် သူ့ကို သူအဖြစ်…
လက်ခံနိုင်အောင် ကြိုးစားပေါ့။

မင်းချစ်တဲ့
မနက်ဖြန်တွေ…
မခါးအောင်…
မင်းနေတတ်မှ ရမယ်။


မှူးဒါရီ

1 comment:

မျှားပြာ said...

ခိုက်တယ်ဗျာ ....။