Wednesday, April 2, 2008

“လွတ်မြောက်ရာလမ်း”

ဘာတွေလဲ?

လှိုက်ဖိုမောနေတာပဲ

ဒေါသတစ်ရှိုက်နဲ့

လောကကြီးကို တအားရှူသွင်း

အပြင်းစား ဘိန်းခင်းထဲ

ငါ့ ခန္ဓာအတ္တပေါကြီးကို ပစ်ချ

ခဏလေး လွတ်မြောက်သွားရင်

ကောင်းမှာပဲ…။

ဘယ်သူ့ အတွက်

ရှင်သန်ပေးရမှာလဲ?

ငါ့ အတွက် ငါရှင်သန်ရတာနဲ့တင်

စိတ်တွေလျော့ရဲ…

ယုံကြည်ချက်ဟာလည်း အပေါစားဆန်လာ၊

နားမလည်တဲ့ ဘာသာစကားတွေ

လာလာမပြောကြပါနဲ့။

ကျောက်ရုပ်လို ထိုင်နေတာ

အပြစ်တစ်ခုမှ မဟုတ်ပဲ။

ခင်ဗျားတို့ လိုင်းသိပ်မပူးချင်နဲ့လေ…။

လူဖြစ်လာပုံချင်း မတူဘူး…။

မာနဆူးတွေ ထောင်ထားမယ့်

ငါ့ပိုင်တဲ့ ကမ္ဘာရဲ့ တံခါးကို…

လာခေါက်ဖို့…

ဒီလို သတ္တိနဲ့လည်း မလုံလောက်သေးဘူး။

မရည်မှန်းတဲ့ အရပ်ကို သွားနေတာကိုက

ငါ့ ရည်မှန်းချက်…၊

မလိုချက်များအား လိုအပ်တဲ့နေရာလွတ်မှာ

ထည့်သွင်းကစားတာကိုက

ငါ့ လက်ကွက်…၊

ငါ့ ကိုမသိပဲ

ကျောကို လက်ညှိုးထိုးရယ်နေပြန်ပြီ။

ခင်ဗျားတို့ မရှက်ဖူးလား?

ကိုယ့်အလုပ်ကိုလုပ်

ကိုယ့်ထမင်းကိုစား

အားရင် ခပ်ဝေးဝေးသွားနေ…။

သူများကိစ္စကို လာသွားကြားညှပ်

ဆားမှုံ့တွေ ဇွတ်ထည့်မနေနဲ့။

ပေါ်တင်ပြောမယ်…

ငွေတစ်ပြားကနေ နှစ်ပြားခွာဖို့လည်း

စိတ်မ၀င်စားဘူး။

ပိုက်ဆံမရှိပဲ ရေသန့်ဘူးဝယ်သောက်လို့

ညစာငတ်လည်း မမှုဘူး။

အိပ်ကပ်ပြားနဲ့ အငှားကားတက်စီးလည်း

ခင်ဗျားတို့ အပူလား။

မိုးကောင်းကင်အောက်မှာ မြင်ရသမျှ

ဘာကိုမှလည်း မပိုင်ချင်သလို

ငါ့နာမည်တပ်ထားမယ့် အိမ်လည်း မလိုဘူး။

ငါ့ အသံကိုသွင်းထားတဲ့ အမှတ်တရလည်း မလိုဘူး။

ငါသေရင် ချိတ်ဆွဲမယ့် ဓာတ်ပုံတွေလည်း မလိုဘူး။

ငါ့အတွက်အသည်းကွဲပေးမယ့် ချစ်သူလည်း မလိုဘူး။

လိုအပ်တာက…

လွတ်လပ်မှု…

အတောင်ထူထူ ကိုယ်မှာတပ်

ငါ့ ကို မလိုတဲ့အရပ်ကနေ

အချိန်မရွေး ပျံသန်းထွက်တတ်ဖို့ ပဲလိုတယ်။

မှူးဒါရီ

2 comments:

BLACK DREAM said...

ကဗျာတွေက အားကောင်းလှချည်လား :)

အိမ်လေး said...

လိုအပ်တာက… လွတ်လပ်မှု… အတောင်ထူထူ ကိုယ်မှာတပ် ငါ့ ကို မလိုတဲ့အရပ်ကနေ အချိန်မရွေး ပျံသန်းထွက်တတ်ဖို့ ပဲလိုတယ်...ကောင်းတယ်ရှင့် အရေးအသားကတော့...း)