Wednesday, August 13, 2008

“ကျောက်တိုင်”


ခုပြောမယ့် စကား
ရီဝေယစ်မူးခြင်း
အလျဉ်း ကင်းစင်တယ်။

စိတ်ဓာတ်အသစ်နဲ့
ရင်ဘတ် အဟောင်းနဲ့
သောင်းပြောင်းထွေလာ ဘ၀...
မဖြစ်နိုင်တာမှန်သမျှ ဖြစ်နေတယ်။

သေချာကြည့်...


သွေး အဟောင်း နဲ့
ကလောင် အသစ်နဲ့
လက်မ ထိပ် သံ ရိုက်
ဇွဲ မပျောက်တဲ့ ကဗျာ...

ကဗျာဆရာကရော ရဲရဲတောက်ပါရဲ့လား....

သူ့ကဗျာသူရော ထောက်ခံဝံ့ပါရဲ့လား....

ဒဏ်ရာ အဟောင်းနဲ့
ရင်ဘတ် အသစ်နဲ့
သမိုင်းအလျဉ်မှာ ဖောင်ဖျက်ရဲတဲ့
လက်ဆင့်ကမ်း လူငယ်များအတွက်
မြင့်မြတ်ခြေတစ်လှမ်း ရှေ့ဆက်ဖို့
ကျောထောက်နောက်ခံ မိသားစုတွေ ရှိပါသလား...

ရာစုနှစ် အသစ်နဲ့
မြေပုံ အဟောင်း နဲ့
သူရဲကောင်း သွေးတောင့်တတဲ့ မြို့..
တွဲလက်တွေ စု ချီဖို့ အာဇာနည် လိုတယ်။

အမှောင်ထဲမှာ လမ်းပြမယ့်
တောင်ပေါ် မြေပြန့်မီးအိမ်ရှင်လိုတယ်

ကုန်းနေ လှေအောက် ပြာဖုံး မီးတောက်တွေ လိုတယ်

စိတ်ကူး အဟောင်းနဲ့
မျက်လှည့် အဟောင်းနဲ့
မှတ်သားမိသလောက် အနုပညာ ဟာ
လူထုကို ဘိန်းရောင်းနေတယ်....

တိုးတက်မှုကို တွန်းလှန်ထားတဲ့
တရားရုံးမှာ ကျမ်းစာကိုင်
မှန်ကန်ရာကိုသာ တိုင်တည်စေကြောင်း
ငွေ မောင်းထုတတ်တဲ့ ဥပဒေ ထင်ပေါ်တယ်....

စိမ်းလန်းစိုပြေ ရေး နဲ့
သစ်ပင် မခုတ်ရ ဆိုင်းဘုတ်...

အနှစ်၆၀ ပလုံတဲ့ စီမံကိန်းနဲ့
ကြီးကြီးတက် ဟိန်း သွားတဲ့
စီးပွားရေးသမားမျိုး ရှိတယ်

လမ်း အဟောင်းနဲ့
ကတ္တရာစေး အသစ်နဲ့
ပတ်ကြားရိုက်သွားတဲ့
အဝေးပြေးလမ်းမကြီးပေါ်မှာ
ရိုင်းပင်းကူညီလိုစိတ်နဲ့
လက်ဖြန့်မတောင်းခင် ဖိတ်လျှံမယ့် စေတနာရှားတော့
မြေဇာပင် သူတောင်းစားမျိုး စည်ပင်တယ်.....။

ထပ်ပြောမယ်.....
ဒီစကားမှာ မြှားချွန်နေတယ်
လှံ သွေးနေတယ်
ပြောင်းဝမှာ အသက်ပေးသွားတဲ့
ရဲရင့်ခြင်းများ ဖယ်လိုက်ရင်
ဒေါသနဲ့ ရောင့်ရဲတတ်မှုတွေ ပဲ
အလုပ်အကိုင်မဲ့ ကျန်ရစ်တော့
စုဝေး ခြင်း များ သည်းခံပါတဲ့
ပုဒ်မ ၁၀၄.....
စီရင် မှု အဟောင်းနဲ့
ကန့်သတ်မှု အသစ်တွေနဲ့
ကြောက်ရွံ့မှုတွယ်ဖက်
တောက် မခေါက်ရဲလောက်အောင် ချဲ့ထွင်ခြင်း
အမြစ်ရင်းအရောက်ခံ တော့မလား...
အားမတန် မာန်လျော့တော့မလား...
သတ္တိ အသစ်နဲ့
ရည်မှန်းချက် အဟောင်း ကို တူးဖော်
(သားရေပေါ်အိပ် ၊ သားရေ နားစား...)
ငါ့ဘုရား အထူးခံတွေ ကျဆုံးရေး...၊
အုတ်တစ်ချပ်၊ သဲတပွင့် နဲ့
မဖြစ်ဖြစ်အောင် စီမံသွားမယ်ဆို ဖြစ်တယ်...။

ဒါမှ .....
လက်မမြှောက် ဒူးမထောက်ပဲ
လွတ်လပ်ရေးတွက် အသက်စွန့်ခဲ့တဲ့
ဗိုလ်ချုပ် ရဲ့ အမိန့်ကို နာခံခြင်း ဖြစ်တယ်...

ဒါက မျိုးချစ်စိတ်ဓာတ်နဲ့
ယုံကြည်ချက် အသစ် ကမ္ဗည်းတင်တဲ့
ကဗျာ တစ်ပုဒ်ရဲ့ စည်းရုံးခြင်းလည်း ဖြစ်တယ်။


မှူးဒါရီ

No comments: