Thursday, August 14, 2008

“စုံစီနဖာ”


ငါ မလွမ်းဘူးလို့
ငြင်းရင်ဖြစ်မလား။


ဟို အသည်းခြစား
အပိုင်းအစများကို
ဓားနဲ့ ခြစ်
ကော်ဖီ စိမ်ပြီး
ဇိမ်ခံသောက်ရော
ဖြစ်မလား။


အားပါးပါး
အလကား ရထားတဲ့
အပို့ အချွဲ ခပ်ကဲကဲတွေ
ရှာလကာရည်နှင့် ပက်
အမြည်းချက်မယ်ဆိုကော
ဖြစ်သလား။


ည ဘက်မှာ အေးရင်
စောင်ခြုံ စရာ ရင်ဘတ်ကို
ပြေးပြေးရှာမိ
နေပါစေ (ချွေးထွက်အောင်)
နောက်ဆုံး ခေတ်ပေါ်တေးနဲ့
ဖြည်းဖြည်းလေးပဲ ရှိတ်မယ်ဆို
ဖြစ်မလား။


စည်းချက် သံမှန်မှန်
ဂစ်တာပေါ် ကြွက်လျှောက်
ဒီလိုနဲ့ မနက်ခင်း
တံခါးခေါက်ရောက်မယ်။
နေရောင်ခြည်နဲ့ မျက်နှာသစ်
အလုပ်မှာ ခေါင်းကို
အသေနှစ်ရင်း
ဒါဆိုရင် ဖြစ်မလား။


အတည်တကျမရှိ
ရာသီညှိရင်း
ခလုတ်တိုက်လဲတော့
ကျောက်ခဲလေး အမှတ်တရ
ငါ သိမ်းဆည်းထားခဲ့တယ်။
အဲဒါလေး နဲ့
မလွမ်းဆေး ဖော်
ဥုံ လို့ အော်ပြီး
မူးမော် ရင် သုံးမယ်
ဖြစ်မလား။


နာရီသံပတ်ပေး
အသံချဲ့  စက်လေးနဲ့
မေ့လိုက်ဟဲ့ ဒီလို
နေ့ဆက် ဆိုရင်ရော
ဖြစ်မလား။


မတရားဘူး၊ တရားတယ်
တစ်ယောက်တည်းထိုင်
ဂလိုင် မခေါက်ချင်ဘူး

ဗေဒင် ဆရာ ဂွင်စောင့်သလို
ကဲ လာ နောက်တစ်ယောက်
ဆိုပြီး ဒါ့လောက်
ခေါ်တတ်ရင်ရော
ဖြစ်တယ် မလား။


မလွမ်းရ ပြီးရောဟယ်။


မှူးဒါရီ

No comments: