Thursday, June 26, 2008

“ကျွန်မ နှင့် အမှားများ”

အမှားကို အမှားနဲ့မွှန်းပြီး
ဒီတစ်ကွေ့မှာလည်း
မှားပြန်ပြီ။
အမှားကင်းချင်ခဲ့တဲ့ သူပါ
ခုတော့လဲ...
အမှားကြားထဲ ကျင်လည်
မှန်တယ်ဆိုတာ...
နောက်ဆုံးပိတ် အိပ်ရာဝင်ချိန်မှ
နောင်တနဲ့အတူ
ဝင်ခွင့်ရတဲ့ သမားတော်လေ။

မျက်ရည်မကျတော့ဘူး
အားငယ်မနေတော့ဘူး။
အမြဲတမ်းတော့
မမှန်နိုင်ဘူးဆိုတာ သိပေမယ့်
အမှားကင်းစင်နေချင်သောအတ္တကို
မာနနှင့် ပင့်ရှိုက်ပြီး
အမှားများနဲ့ အပြိုင်ကျမ
မိုက်မဲမိနေတတ်ပြီ။
လမ်းညွှန် မြှားတွေကို
ထိုးချနေတဲ့ ၀ါးလုံးတွေအမြင်နှင့်
ကျမ ရွံ့ရှာစပ်ဆုပ်စွာ
လက်တွေ ခြစ်ရှ ဆုတ်ပြတ်ခံ
ချိုးဖဲ့ မိတိုင်းလည်း
အညိုးနဲ့ သဲတဲ့
မုန်းမိုးမဲမဲတွေအောက်မှာ
နုနယ်တဲ့ အသည်းကပဲ
စိုရွှဲခေါင်းငုံ့
အပြစ်လို ခံယူတတ်ပြန်တယ်။

မမှန်ဖူးဆိုတာ သိနေရင်တောင်
ထပ်ထပ် မမှားချင်လို့ပါ။
ကျေးဇူးပြုပြီး
ကျေးဇူးပြုပြီး
၅မိနစ်လောက်
အမှားမကင်းတဲ့သူတိုင်းအတွက်...
ဝမ်းနည်းခြင်းအထိမ်းအမှတ်
တိတ်တိတ်နေပေးကြပါ။
အသိတရား လွတ်ထွက်
ချုပ်နှောင်မှုမဲ့ မှားခဲ့ရတဲ့
ကျမတစ်ယောက်အတွက်...ရောလေ။

မှူးဒါရီ

1 comment:

Unknown said...

၅မိနစ်လောက်
အမှားမကင်းတဲ့သူတိုင်းအတွက်...
ဝမ်းနည်းခြင်းအထိမ်းအမှတ်
တိတ်တိတ်နေပေးကြပါ။

ရေရေလည်လည်မိုက်တယ်...။ :)