မုန်တိုင်းကျမယ်။
လေထန်မယ်။
ဆန်ကုန်မြေလေးစေသူတွေ
ခပ်သော့သော့လေးနှင်ပါ...။
ခင်ဗျားတို့အတွက်...
ကျုပ်ကမ္ဘာမြေမှာ
ခြေတစ်ချစာတောင် နေရာမရှိဘူး။
ပင်လယ်ရေနဲ့ ဆေးပစ်မလို့။
အနားသတ်မှာ...ပြစ်ချက်တွေနဲ့
ကမ်းကပ်လာတဲ့ လှောင်သံတွေကြောင့်
ကောင်းကင်ကြီး ကိုင်းညွှတ်နေရတာ ကြာပေါ့။
တိမ်ညစ်တွေ သိပ်သည်းစွာ
ဒီည...မိုးရွာမယ်။
နှစ်ချို့အိပ်မက်တွေကို ရှင်း
ဘ၀စာမျက်နှာဟောင်းတွေကို မီးရှို့၊
မျက်နှာသာမပေးတဲ့ ပြက္ဒဒိန်ရက်စွဲတစ်ချို့
အမှိုက်ခြင်းထဲ လွှင့်ပစ်လိုက်အပြီး
မနက်ဖြန်မှာ...အိမ်သစ်တက်မယ်။
ဧည့်သည်ပီသသူတွေကတော့
ယဉ်ကျေးပှူငှာစွာ...
တံခါးကနေ ၀င်ခဲ့ပါ။
ခြံစည်းရိုးမရှိပေမယ့်...
လူဟာ လူလိုသိတတ်နေရမယ်။
ပျော်သလိုနေတတ်တဲ့သူတို့ အဖို့
ကျုပ်အိမ်က နေခြည်ပြောက်တွေနဲ့
အမြဲ စိမ်းစိုနေမယ့် မြက်ခင်းပြင်ပါ။
ထိုင်ပါ။ နားပါ။
ရေခဲစိမ်ကော်ဖီသောက်ပါအုံး။
မမေ့လောက်အောင်...လောကွတ်ပြုပါရစေ။
အိမ်ရှင် ပီသပါရစေ။
ဘယ်ကို မိတ်ဆွေသွားမှာလဲ
မမေးဘူး။
ဘယ်ကလာသလဲ မမေးဘူး။
ကျယ်ပြောတဲ့ ကျုပ်အသိုင်းအ၀ိုင်းမှာ
ဖြူမဲညိုဝါ...လူရောင်စုံ လက်ခံပါတယ်။
အမောပြေ တစ်ထောက် နားနားနေနေ၊
အဆင်သင့်ရာ ထိုင်ပါ။
စိတ်လက်ချမ်းသာစွာ အိပ်စက်ပါ။
ဟော့ဒီမြေကြီးက သဘာဝကဆက်သတဲ့
ချောညက်သင်ဖြူး ဖျာတစ်ချပ်လေ။
ပကာသနတွေ ယူမလာကြနဲ့။
သံသယအမှိုက်တွေ မဖွခဲ့ကြနဲ့။
အဆင့်တန်းခွဲ လက်နက်တွေကိုလည်း
မသယ်ဆောင်လာကြပါနဲ့။
အမောပြေလို့
လိုရာကို နှင်ကြတဲ့အခါ...
ကျုပ်ခြံထွက်...ကဗျာကို
လက်ဆောင်ထည့်ပေးလိုက်ပါရစေ။
လေညှင်းခံ၊ လမ်းပဲလျှောက်လျှောက်...
ခြေဖ၀ါးပေါက်ပြဲ၊ ခရောင်းလမ်းကိုဖြတ်ဖြတ်
ပန်းတိုင် မရောက်သေးရင်ခဏ
သူတို့က မျက်ရည်ကို ကူလှည်းကျင်းမယ်။
သူတို့က အပြုံးကို ကူသိမ်းပေးမယ်။
သူတို့က ၀န်ကို ကူထမ်းပေးမယ်။
သူတို့က ကျောကို ပိုခိုင်ခံ့စေမယ်။
သူတို့က စိတ်ကို ရေလျှော်ပေးလိမ့်မယ်။
သူတို့က မိုးမိတဲ့လမ်းကို နေရောင်ပြပေးမယ်။
သူတို့က ချစ်တတ်အောင်သင်ပေးလိမ့်မယ်။
သူတို့က ခွင့်လွှတ်တတ်အောင် သင်ပေးလိမ့်မယ်။
သူတို့က ဆုံးဖြတ်ချက်ချဖို့ အကူအညီပေးလိမ့်မယ်။
သူတို့ကပဲ ရလဒ်ဆိုးကောင်း လက်ခုပ်တီးအားပေးလိမ့်မယ်။
ယူတတ်မယ်ဆိုရင်...
သူတိှု့ဆီက ကျကျန်ရစ်တဲ့ နှလုံးသားတွေနဲ့
မင်္ဂလာရှိရှိ လူပီသစွာ
ခံစားနားလည်တတ်ကြပါစေ။
မှူးဒါရီ
No comments:
Post a Comment