Friday, September 5, 2008

“၁၂နှစ် ပြည့် မွေးနေ့”

“၁၂နှစ် ပြည့် မွေးနေ့”


၁)

“တီ..တီ...တီ”

အိမ်ရှေ့ မှ ဖြတ်မောင်းသွားသော ကားဟွန်းသံကြောင့် သူမ နိုးသွားလေသည်။ အား အေးစက်လိုက်တဲ့လေ..။ နိုးနိုးချင်း အသိက တောင့်ခဲနေတဲ့ ခြေထောက်နှစ်ဖက်..။ ညတုန်းက ခြုံထားတဲ့ စောင်ကို ခြေထောက်နှင့် လိုက်စမ်းမိသည်။မတွေ့..။ မျက်လုံးမဖွင့်သေးပဲ ကုတင်အောက်ဘက်ဆီ လက်နှင့် လိုက်စမ်းမိပြန်သည်။ အား တွေ့ပြီ။ ညအိပ်တိုင်း ကုတင်ပေါ်မှာ ရှိတဲ့ ပစ္စည်းတွေကို ကန်ထုတ်တတ်တဲ့ အကျင့်ရှိတဲ့ သူမအတွက်၊ မနက်မိုးလင်းတိုင်း စောင်တို့ ၊ ခွအုံး တို့ ကို ပြန်ကောက်တင်နေကြမို့ မဆန်းတော့ချေ။

သူမ ပြန်အိပ်ဖို့ အကြံနှင့် စောင်ကို ကိုယ်ပေါ်မှာ လွှားတင်လိုက်သည်။ ဒါပေမယ့် သူမ အကြံ အထမမြောက်လိုက်ပါ။

“မိမှူး..ထတော့”

“အလတ်မ ထစမ်း...”

“ဘယ်အချိန်ရှိနေပြီလဲ...!”

ဒါကဖြင့် မနက်တိုင်း ကြားနေကြ မေမေ ရဲ့  နိုးစက်တေးသံသာ..။ မသိချင်ယောင်ဆောင် နေဖို့ ကြိုးစားခြင်း အထ မမြောက်ခင်၊ အခန်းထဲ ၀င်လာသော ခြေသံကို ကြားလိုက်ရသည်။ အင်း ပြီးလျှင် ခြင်ထောင်ကို မတော့မည်။ စောင်ကို ဆွဲခွာမည်။ ပြီးလျှင် သိနှင့်တဲ့ အတိုင်း

“ထတော့ ကျောင်းကားလွတ်လိမ့်မယ်” လို့ အမေ ပြောလိမ့်မည်။

“ဟုတ်ကဲ့” ဟုဆိုကာ သူမ ထထိုင်မည်။

သမီးတွေထဲတွင် သူမကို အနိုးရအလွယ်ဆုံးဟု အမေ ပြောဖူးသည်။ သူမ က အကြီးဆုံးသမီး။ ပြီးတော့ အမေ့အကျင့်တော်တော် များများကိုလည်း အမွေ ဆက်ခံထားသည့်သူမ..။ သူမ အတွက် ဒီနေ့ ဟာ ၁၂ နှစ် ပြည့်မြောက်တဲ့ မွေးနေ့...။ နေ့ထပ် ရက်ထပ်ကျသောမွေးနေ့ ဖြစ်သဖြင့် ရက်ကောင်းရက်မြတ်တစ်နေ့ဟုဆိုရင်လည်း မမှားနိုင်ပါ။

သူမ ထထိုင်လိုက်သည်။ အသက် တစ်နှစ်ကြီးသောနေ့ ပါလား။ စိတ်ကူးထဲမှာ ပထမဆုံးဝင်လာသည်က ကျောင်းက သူငယ်ချင်းတွေကို မုန့်ဝယ်ကျွေးရန်..။ အမေ့ဆီမှ မုန်းဖိုးပိုတောင်းရန်...။ သူမစိတ်တွေ တက်ကြွလန်းဆန်း သွားပါသည်။

သူမ စားပွဲတင် နာရီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ၆နာရီ တိတိ။ ဒီအချိန်လောက်ထမှ အနေတော်ပဲဖြစ်မည်။ သူမ မှာ အကျင့်ဆိုးများစွာ ရှိသည့်အနက်၊ ရေချိုး လျှင် ကြာသော အကျင့်တစ်ခုက အဆိုးဆုံးဖြစ်သည်လေ။ တစ်ခါရေချိုးတိုင်း အနည်းဆုံး မိနစ်၃၀မှ ၁နာရီကျော်အထိ ကြာတတ်သည်။ ထိုကြောင့် များသောအားဖြင့် အိမ်သားများ ၍ ရေချိုးခန်း မျှသုံးရသော သူမတို့ မိသားစု တွင်၊ သူမအနေနှင့် အရင်ဆုံးဖြစ်စေ၊ နောက်ဆုံးမှ ဖြစ်စေ ရေချိုးရတတ်သည်။

သွက်လက်စွာပင် အိမ်နေရင်း အကျီ င်္ မှ ရေလဲထမိန်ကိုလဲဝတ် ရင်လျားလိုက်သည်။ တပတ်ကို ပုခုံးပေါ်လွှားတင်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

သူမ အိမ်လေးက ခပ်ကျဉ်းကျဉ်း ပျဉ်ထောင်အိမ်လေးပါ။ အခန်းထဲမှ ထွက်လျှင် ထွက်ခြင်းပင် ထမင်းစားခန်းသို့ရောက်သည်။ ထမင်းစားခန်းမှ လှေကားတစ်ထစ်ဆင်းလျှင် မီးဖိုချောင်သို့ ရောက်သည်။ မီးဖိုချောင်နှင့် နောက်ဖေးပေါက်က တစ်ဆက်တည်းလေ။ ထမင်းခန်းကနေ အရှေ့ ကိုခြေလှမ်း ၃လှမ်း လှမ်းလိုက်ရင် ရေချိုးခန်းသို့ ရောက်ရော..။ အဲ ရေချိုးခန်းကနေ တောင်ဘက်ကို နောက်ထပ် ခြေလှမ်း၃လှမ်း ရင် ဧည့်ခန်းကိုရောက်တယ်လေ။ အဲလောက်ကို ကျဉ်းလှတဲ့ အိမ်ပေါ့။

မနက်စောစော အသာတကြည်ထလာတဲ့ သူမကို အမေက အလုပ်ရှုပ်နေရာကနေ မယုံသလို တချက်လှမ်း ကြည့်နေသေးတယ်။အမေက သား၊သမီးတွေ စားရန် မနက်စာကို စားပွဲပေါ်မှာ အသင် ပြင်ထားနှင့်သည်။ ပြီးတော့ နေ့လည်စာ ထမင်းဗူးများ ထည့်ရန် ချွေးတလုံးလုံးနှင့် ဘယ်ချိန်ကတည်းက ထချက်ပြုတ်နေသည် မသိပါ။ အမေ တစ်ယောက် ပင်ပန်းနေပါပြီ။ တစ်ခါ တစ်လေ ချက်ချင်းဆိုလို အသက်ကြီးပစ်လိုက်ချင်သည်။ အမေ့ဝန်ကို တတ်နိုင်သလောက် ၀င်ထမ်းပေးချင်လှပြီ...။

ဒါပေမယ့် အမေက ပြောခဲ့ဖူးတယ်။

“သမီးကြီးက...ငယ်ပါသေးတယ်။”

“စာကိုသာ ကြိုးစားလှည့်၊ အဲဒါဆို အမေ့ကို ကျေးဇူးဆပ်တာနဲ့ အတူတူပဲ” တဲ့

“...”


၂)


“ဟဲ့ မြန်မြန်ချိုးလေ...နောက်မှာ လူတွေရှိသေးတယ်”

ရေချိုးရင်း အမေ့ နိုးဆော်သံကြောင့် ပို ၍ မြန်အောင်ချိုးလိုက်သည်။ အိုးးးးးအေးလိုက်တဲ့ရေ...။ ပြီးတာနှင့် တပတ်ကို တင်းအောင်ဆွဲစေ့ပြီး ထွက်လာလိုက်သည်။ နောက်လဆိုရင် ဒီဇင်ဘာရောက်ပြီ။ ဒီဇင်ဘာရောက်ရင် ဆောင်းရောက်ပြီလေ..။ ခုတောင် ပြူတင်းကို တိုးဝင်လာသည့်လေညှင်းက အေးစိမ့်စိမ့်....နဲ့။

ရေချိုးခန်းအပြင်မှာ အလတ်မက ရေချိုးဖို့ အသင့်စောင့်နေနှင့်သည်။ တိုင်ကပ်နာရီ ကို လှမ်းကြည့်လိုက်တော့ ၆နာရီ ၄၅မိနစ်...။ အတွေးးထဲမှာ ဘယ်လောက်များ နစ်မျောသွားသည် မသိလိုက်ပါ။

သူမကတော့ အဲလို အမြဲဖြစ်နေကျပေါ့။

“မကြီးကလည်း ကြာလိုက်တာ..”

အလတ်မရဲ့  လှမ်း အပြစ်ဆိုသံ..။

“အေးလေ..”

အမေ့ ထောက်ခံသံ..။ ဟာ ဟ ကိစ္စမရှိ။ သူမ ဒီနေ့ကို အကောင်းမြင်ခြင်းဖြင့် စရန် ဆုံးဖြတ်ပြီးသောကြောင့် အမေတို့ကို လှည့် သွားဖြီးပြ ကာ အခန်းထဲသို့ လှစ်ကနဲ ပြေးဝင်ခဲ့လိုက်သည်။ တက်ကြွစွာဖြင့် ကျောင်းစိမ်းဝတ်စုံ အမြန်လဲ...၊ သနပ်ခါး ရေကျဲလိမ်းပြီးတာနှင့် သူမ မနက်စာစားသည်။

မနက်စာကတော့ ထုံးစံ အတိုင်း ပဲပြုတ် နှင့် ထမင်း......။ သူမ အကြိုက်..။ သူမက ဘယ်နေရာရောက်နေနေ အမေ့လက်ရာနှင့် အိမ်ထမင်းကို အတွယ်တာဆုံး.....။ ဗိုက်ဘယ်လောက်ပဲ ဆာနေနေ၊ အိမ်ရောက်အောင် ပြန် စားတတ်သည်။ ပြီးတော့ ကော်ဖီတစ်ခွက်။ ကော်ဖီမပါရင် မနက်ခင်းတွေ သိပ်မလှဟု စိတ်ကူးယဉ်ဆန်လွန်းသောသူမ ထင်မိတတ်သည်။

ဒီနေ့ အဖို့ သူမစိတ်က ထူးထူးခြားခြား ကြည်လင်လန်းဆန်းနေပါသည်။

“မေမေ...”

“.....”

“သမီးမွေးနေ့ ကျောင်းက သူငယ်ချင်းတွေကို မုန့်ဝယ်ကျွေးချင်တယ်..အဲဒါ...”

“ခဏ...သမီး”

အမေက သူမကို ခဏနေရန် ဟန့်တားလိုက်ပြီး သူလုပ်စရာရှိသည်များကို ဆက်လုပ်နေသည်။

သူမလည်း ဘာမှ ဆက်မပြောလိုပါ...။ စားလျက်စ ထမင်းကြော်ကို လက်စသတ်လိုက်သည်။ ကျောင်းကားလာရန် အချိန်ကလည်း နီးကပ်လာပြီ ဖြစ်ရွေ့  ၊ ရေဖြည့်ရန် ကျန်နေသေးသော အငယ်မ၂ယောက်၏ ရေဗူးကို စိတ်လိုလက်ရ ဖြည့်နေလိုက်သည်။ နောက်၅မိနစ်လောက်ကြာတော့ မေမေရဲ့  အော်သံ၊ အငယ်၂ယောက် အခန်းထဲမှ ၀ုန်းဒိုင်းကျဲထွက်လာကာ အသည်းအသန် ကော်ဖီမော့သောက်ခြင်း၊ ကျောင်းကားရောက်နေပြီ ဟု အိမ်အပြင်မှ အစ်ကို့ သတိပေး ခေါ်ယူသံများဖြင့် သူမတို့ အားလုံး ကျောင်းကားပေါ် ပုံမှန်ရက်များအတိုင်း ရောက်ခဲ့ကြပေပြီ။

သူမ စိတ်ကို လျော့ချလိုက်သည်။ ထားပါတော့လေ။ ကျောင်းသို့ ရောက်သည်နှင့် သူမစိတ်တွေ စာသင်ခန်းထဲမှာ နေသားတကျ၊ ကျန်တာတွေ မေ့သွားမှာပါ။


၃)


“ဒေါင်....ဒေါင်”

ဟော နောက်တစ်ချိန် ကူးပြီ။

ဒီနေ့ မနက်ခင်း အတန်းက အတန်းပိုင် ဆရာမ ခွင့်ယူထားသောကြောင့်၊ အစားထိုးဆရာမတစ်ယောက် ဖြည့်စွက်ပေးသည်။ သို့သော်...ထိုဆရာမက သူမတို့ တစ်ခန်းလုံးအား အနားပေးကာ စာမသင်ပဲ ခေါင်းချ အိပ်လိုက အိပ်ရန်လည်းကောင်း၊ လုပ်စရာ အိမ်စာများ ကျန်ရှိသေးက လုပ်နိုင်ရန် ဖြစ်ကြောင်း အခွင့်ပေးလေသည်။ ဆူဆူညံညံစကားမပြောရန်သာ သတိပေးပြီး အတန်းခေါင်းဆောင်အား ကြည့်ထားရန် တာဝန်ပေး ပြန်ထွက်သွားခဲ့ပါသည်။

သူမ ကတော့ဖြင့် စကားလည်း သိပ်မပြောတတ်။ ပြောရအောင်လည်း ဘယ်သူနှင့်မှ သိပ်မခင်သေး မရင်းနှီးသေးပါ။

ဤကျောင်းသို့ မနှစ်ကမှ ပြောင်းလာခါစမို့ ထင်သည်။ သူမ မှာ စကားပြောဖော်မရှိ။ နေ့လည်ခင်း ထမင်းစားချိန်မှာ အတူတူ လာစားမယ့် မရှိ။ ညနေခင်း မုန့်စားချိန်မှာလည်း အတူတူ မုန့်ထွက်ဝယ်စားမယ့် သူမရှိ။ နောက်ဆုံးကုန်ကုန် ပြောရလျှင်၊ တစ်ယောက်တည်းအိမ်သာသွားရန် မရဲလျှင်တောင် ဘယ်သူ့ကို အဖော်လိုက်ခဲ့ပေးပါ ဟု ခေါ်ရမည် မသိအောင်ပင်။

သူမ ပျင်းရိလေးတွဲ့ နေမိသည်။ အချိန်တွေကလည်း နှေးကွေးနေသလိုပင်။

အချိန်ရှိတိုင်း တွေးတော စိတ်ကူးမှာ နစ်မျော နေတတ်သူမို့လား မသိ...၊ အစောဆုံး အတန်းချိန်မှာ အားလပ်ချိန်ရ၍ လျှောက်စဉ်းစားမိရာမှ မွေးနေ့အကြောင်းကို ရောက်သွားဖြစ်သည်။ အိပ်ကပ်ထဲမှ မုန့်ဖိုး ၅ကျပ်ကို စမ်းသပ်ဖြစ်ခဲ့သည်။ နောက် အမေ့ဆီ စိတ်ရောက်သွားခဲ့ပြန်သည်။ စိတ်ထဲမှာ တနုံ့နုံ့ နှင့်...။ပြီးတော့...ပြီးတော့..အကြောင်းအရာပေါင်းများစွာ၊ ဒွိဟပေါင်းများစွာ...။

သူမရဲ့  ဒီနေ့ဟာ ထင်သလို အဆင်မပြေ ပါလားနော်..။

သူမ မွေးနေ့ဆိုတာကြီးကို အမှန်တကယ် ပျင်းရိချင်သွားသည်။ မနှစ်ကလည်း ဒီလိုပဲ။ ဘယ်တော့များမှ......။

“မင်္ဂလာပါ ဆရာမ”

“အေးအေး မင်္ဂလာပါ...ကွယ်”

“....”

အတန်းခေါင်းဆောင်၏ နှုတ်ဆက်သံနှင့် အတူ၊ နောက်ဆရာမတစ်ယောက်ဝင်လာခဲ့ပြီ။ သူမ အတွက် ဟိုဟိုဒီဒီ စဉ်းစားရန် အချိန်မရတော့။ ဆရာမ စာစသင်သည်။ အာရုံက ဆရာမအသံ၊ ကျောင်းစာအုပ်နှင့် ကျောက်သင်ပုန်းအပေါ်မှာ မျောပါသွားလေပြီ။ ဒီလိုနှင့် နေ့လည်ခင်း ထမင်းစားချိန် ရောက်လာပါတော့သည်။

သူမ ထမင်းသိပ်စားချင်စိတ်မရှိ..။ သူမ စိတ်ထဲမှာ အမေ့ကို မကျေမနပ်ဖြစ်နေမိတုန်း။ ဘာကြောင့်ပါလိမ့် ဟု ကိုယ့်ဘာသာ ပြန်မေးစရာပင်မလို။ လိုတာမရခြင်းကြောင့် သူမစိတ်ခုနေခြင်းသာဖြစ်သည်။ တကယ်ဆို အဲဒါကိုက သူမကို ပို၍ နေရခက်အောင် လုပ်နေသည်လေ။

သူမတို့ အိမ်သည် မချမ်းသာပါ။ ဆင်းရဲသည်ဟု ဆိုရလောက်အောင်လည်း မဆင်မပြေသည်မဟုတ်ပါ။ အဖေက သဘောင်္လိုက်သည်။ လူသုံးများသလို ပြောရရင် သဘောင်္သားပေါ့။ ၂နှစ်တန်သော်လည်းကောင်း၊ ၃နှစ်တန်သော်လည်းကောင်း သဘောင်္ပေါ်၌ သာရှိနေတတ်သည်။ အိမ်ပြန်လာလျှင်လည်း ခဏတဖြုတ်မျှသာ။ ဘယ်သော အခါမှ ကြာကြာမနားတတ်။

သို့သော် အဖေ ရှိချိန်တိုင်း ငွေရွှင်တတ်သည်။ ဒါကို သူမသိသည်။ အမေက ၀င်ငွေမရှိ။ ဒီသားသမီး၎ယောက်ဖြင့် မိခင်ကောင်းတစ်ယောက်ပီသစွာ အိမ်မှုထိန်းသိမ်းသော အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်သည်။ အမေ့လက်ထဲမှာ ငွေပိုငွေလျှံရှားသည်။ ဒါကိုလည်း သူမ မသိမဟုတ်။

အဖေနှင့် အမေ အောက်ခြေကနေ တူတူ ရုန်းကန်ခဲ့ရတာဟု အမေပြောဖူးသည်။ သားသမီးများ မွေးတော့ ယခင်ကထက် ပိုအသုံးလျော့ခဲ့ကြသည်။ ခြိုးခြံချွေတာ ခဲ့ကြသည်။ ပိုက်ဆံကို လိုအပ်သည်မှာသာ သုံးသည်။ မလိုအပ်လျှင် တပြားမှ အကုန်မခံပေ။

သူမတို့ မိသားစု အခြေအနေကို သူမ နားလည်သဘောပေါက်တာကြာခဲ့ပါပြီ။ ကိုယ့်မိသားစုက ခုကျောင်းနေဖက် အတန်းဖော်တွေလို မဟုတ်။ သူမတို့ကျောင်းက လူပြောများသည့် လူချမ်းသာကျောင်း တဲ့။ ကျောင်းအပ်လိုလျှင် အနည်းဆုံး အောက်ခြေသိမ်း ဆယ်ခုလောက်တော့ လိုက်ရသည်တဲ့။ သမီးတွေကို ကျောင်းကောင်း၊ အသိုင်းအ၀ိုင်းကောင်းမှာ ထားချင်လွန်းလို့တဲ့...။ မရမက ကျောင်းဝင်ခွင့်ရအောင် လုပ်ခဲ့တဲ့ ဖေဖေနဲ့မေမေ...။

ဒါတွေအားလုံး သူမ သိရက်နှင့် မုန့်ဖိုးအပို မပေးလိုက်နိုင်သော အမေ့ကို စိတ်ခုမိနေခြင်းကို သူမဘာသာ သူမ မနှစ်မြို့ ပါ။ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။ မသိတတ်လိုက်တဲ့ သူမ ပါလား..။

အားးးး ထမင်း စားချိန်စိတ် လုံးဝမရှိ။


၎)


“သမီးက မှူးလား?”

ရုတ်တရက် အမေးကြောင့် သူမ နောက်လှည့်ကြည့်ဖြစ်သည်။ မြန်မာစာဆရာမ ပါလား။ ဘာကြောင့်များမေးတာပါလိမ့်အတွေးဖြင့် ခေါင်းညိတ်ပြမိသည်။ ဆရာမကပဲ နားလည်သလို ပြုံးကာ ဆက်ပြောပြန်သည်။

“သမီးမေမေ ကျောင်းဂိတ်ဝမှာ ရောက်နေတယ်။”

“အဲဒါ သွားတွေ့လိုက်ပါအုံး...”

“ဟုတ်ကဲ့”

ဒီတစ်ခါတော့ သူမ အလျင်အမြန်ပင် ပြန်ဖြေမိသည်။ အမေရောက်နေသည်တဲ့။ ဘာလို့များလဲ။ ဒီလို အမေတစ်ခါမှ မလာဘူး။ ကျောင်းအသစ်ပြောင်းခါစတုန်းကပင်...သူမတစ်ယောက်တည်း ကျောင်းကားပေါ်တင်လွှတ်ခဲ့သည် အမေ....။ သူမ နည်းနည်တော့ စိတ်ပူသွားမိသည်။

ထမင်းချိုင့်ကိုပင် သေချာ မပိတ်တော့။ ချက်ချင်းပင် ဂိတ်ဝကို ထွက်လာလိုက်သည်။ အရေးကြီးကိစ္စတစ်ခုခုတော့ ဖြစ်ပြီဟု စိတ်ထဲမှာ ထင်နေမိသည်။ သိချင်ဇောက အတောမသတ်နိုင်ပေ။ တွေ့ ပြီ။

ဂိတ်ဝအပြင်မှာ ရပ်စောင့်နေသည့် အမေ...။ အမေ့လက်ထဲမှာ ထုံးစံအတိုင်း ကိုင်နေကျ ပိုက်ဆံအိတ်လေး နှင့် ၀တ်နေကျ မိုးပြာရောင် အင်္ကျီလေးနှင့် ပါတိတ်လုံချည်လေးကို ၀တ်ထားသည်။ တွေ့မြင်မှပဲ အပြေးသွားမိပြန်သည်။

“ဟဲ့ ဖြေးဖြေးလာလေ..”

“ခြေချော် လဲနေအုံးမယ်...”

“ရပါတယ် အမေ ရ...မလဲပါဘူး...”

“ဆရာမက ပြောလို့ သိတာ..”

“ဘာလို့လဲ မေကြီး? ”

“တစ်ခါမှ အဲလို ကျောင်းကို မလိုက်လာဖူးလို့ သမီးတောင် အံအားသင့်သွားတယ်...”

“.....”

အမေ ဘာမှ ပြန်မပြောသေး..။ ပိုက်ဆံအိတ်လေးကို အသာဖွင့်လိုက်သည်။ အမေနှင့် သူမ သိပ်နည်းကပ်စွာ ရပ်နေ၍လားတော့ မသိ...။ အသာပွင့်လာသော အိတ်လေးထဲမှာ ဘာမှ မရှိနေ။ ဘာဆို ဘာမှ မရှိနေ။ ဒါဆို ဘာကြောင့်များ..............။ နောက်တော့ အတွင်းဇစ်ကို အမေ ထပ်ဆွဲဖွင့်လိုက်ပြန်သည်။ သည်တော့မှ ချောင်ကပ်နေသည့် အခေါက်လေးတစ်ခု...။ သူမ သေချာတော့ မမြင်ရပါ။ ပထမတော့ စာရွက်ခေါက်လေးများလားပေါ့။ အဲဒီစာရွက်ခေါက်လေးကို အမေလက်ထဲမှာ ဆုပ်ကိုင်လိုက်သည်။

“ဒီနေ့....”

“သမီး မွေးနေ့ဆိုတာ အမေသိပါတယ်။”

“မနက်က မအားလို့ ...သမီးတောင်းတဲ့ မုန့်ဖိုးပေးဖို့ အမေမေ့သွားတာ...”

“သတိရတော့ ကျောင်းကားက ထွက်သွားပြီ...”

“ဒါနဲ့ ကျောင်းလိုက်လာတာ..”

“ရော့.........”

သူမဆီကို အမေထိုးပေးလိုက်သည်က စောစောက အမေဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်..။ သူမ အမေ့ကို နားမလည်သလိုကြည့်မိသည်။ အမေက သူမလက်ကို ဆွဲယူပြီး ထိုအခေါက်လေးကို ထိုးထည့်သည်။ သူမ သေချာမြင်ရပါပြီ။ ဒါပေမယ့် သူမ သေချာ ဖြန့်မကြည့်ရဲ..။ ဒါ...ဘာကြောင့်လဲ...။ အမေ့ကို မော့ကြည့်မိပြန်သည်။ သူမ လက်ကို ဆုပ်ထားဆဲပါ။ စိတ်ထဲမှာ တစ်ခါမှ မခံစားဖူးသေးတဲ့ အသိတစ်ခု ပြိုးပြက်သွားတယ်။ ရင်ဘတ်ကြီးထဲမှာ ဆို့နှင့်မှုတွေ ...ကြေကွဲမှုတွေ ...၊ နောက်ပြီး ရောပြွမ်းနေတဲ့ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်း..................။

“ကဲ သွားတော့လေ...”

“အိမ်မှာလုပ်စရာရှိသေးတယ်...”

“ဘယ်သူ့ မှ မမြင်စေနဲ့နော်.” တဲ့...................တိုးတိုးလေးမှာဖြစ်အောင် မှာလိုက်ပြီး အမေ သုတ်သုတ်လေး ပြန်ထွက်သွားသည်။

သူမ ခေါင်းညိတ်လိုက်မိရဲ့ လား...ကိုယ်တိုင်မသိ။

သူမ ဂိတ်ဝမှာ ဘယ်လောက်ကြာအောင် ရပ်နေမိလည်း မသိ...။

သူမ အာခေါင်တွေ ခြောက်ကပ်လာသလို.......။

သူမ့ ညာဘက်မျက်ဝန်းအိမ်ထဲက မျက်ရည်တစ်ပေါက် လိမ့်ဆင်းသွားသည်........။

အဲဒါကို အမေ မမြင်လိုက်တာ သေချာပါသည်။

သို့သော်....သူမ လက်ထဲမှ ခေါက်ကျိုးကျေနေသော ၅၀၀တန် ပိုက်ဆံလေးကဖြင့်...............သက်သေတည်ပေးနိုင်ပါလိမ့်မည်။


မှူးဒါရီ ခံစားတင်ပြသည်။

6 comments:

mgngal said...

စုန်ရေ အကြောင်းရေးထားတဲ့  ၀တ္ထုတို တစ်ပုဒ်ဖတ်ရတဲ့
အတွက် ကျေးဇူးပါ။နောက်ဆုံး နေရာလေး ထိတယ်ဗျာ ။
အားပေးနေပါတယ်။
ဆက်လက်ရေးသားနိုင်ပါစေ ။ :)

honey said...

ကောင်းလိုက်တာ
တော်လိုက်တဲ့ မှူး
း)

Totto Chan - တော့တိုးချန် said...

ဟေ့ မှူး

ရိုးဂုဏ်ဆိုတာ တန်ဖိုးအရှိဆုံး သိက္ခာတရားလို့ ငါလက်ခံထားတယ်။ နင့်ရဲ့ အပြင်ပန်း အပြောအဆို အမူအရာ တင်မကဘူး၊ နင့်စာတွေ ကဗျာတွေဟာ အဲ့ဒီ ဂုဏ်နဲ့ ပြည့်စုံတယ်။
အမှန်အတိုင်းပြောရရင် ... နင့်စာတခုကြောင့် ငါ ရင်နင့်သွားအောင် ခံစားခဲ့ဖူးတယ်။ အရင်က ငါထင်ခဲ့တာတွေ မှားသွားတယ်ဆိုတာ လက်ခံခဲ့ရတယ်။ နင့်ကလောင်စွမ်းက ငါလို သူငယ်ချင်းတစ်ယောက်ရဲ့ အထင်မှားမှုကို ဖြေရှင်းခဲ့ဖူးတယ်။ နင့်ရဲ့ အရိုးခံနှလုံးသားကို ပထမဆုံးကြည့်မိတတ်အောင် နင် စကားလုံးတွေနဲ့ မစွဲဆောင်ခဲ့ပေမယ့်၊ နင် စာလုံးတွေနဲ့ စွမ်းဆောင်ခဲ့တယ်။

ငါလို အချိန်တွေကိုခွဲဝေ အသုံးချတာ မညီညွတ်နိုင်သေးတဲ့ သူငယ်ချင်းကို နားအလည်ဆုံးက နင်ဖြစ်နေခဲ့တယ်။
ဘယ်ဘ၀ရောက်ရောက် ဘယ်အခြေအနေရောက်ရောက် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကအတိုင်း မပြောင်းမလဲ ခံစားလို့ရတာ နင်ပဲ သူငယ်ချင်း.....။

နင့်ကိုလဲ ငါကျေးဇူးတင်ရပါတယ် ... သူငယ်ချင်းရေ။

MyowinZaw said...

မိဘကျေးဇူး မိဘကျေးဇူး သိလိုက်တယ်မဟုတ်လား ဦးကသိတာကြာပြီ....ဟဲဟဲ

ဖုန်း မြင်. said...

အရမ်းကောင်းတဲ့ ပို့စ်လေး တစ်ပုဒ်ပါပဲ...။

၁၂ နှစ်သမီးတုန်းက ခေါင်းအုံးတွေ ကန်ချတယ်..
အခုတော့ ဘာတွေများ ကန်ချနေပါလိမ့်း)

Mhu Darye said...

ရေးဖို့ ရှိပါတယ် ကိုမောင်ငယ်..။
မမြှောက်ရဘူးနော်..ဟန်နီ..(မနိုင်မှန်းသိလို့ :P)
တော့တိုး...အချင်းချင်းတွေပဲ ကျေးဇူးတွေနောက်ထား။
သိရင်လည်း နည်းနည်းပြောပြခဲ့အုံးမှပေါ့ ဦးမျော်ဝင်ဇိုး...အဲ မှားလို့..ဦးမျိုးဝင်းဇော်..:D
ကိုဖုန်းမြင့်ရေ...(ရေခပ်ခိုင်းတာ မဟုတ်ပါ..)ဟုတ်တယ်။ အခုလည်း ကန်ချတုန်းပဲ။ ဘာတွေကန်ချလဲတော့ လာမမေးနဲ့။ အသေသတ်သွား။ မပြောဖူး။
^_^