Thursday, August 21, 2008

“ဒွိဟ”

“ဒွိဟ”

နားလည်မှုတွေ
ထုဆစ်ထွင်း...
ပုံသဏ္ဍာန်ကွဲစွာ...
အလင်းဝင်ရောက်တယ်...
အချစ်ကို ဆက်သပါရစေတဲ့

နတ်ဖုရားမ တစ်ပါး
ကိုယ် ခဏဖြစ်သွားပေါ့

အသက်သွင်းပြီးသား
အေးစက်စက်လက်ဖျားတွေနဲ့
ကိုယ့်နှလုံးသားကို သိမ်းဆုပ်မိ၊
မသေချာသေးဘူး

သူကတော့ သူ့ခံစားမှုနဲ့သူ
တစ်လှမ်းချင်း ရှေ့တိုးလာနေပြီ...။


ကိုယ် လက်ကာတားလိုက်ရမလား....?

တောင်စဉ် မရောရာပဲ...
နှစ်ဦးသား ဥခဲ့တဲ့ အိမ်မက်လေးတောင်
အတောင် ပေါက်လာခဲ့..၊

ကိုယ် သိပ်ကြောက်မိဖူးတဲ့
အချိန်လွန်မိုးကလည်း
တစ်ဘ၀ယွန်းအောင် သွန်းကျဲတော့မယ်။


ကိုယ် ဟစ်အော်တားသင့်သလား...?

ရေမျောကမ်းးတင်ဖြစ်နေဆဲ
မှုံပျပျ လမ်းကျဉ်းထက်က
ကြေးနီရောင် အတိတ်ကို...
သူရဲ့ အနမ်းတွေနဲ့ မွမ်းမံလို့
ခပ်မှန်မှန်ပဲ....သူကတော့ ကျော်ဖြတ်လာနေတယ်....

အို....
လက်တစ်ကမ်းလေးပဲ...
စိရုံစိထားတဲ့ တံခါးအနား...ရောက်ရှိဖို့
မိနစ်ပိုင်းလေးတောင် မလိုတော့ဘူး...

မလာခဲ့နဲ့
ပြောဖို့အားခဲရင်းမှာပဲ
အရှုံးပေးတော့မယ့် ကိုယ့်နှလုံးသား
သူ့ ခပ်ရိုးရိုး အပြုံးများ အပွင့်မှာ..
.....................................
တအားကြီး လှိုက်ဖိုရင်မောသွားတယ်။


မှူးဒါရီ

No comments: