Tuesday, August 5, 2008

“ပြတ်ဆဲရေး ကြော်ငြာချက်”


လက်ခြေ ချီတုပ်
အသေရိုက်ထုတ်လိုက်တာ
တ၀ုန်းဝုန်းထနေတဲ့
နှလုံးသား အရိုင်းအစိုင်း..။

ချစ်လွန်းလို့
ချစ်သူကို ပါးစပ်ထဲ ထည့်ငုံထားတဲ့
ဒါနောရက္ခိုသ် ဘီလူးကို အားကျတယ်။

ငါ့မှာတော့ ချစ်လွန်းလို့
ချစ်သူအကြောင်းပြောမယ်ကြံတိုင်း
ပုပ်စော်နံ ဇာတ်ဟောင်းတွေကြောင့်
မှန်ကြည့်မိတိုင်း ရှက်တယ်။

လိုသမျှ ကြွှေပေးနေတာတောင်
အဖြူစစ်စစ် ဘ၀မှာ ငြီးငွေ့တယ်ဆိုရင်လည်း
ကောက်ယူဆေးကြောထားတဲ့ အမှိုက်..
အမှိုက်ပုံထဲ ပြန်သွား...။

ခင်ဗျားလောက် ဘယ်သူ့ကိုမှ မချစ်ဘူး ဆိုတဲ့ ပိုက်ကွန်နဲ့
ချကျွှေးသမျှ ကျေနပ်နေတဲ့
သားကောင် စာရင်းထဲက ငါ့နာမည်ကို
မင်နီနဲ့ အကြောင်းများများ
ပယ်ခြစ် ခြစ်လိုက်စမ်းပါ။

လက်သူကြွယ်ပေါ်က ချည်လက်စွပ်နဲ့
ငါ့ဝိဥာဉ်ကို တုပ်နှောင်တဲ့ ကြိုး...
ပင်လယ်ကျယ်ထဲ အားကုန် ပစ်လွှတ်လိုက်ပြီ။

ဒူးထောက်ဝင်လာမယ့် နင့်အပိုးကျိုးပုံမျိုး
ငါကလည်း ရိုးနေပြီ။

လစ်တော့မယ်။

ဘယ်လောက်ကြာပါ့စေ...
နင့် အချစ်နဲ့ ထုပ်ထားတဲ့
နွမ်းဖတ်ပေရေနေတဲ့ ငါ့ခန္ဓာအိုကြီးကို
သံသရာထဲက ဆွဲနှုတ်ပစ်ရအုံးမှာ...။

ပြတ်ပြတ်သားသား...။
ရဲရဲရင့်ရင့်...။
တော်သလို နေရစ်ခဲ့ပေါ့ဟာ..။

မှူးဒါရီ

No comments: