Friday, September 26, 2008

“အရောင်ကွဲ”

“အရောင်ကွဲ”

၁)

လွန်လေပြီးသောတစ်နေ့က..................။

“ကိုမြင့်ဖုန်းသက်အချစ်ကို ကျမ ငြင်းပါရစေ....”
“ဟုတ်ကဲ့။ကျနော် သဘောပေါက်ပါတယ်...”

“................”
“ယွန်း...တို့တွေ အချစ်ဆုံးသူငယ်ချင်းတွေ ဆက်လုပ်ကြမယ်နော်”
“အင်းးးးးး”

“ကိုမြင့်ဖုန်းသက်...၊ ယွန်း.................ဒါ... ကိုမောင် တဲ့...........”
“ဟုတ်ကဲ့...”
“............”

“ကိုမောင်က...အင်္ဂါ သားလေ။ ဒါကြောင့်မို့ ခြသေ့င်္ရုပ်လေး လည်ပင်းမှာ ဆွဲထားလေ့ရှိတယ်..
သိလား.....ယွန်း....”
“အင်းးးးးးပါဟ”
“ခုမှ အဖြစ်သည်းပြနေလိုက်တာ...တကတည်း”

၂)


မိုးလေတွေ တခြိမ်းခြိမ်းနဲ့ ဒီနေ့။ ကောင်းကင် မပြာနိုင်တာ ၃ရက်လောက် ရှိနေပြီ။ ခပ်ဝေးဝေးကို မျှော်ကြည့်လိုက်ရင် ဟိုတကွက် ဒီတကွက် လွင့်တက်လာတဲ့ မီးခိုးငွေ့  တစ်ချို့ ကြောင့် ပတ်ဝန်းကျင်ဟာ ပိုမှောင်နေသယောင် ထင်ရပါသည်။

နာရီကို ကြည့်ဖြစ်တော့ မနက် ၆နာရီ....ထိုးလုလု။ လေတိုးသံမှ လွဲ ဘာသံကိုမှ မကြားရပါ။ တိတ်ဆိတ်ငြိမ်သက်မှုက ကျမကို အိမ်ပြန်ရောက်နေသကဲ့သို့ ခဏတဖြုတ် အတွေးမှားစေသည်။ကျောပြင်အောက်မှ ဖျာချပ်ရဲ့  အထိအတွေ့ ကြောင့်သာ အိမ်ပြန်ရောက်သည် မဟုတ်မှန်း မသိချင်ပဲ သိလိုက်ရသည်။ ကျမ အိပ်ရာနိုးလာပြီ။ ခေါင်းတွေ မူးနောက်လွန်းနေသည်။ တကယ်ဆို ကျမ အိပ်ရာမနိုးချင်သေးပါ။ မနေ့က ဘယ်အချိန်လောက် အိပ်ခဲ့သည်ကို ပြန်စဉ်းစား မရတော့ပေ။

မျက်လုံး နှစ်လုံး ဖွင့်မိလျှင်ပြင် မနေ့ က ဖြစ်ပျက်ခဲ့သမျှကို ပြန်မြင်လာပြီး ငိုချင်စိတ်တို့ ထိန်းမရ ဖြစ်လာချေသည်။ မဖြစ်သေး။ တာဝန် နှင့် ၀တ္တရား အရ ကျမ ငိုရ မဖြစ်သေး။ စိတ်ဓာတ် ကို မာအောင် ထားရအုံးမည်။ ကျမတို့ကို အားကိုးနေသောသူများ အတွက်၊ ကျမတို့တစ်တွေ မားမားမတ်မတ် ရပ်တည်ရအုံးမယ်လေ။

၃)


မြင်ကွင်း များက ဘယ်လိုမှ မပြတ်သားပါ။ နားထဲမှာ အသံတွေ ဆူညံပွက်လော ရိုက်နေသည်။ ဘာသံတွေမှန်း ခွဲခြား ပြောနိုင်စွမ်းလည်း မရှိချေ။ ဒီနေ့ သူတို့ တိုက်ပွဲ စသည်။ တစ်နေရာမှ ပစ်ခတ်သံကြားတိုင်း ခေါင်းကို ပုထားမိသည်။ မျက်လုံးထဲမှာ မီးခိုးငွေ့ များသာ မြင်နေရသည်။ မြေပြင်သည်လည်း အညို ရောင်ပျောက်ချင်းမလှ ပျောက်ရ အနီရောင် သွေးကွက်များဖြင့် ရဲရဲ နီနေသည်။ အိုး...ကယ်တင်ပါ ဘုရားသခင်...။ရင်ဘတ်ထဲမှာ ၀ုန်းဒိုင်းကျဲနေသည်။

ကျမတို့ အားလုံးပေါင်း ၁၀ ယောက်။ ၃ ယောက် ၂ဖွဲ့ ၊ ကျန် ၄ယောက် ၁ဖွဲ့  ခွဲ ရင်း တွေ့ သမျှ လဲနေသူများကို လိုက်လံ စမ်းသပ်နေသည်။ စမ်းသပ်သည်ဟုသာ ဆိုရသည် တကယ်တမ်း မိမိဘာသာတောင် အနိုင်နိုင် ခေါင်းငုံ တလှည့် တွားသွားတဖုံ ရွေ့ လျားကာ ဒဏ်ရာရရုံ ရပြီး အသက်ရှင်ကျန်နေသူများကို စမ်းသပ်ရှာဖွေနေရခြင်း ဖြစ်သည်။

မြင်မြင်ရာမှာ လူသေများ...။ ကျမ ရင်ခုန်သံ ကို ကျမ ပြန်ကြားနေရသည်။ တစ်ချို့  ခြေပြတ်၊ လက်ပြတ်၊ တွန့်လူးကာ ညည်းတွားနေကြသည်။ တစ်ချို့  ရင်တခြမ်းလုံးပွင့်ကာ ....တစ်ချို့ ...တစ်စ စီ တစ်နေရာစီ...။ ကျမ ရင်ခုန်သံတွေ မြန်သထက်မြန်နေခဲ့သည်။

“မှူး....မှူး.....ဘာလုပ်နေတာလဲ”
“နင်လက်ထဲက ဆေးအိတ် ဒီကို လှမ်းပစ်လိုက်လေ...”
“ခေါ်နေတာ ကြာလှပြီ...နင် ရရဲ့ လား မှူး...????”

ခေါ်သံကြောင့် ကျမ ပြန်သတိဝင်လာသည်။ ဟုတ်ပါရဲ့ ။ ကျမ သတိလွတ်နေခဲ့တာ။ လက်ထဲက ဆေးအိတ်ကို သူရ ထံ အလျင်အမြန် ပစ်ပေးလိုက်မိသည်။ ဘေးဘီကို ကြည့်လိုက်တော့ မိမိ နဲ့ တစ်ဖွဲ့တည်းသား နန်းခင်က ခပ်လှမ်းလှမ်းမှာ ဗုံးထိထားသူတစ်ဦးကို ဆေးကုသမှု ပေးရန် လုံးပန်းနေသည်။ အဲဒီလူက ပြောက်ကျားအကျီ င်္ အစိမ်းကို ၀တ်ဆင်ထားပြီး မျက်နှာတစ်ပြင်လုံး အရေခွံ လန်နေခဲ့သည်။ နောက်ဘက်မှာ ချမ်းမြေ့ ....။ချမ်းမြေ့  တစ်ယောက် ကျမ ထံပြေးလာခဲ့သည်။ စိတ်ကို ပြန်စုစည်းစမ်း မှူးငယ်..လို့ ကိုယ့်ကိုယ်ကို သတိပြန်ပေးနေမိသည်။

“ဟဲ့...နင် အဆင်ပြေရဲ့ လား”

ကျမ အနားရောက်မဆိုက် မေးလေသည်။ သူ့ ကြည့်ရတာ တော်တော် စိတ်ပူနေတဲ့ ပုံ....။ ကျမ အလျန်အမြန် တြုံ့ပန်ဖြေရင် ပါးစပ်ကို ဟလိုက်ပေမယ့် အသံက ထွက်မလာခဲ့ပါ။ တကယ်ဆို ခုချိန်မျိုးအတွက် ရင်ဆိုင်ရန်ဟုဆိုကာ၊ ပွဲမရောက်ခင် ပြင်က ကျင်းပ ခဲ့သမျှ လက်တွေ့ ကြုံ လိုက်ရတော့ ကျမ သွေးပျက်လုမတတ် ဖြစ်နေခဲ့တာ ၀န်ခံရပေလိမ့်မည်။ ကျမဘ၀ရဲ့  ပထမဆုံး ကိုယ်ပိုင်ကိုယ်ကျ ရွေးချယ်မှု တစ်ခုဟာ ဤနေရာကို ရောက်လာဖို့...။ ဤရွေးချယ်မှု မမှားကြောင်း သက်သေပြဖို့ပဲ မဟုတ်လား။ မရည်ရွယ်ပဲ သတိရမိလိုက်တာ အဖေ့ရဲ့  ဒေါသတကြီး ရေရွတ်ခဲ့ခြင်းများ............။

“သမီးဟာ ဒီလို နေရာမျိုးနဲ့  မသင့်တော်ပါဘူး။ တခြားနိုင်ငံမှာ လွယ်လင့်တကူ ပညာတော်သင် သွားလို့ ရရက်နဲ့ ဘာလို့ ဒီလောက်မိုက်ရူးရဲ ဆန်ရတာလဲ။”
“သမီးတစ်ယောက် ပို သွားလို့ ဘယ်နှစ်ယောက်များ ပို အသက်ချမ်းသာရာ ရသွားမှာမို့လို့လဲ....!!!”
“စစ်နဲ့ ပတ်သတ်လို့ သေနတ်ကိုတောင် သေချာ မမြင်ဖူးပဲနဲ့ များကွာ...”
“ဖေဖေ လုံးဝ သဘောမတူ နိုင်ဘူး...”
....................................................။

အရာအားလုံး အစီအစဉ်တကျ ပြန်ရောက်လာတယ်။ ကျမ ရူးမိုက်စွာ၊ ခေါင်းမာစွာ ရွေးချယ်ခဲ့တဲ့ လမ်းပေါ် အခု ကျမရောက်နေပြီ်.........။ ဘာလုပ်မှာလဲ??။ စိတ်ကူးနဲ့ အဖေ့ကို စိန်ခေါ်လိုက်တယ်။ အားဖြည့်လိုက်ပြီ။
“ရတယ်” “ငါဘာမှ မဖြစ်ဘူး...ချမ်းမြေ့ ...” “ရပြီ....”
ဘယ်ကနေ အားတွေ ရောက်လာမှန်းမသိ။ ကျမ တာဝန်ထမ်းဆောင်ရန် အားအပြည့်ဖြင့်..။
“လာ...ငါနောက်က လိုက်ခဲ့နော်..”

ခွန်အားအပြည့်နှင့် ပြောလိုက်သော အသံကြောင့် ချမ်းမြေ့  တစ်ယောက်ပင်အံ့အားသင့်သွားပုံရသည်။ ဘာမှတော့ ပြန်မပြော ပြုံးရုံသာပြုံးသည်။ နားလည်တယ် ဆိုတဲ့ သဘော။

ခုချိန်မှာ လောကဟာ ငရဲဘုံဆိုလည်း ဟုတ်မယ်။ သွေးစိမ်းနံ့တွေ လှိုင်လှိုင် နဲ့ ငါးစိမ်းသားစိမ်းတန်း ဆိုလည်း ဟုတ်လိမ့်မယ်။ အဲဒီထဲမှာမှ ခိုင်မာတဲ့ အတောင်တွေနဲ့ အသက်ကယ်တင်ရေး လှုပ်ရှားနေတဲ့ ကျမတို့ တစ်တွေဟာ...ဆရာဝန် ပီသရန် ဆရာဝန် တာဝန်လာထမ်းဆောင်ကြသူများ ဖြစ်တယ်။ စစ်သားတွေဟာလည်း သေခါမှ လက်နက်ချမယ်။ ကျမတို့ တစ်တွေလည်း သေခါမှ..............။

၎)

“ဆရာမ....ဖယ်ပေးပါ”
“ဒီလို လူတွေအတွက် ရှေ့ကနေ မကာကွယ်ပါနဲ့တော့ ဗျာ..”

သူ၏ အသံက လိုအပ်သည်ထက် ပိုမကျယ်ပါ။ တိုးညင်းစွာဖြင့် မာကျောနေသည်။ ပတ်ဝန်းကျင်မှာ ဘာပစ်ခတ်သံမှ မကြားရတော့...။ နေကျသွားကတည်းက အပစ်အခတ် ရပ်စဲလိုက်ကြသည်ဟု သိခဲ့ရသည်။
ယခု တန်းလျားရှည် တစ်ခုရှေ့ မှာ ဖြစ်နေသည့် စစ်ပွဲ သေးသေးလေးတစ်ခုကဖြင့် မပြီးခဲ့ပါ။

“ကျမ..အဲလို မလုပ်နိုင်ဘူးဆိုတာ ရှင် အသိသားပဲ..ကိုမြင့်”
“ကျမတို့ဟာ...အသက်မှန်သမျှကို တန်ဖိုးထားတယ်။ ရန်သူဖြစ်ဖြစ်...မိတ်ဆွေဖြစ်ဖြစ် ကယ်တင်ရမှာ ကျမတို့ တာဝန်ဆိုတာ မမေ့စေချင်ဘူး”
“မဖြစ်ဘူး ဆရာမ...ကျနော်တို့ ဟာ ဒီလူတွေလက်အောက် မှာ ဘ၀မဆုံးရုံတမယ် ခံခဲ့ကြရတာပါ။”
“ဒါကို ဆရာမလည်း အသိပါပဲ။”
“ကျနော် သူ့ကို ရှင်သန်ခွင့် မပေးနိုင်ဘူး။ တာဝန်အရ လုပ်ရလိမ့်မယ် ဆရာမ.....ရယ်”
“မရဘူး...”

ကျမ အသံနည်းနည်းမာ သွားသည်ထင်...။ သူ ကျမကို ရီဝေစွာ ကြည့်လိုက်သည်။ နန်းခင်က လက်မောင်းကို ဆုပ်ကိုင်လာသည်။
“မှူး....နင်...”
“ကိစ္စ မရှိဘူး နန်းခင်...”
ကျမသိတာပေါ့။ ကျမ ဆုံးဖြတ်ချက် မမှားပါ။ ပြီးတော့ ကျမတို့တစ်တွေ..သူရ၊ ချမ်းမြေ့ ၊ နန်းခင်၊ မော်မော်စမ်း၊ မင်းနောင်၊ ခင်မာလွင်၊ သက်အောင်၊ ယွန်း နှင့် ကိုဇင်.........။
ကျမတို့တစ်တွေ ၄နှစ်ကြာ တွဲသွားတွဲလာ ဆေးကျောင်းအတူတက်ခဲ့ကြပြီး၊ ခိုင်မာတဲ့ယုံကြည်ချက်၊ ပြင်းထန်တဲ့ စိတ်ဓာတ်တွေနှင့် ဒီလို နေရာမျိုးကို ရောက်လာခဲ့ကြတာပဲ။ တစ်ယောက် အကြောင်း တစ်ယောက် သိနှင့်နေပြီးသားလေ။ ဒီထဲမှာမှ ကျမက အပြင်းထန်ဆုံး...။
လူသားချင်းစာနာမှု ဆိုတာကို ခဏဖယ်ထားလိုက်အုံး။ အရင်က ဘယ်လောက် မောက်မာရိုင်းစိုင်းခဲ့တဲ့သူ ပဲဖြစ်ဖြစ်၊
ကျမတို့ ကုသမှုကို ခံယူလာတဲ့၊ ခံယူနေဆဲ လူနာဖြစ်လာပြီးနောက်မှာ၊ ကိုယ့်လက်ထဲကနေ ဒီလူနာအသက်ကို လုယူမခံရဖို့ အတတ်နိုင်ဆုံး လုပ်ရမှာက ဆရာဝန်တစ်ယောက်ရဲ့  တာဝန်ဆိုတာ ခေါင်းထဲမှာ သံမှိုရိုက်ထားသလို စွဲနေရသည်လေ။
..........................
အသံတွေကို လိုအပ်တာထက် ပိုမို တိတ်ဆိတ်သွားသည်။ အမှောင်ထုက တစ်ဝက်၊ နေရဲ့  မစို့မပို့ အလင်း လက်ကျန်က တစ်ဝက်နဲ့.....တန်းလျားထဲက ညည်းတွား သံတစ်ချို့ ....။

“ကောင်းပြီလေ....ကျနော်ကလည်း ပြောခဲ့ဖူးတဲ့အတိုင်း ကျနော် တာဝန်ကျေအောင် ရတဲ့နည်း နဲ့ လုပ်ရပါလိမ့်မယ်....”
“အဲတော့မှ အဆိုးမဆိုးပါနဲ့................................”
“ရှင်...ကိုမြင့်ဖုန်း.....ရှင်...ကျမကို အရင် သတ်လိုက်......။”
“.....”


၅)

“ဒေါင်..ဒေါင်”
နေ့လည်စာ ထမင်းစား ဆင်းသည့် ခေါင်းလောင်းသံက နားဝင်ချို လိုက်သည် ဖြစ်ခြင်း။ မနေ့က တညလုံး နီးပါး စာကြည့်နေမိလို့ ၊ မနက် အိပ်ယာထနောက်ကျ၊ အိပ်ရေးမ၀မလင်နဲ့ ကျောင်းကို ကသုတ်ကရက် ထခဲ့ရတာ ဆိုတော့...လူက တော်တော် ဒေါင်းခြာဆိုင်းနေပြီ။

ဒီကြားထဲ မနက်ခင်း အတန်းစာက ခက်မှ ခက်သည်ဆိုသည့် chemistry ။ သင်တဲ့ ဆရာကလည်း ဖြစ်ချင်တော့ အသံကိုတောင် ချိုးခြံခြွေတာသူလို့ နာမည်ကြီးနေတဲ့ ဆရာမျိုး.....။ အိပ်ရေးမ၀တာက တဖက်၊ အာရုံစိုက်နားထောင်တာတောင် ဘာမှ သေချာ မကြားရတာက တဖက် နှင့် မှူးတစ်ယောက် အသေ ငါးမျှားရင်း လက်ထဲက ခဲတံနဲ့ နဖူး ကို ထိုးမိသေး။

အဲဒါကို နောက်တန်းက အကောင်တွေက ၀ိုင်းရယ်လို့ ရှက်လိုက်တာ ဖြစ်ခြင်း...။ဟွန်း ဒီနေ့ အဆင်ကို မပြေဘူးလေ။

“မိမှူး!!!!”
...........“ပလုတ်တုတ်”............
ကိုယ်က အတွေးတွေ များနေတာကို မိယွန်းတို့က နောက်ကနေ နားနား ကပ်အော်လိုက်တာမသိလိုက်ဘူး။ကျမ ထယောင်လိုက်တဲ့ အသံကျယ်ကျယ်ကြောင့် ကော်ရေဒါ က လူတွေ အကုန် ပြုံးစိစိ ကြည့်သွားကြသည်။
“မိယွန်း...နင် ဘယ်လို လုပ်လိုက်တာလဲ...!!”
“ဟိုမှာ...လူတွေ ရယ်ကုန်ပြီ။ အစုတ်ပလုတ်မ...တွေ့မယ်..နင့်လူကြီးလာမှ...”
“ဟာ..........၊ မှူးရာ..နင်ကလည်း ငါကနောက်တာကို”
“စိတ်ကလည်း ကြီးလိုက်တာ...” “နင့်ကို ကန်တင်းကနေ တစ်ခုခု ၀ယ်ကျွေးမယ်လေ...နော်”
“ဟိုလူကြီးကိုတော့ သွားမပြောပါနဲ့ဟာနော်...”
“နင်ကတော့လေ..ဟွန်း...ကျွေးမယ်ဆိုလည်း စားမယ်ဟာ..မုန့်ဟင်းခါး ၀ယ်ကျွေး”
“အိုကေ...”

မိယွန်း တစ်ယောက်က အဲလိုပဲလေ။ တွေ့ ရာလူ စနောက်နေတတ်တာ။ ပြီးရင် သူပဲ လူတကာကို လိုက်ချော့ရတာနဲ့ ၊ မုန့် ၀ယ်ကျွေး ရတာနဲ့ မှတ်လည်း မမှတ်ဘူးလေ။ ဒါပေမယ့် မှူး နှင့် ယွန်း က ၁၀တန်းကတည်းက တွဲခဲ့ကြတာ ဆိုတော့ တစ်ယောက်အကြောင်း၊ တစ်ယောက် အူမချေးခါး မကျန်သိကြသည်။

အင်း...သူ့လူကြီးဆိုတာကလည်း ဟဲဟဲ သူကစ စိတ်ဝင်စားနေတဲ့ သူ့ အိမ်နီးနားချင်း လူကြီးပေါ့နော်။ မပြောမဖြစ်လို့ ပြောရအုံးမှာလေ။ အဲဒီ လူကြီး နာမည်က “ကိုမြင့်ဖုန်းသက်” တဲ့။ ဘာရယ် တော့ မသိဘူး။ နေ့လည်ခင်း ထမင်းစားချိန်ဆိုရင် အဲဒီလူကြီးက ၂ရက်ခြားတစ်ခါ ရောက်ရောက်လာတတ်တယ်။ ဘာကြောင့်မှန်းတော့ မသိဘူးပေါ့။



၆)

နားထဲမှာ ကြမ်းခင်းဝါးကပ်တွေကို ဖွဖွလေး နင်းလိုက်တဲ့ အသံကြားလို့ လှည့်ကြည့်လိုက်တော့ ယွန်းကို တွေ့လိုက်ရသည်။ နန်းခင်၊ မိမော် နှင့် ခင်မာလွင် တို့က အိပ်မောကျနေဆဲ။ ယွန်းကို လက်ညိုးလေး နှုတ်ခမ်းရှေ့ ထောင်ပြပြီး အပြင်ထွက်လိုက်လာဖို့ အချက်ပြတာနဲ့၊ ကျမ လည်း အသံတိုးနိုင်သမျှ တိုးအောင် ခြေဖွပြီး အောက်လိုက် ဆင်းလာခဲ့သည်။

တကယ်ဆို ကျမတို့ အခုနေတဲ့ အိမ်လေးက ပျဉ်ထောင်အိမ် ကျဉ်းလေးတစ်ခုပါ။ အိမ်ခန်း ၁ ခန်း၊ ရေချိုး ခန်း ၁ ခန်း နှင့် ဧည့် ခန်း၁ ခုပါရှိသည်။ အိမ်ခန်းက တံခါး မပါရှိချေ။ အိမ်လေးကို လေ့လာရောက်သလောက် ယခင် တိုက်ပွဲများ အဖြစ်ခင်က လင်မယားနှစ်ယောက်သာ နေခဲ့ပုံရတယ်။
အခြေအနေအရ ဘေးလွတ်ရာ ပြေးခဲ့ရလို့ ထင်ပ....အိုးခွက်ပန်းကန်များတောင် မသယ်မသွားနိုင်ပဲ ကျန်နေခဲ့သည်။ ကြမ်းကို ၀ါးခြမ်းပြား တွေ ဖြစ်ရုံတမယ် ခင်းထားပြီး အဲဒီကြမ်းခင်းမှာပဲ ကျမတို့ တစ်တွေ ဖြာတစ်ချပ်ခင်းပြီး မောမောနဲ့ အိပ်မောကျခဲ့ရသည်။

အိမ် အပြင်ကို ရောက်တော့ လုပ်နေကြ အကျင့်အတိုင်း ကောင်းကင်ကို မော့ကြည့်ဖြစ်တယ်။ မိုးသားမိုးရိပ်တွေ နဲ့ ကောင်းကင်တခွင်လုံး မဲမှောင်နေတာများ၊ ခဲသားနဲ့ ခြယ်ထားတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။ လေကလည်း ရေခဲတောင်များကို ဖြတ်တိုက်လာသလား မှတ်ရအောင် အေးစက်လို့...။

................................................
“မှူး...”
“ရော့..မျက်နှာသစ်၊ ပလုတ်ကျင်းလိုက်အုံး..” ပြောရင်းနှင့်ပင် ယွန်းက ရေခွက်ကို ကမ်းပေးသည်။
“ပြီးရင် ဆန်ပြုတ်နည်းနည်းစားပြီး ဆေးသောက်ထားလိုက်အုံး...”
“ငါတို့ တစ်တွေ အားရှိမှ၊ ကျန်းမာမှ.......” ပြောလက်စနှင့် ယွန်း အသံတွေ တိမ်ဝင်သွားပြန်ပါသည်။ ဟုတ်တယ်။ ကျမတို့တစ်တွေ ကျန်းမာမှ၊ မကျန်းမမာ ချို့ တဲ့သူတွေကို အပြည့်အ၀ ပြုစု ပေးနိုင်မယ် မဟုတ်သည်လား။
ရေခွက်ကို လှမ်း ယူလိုက်ရင်းက တစ်စုံတစ်ခုကို ကျမ ရုတ်ကနဲ သတိရလိုက်မိသည်။ မနေ့ ညနေက ပြသာနာ...။ ဟိုလူ...။ ဘာတွေ ဆက်ဖြစ်အုံးမလဲ...။ ကျမ အတွေးကို ရိပ်မိသွားပုံရသော ယွန်းက ပျာပျာသလဲ ၀င်တားသည်။
“မှူး...မျက်နှာ အရင်သစ်လိုက်ပါအုံး။” “ပြီးမှ တန်းလျားထဲ တူတူ သွားတာပေါ့..”
“သူရ တစ်ယောက်လည်းနိုးနေပြီဟ...စောစောကပဲ ငါတို့ လူနာတွေကို ရောင်းလှည့်ပြီး လိုအပ်တဲ့ ဆေးတွေ ထပ် တိုက်ထားတယ်...”
“အင်း အင်း...အဲဒါဆို ပြီးတာပါပဲ...”
“ဒါနဲ့ ဟိုလူကော..ဘယ်နှယ့်နေသေးလဲ???”
“ဟို ပြောက်ကျား အကျီ င်္နဲ့ လူလေ..”

မျက်နှာ သစ်လက်စ နှင့် အမှတ်တမဲ့ ယွန်းကို မေးလိုက်သော်လည်း..အဖြေက ချက်ချင်း ပြန်မလာခဲ့။ ကျမ သေချာ လှည့်ကြည့်လိုက်တော့ သူဘေးနာ သူရပါရောက်နှင့်နေခဲ့သည်။
“........”
“နင်သာ နေသာအောင် အရင်နေ..”တဲ့ သူရက ၀င်ပြောလိုက်ခြင်းဖြစ်သည်။
“နင် မနေ့က အားကြီး ငိုတယ်ဆို...” ဟု သူက မေးသည်။
“ဘာလို့လဲ...ငါ့ကို ပြောပြနိုင်မလား” တဲ့...............

အားးးး ကျမ အဲဒီမေးခွန်းမျိုးကို မကြိုက်ပါ။ မေးခဲ့ရင်ဆိုသော ကြိုတင်စဉ်းစားခြင်းလည်း မလုပ်ထားမိပါ။ သေချာတာ တစ်ခုကတော့ ဘာကြောင့် ဆိုသော မေးခွန်းကို ကျမ ဖြေဖို့ရန် အဖြေမရှိပါ။ ရှိလျှင်လည်း ဖြေလိမ့်မည် မဟုတ်ပါ။
“..............”
ဒါနဲ့ ပဲ သူရ က ဆက်ပြောတယ် “ရတယ်လေ...နင် မဖြေချင်လည်း နေပါ..”
“ဘာပဲ ဖြစ်ဖြစ် နင် အနားမှာ ငါတို့ အကုန်ရှိတယ်...” တဲ့
ဘာသဘောနှင့် သူရ ဒီလို ပြောတာပါလိမ့်။
..................................ပြီးတော့ သူ လှည့်ထွက်သွားခဲ့သည်။

ကျမ ယွန်း၏မျက်နှာကို သာ စိုက်ကြည့်နေမိတော့သည်။ သူတစ်ယောက်သာ ကျမ အကြောင်းကို တစ်ခုမကျန် သိထားသူမို့လေ။ အပြစ်တင်ဖို့ ခွန်အား ကျမမှာ မရှိတာ အမှန်ပါ။ ဒါပေမယ့် ကျမ ၀မ်းနည်းသွားခဲ့သည်။ မျက်နှာပေါ်က ရေစက်များသည်လည်း သူ့ အလိုလို စီးကျ ခြောက်ခမ်းသွား ခဲ့ရသည်။

သူရထားတဲ့ ဒဏ်ရာက ပြင်းထန်လွန်းတယ်။ ပြီးတော့.......ဘာမဆိုင် ညာမဆိုင် ကိုမောင့်ကို သူမ သတိရနေမိသည်။


၇)

“မှူး ခဏလောက် အချိန်ရမလား??”
ကျမနည်းနည်းတော့ လန့်သွားသည် အမှန်ပါ။
နေမကောင်းဟု အကြောင်းပြကာ ကျောင်းပျက်ရက်ဆက်နေပြီ ဖြစ်တဲ့ ယွန်းဆီကို သတင်းမေးရန် ၊ကျောင်းစောဆင်းသောနေ့ကို ရွေးကာ ကားမှတ်တိုင်မှာ ကားရပ်စောင့်နေတုန်း............နောက်ဖက်ဆီက အသံထွက်လာခြင်း ဖြစ်သည်။
အသံကို ရင်းနှီးနေသလို ဖြစ်နေသည်။ ထိုကြောင့် နောက်လှည့်မိတော့...

“ဟယ်..ကိုမြင့်ဖုန်း...ဘယ်ကို လာတာလဲ?...”
သူက လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို လိမ်တော့မယ် ပုံစံမျိုးနဲ့ ပြန်ပြုံးပြသည်။
“.......”
“နည်းနည်းတောင် လန့်သွားတယ်..အဟတ်...။ ဒါနဲ့ မသိသေးဘူးထင်တယ်။ ယွန်းတစ်ယောက်နေမကောင်းဖြစ်နေတယ် တဲ့..”
ဒီတော့ မှ သိနှင့်နေတဲ့ မျက်နှာထားနဲ့
“...သိပါတယ်...”
“အင်း.........”
“ဟို..........” ဆိုပြီး တစ်ခုခုပြောတော့မလို လုပ်ပြီးမှ ပြောမယ့်စကားက ထွက်မလာပဲ တန့်သွားပြန်ရော..။
ဒါနဲ့က ကျမက ဘုမသိဘမသိ..
“ ဘာလည်း..ကိုမြင့်ဖုန်းလည်း ယွန်းကို သွား ကြည့်မလို့လား...?”
စိတ်ထဲထင်ရာမေးပစ်လိုက်သည်။ တစ်ခါမှလည်း စကားကောင်းကောင်း မပြောဘူးတော့ သူကလည်း အူကြောင်ကြောင်။ ကျမလည်း အူကြောင်ကြောင်ပေါ့။

အနီးကပ်သေချာ မြင်ရမှပဲ ထင်သလောက် အသက်ကြီးသေးပုံမရတဲ့သူ့ကို နှစ်ပြန်လောက် ကြည့်ပစ်လိုက်တယ်လေ။ အသက်ကတော့ အလွန်ဆုံးရှိ ၃၀ လို့ ကိုယ့်ဘာသာ သတ်မှတ်လိုက်ရင်း... ယွန်းရဲ့  လူကြီးဆိုပြီး စိတ်ထဲမှာတောင် ခေါ်မိသွားသေးတယ်။ အဲဒါကို မြင်သွားတဲ့ သူက...
“ဘာလို့လဲ ခင်ဗျာ...ကျနော်ကြည့်ရတာ ရယ်စရာများ ဖြစ်နေလို့လား ?” တဲ့။
မှူးလည်း ချော်လဲ ရောထိုင်ပြီး “အာ ဟုတ်ပါဘူး။ မှူးနဲ့ လိုက်မယ် မဟုတ်လား” လို့ ခပ်တည်တည် မေးလိုက်သည်။

သူက..“ ဟုတ်ကဲ့...” အပြော၊ ဘတ်စ်ကား ကလည်း အရောက်၊ ဒီလိုနဲ့ ၂ နာရီကြာ စီးရတဲ့ ခရီးကို မှူးတစ်ယောက် အလကားရတဲ့လေ နှမျောရကောင်းမှန်းမသိ စကားတွေပြောလိုက်၊ ကိုမြင့်ဖုန်းတစ်ယောက်က ဟုတ်ကဲ့လိုက်လိုက်နဲ့ စကားတွေပြောလာလိုက်တာ ယွန်းအိမ်ရှေ့ ရောက်တဲ့ အထိပဲ..။

“မှူး...ဒါလေး ယူသွားပါ”
“အမ်..ဘာလေးလဲဟင်? ယွန်းဖို့လား? အိမ်ထဲ မ၀င်တော့ဘူးလား?”
“အင်း...ယူသွားလိုက်နော်။ အထဲ မ၀င်တော့ဘူး”

ပြောလို့တောင် မဆုံးသေးခင်၊ ကျမလက်ထဲကို စာတစ်စောင် ထိုးထည့်ပြီး ခပ်သုတ်သုတ် ထွက်သွားသည်။ ဒါနဲ့ ကျမလည်း ယွန်းအိမ်ထဲကို တစ်ယောက်တည်းပဲ ၀င်ခဲ့လိုက်တယ်။ ယွန်းမေမေက တံခါးဝကနေ ကြိုနေပြီး၊ ယွန်းတစ်ယောက်နေမကောင်းကြောင်း၊ အကောင်းကြီးမှ ထဖြစ်ရသည့်အကြောင်း၊ အိမ်ခန်းတွင်းမှ ထွက် မလာကြောင်း၊ စီကာပတ်ကုံး ပြောပြခြင်း ပြီးကာမှ ကျမ ယွန်း အခန်းရှေ့  ရောက်ရတော့သည်။

တံခါးခေါက်တော့ ဘာမှတောင် မမေးဘဲ ယွန်းလာပြီး တံခါး ဖွင့်ပေးတယ်။ ကျမရောက်နေကြောင်း၊ စကားပြောနေသံ ကြားလို့ သိနှင့်နေပုံရသည်။

“ယွန်း...”
“...ဟင့်...ဟင့်..”

ဘာမှ တောင် မပြောရသေးပါ။ ကုတင်ပေါ် ပစ်လှဲပြီး ခေါင်းအုံးမှာ မျက်နှာအပ်လျက် ငိုရန် အစပျိုးနေချေသည်။ ကျမ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ ကျမ ခပ်မြန်မြန် အကြံထုတ်မှ။ ဒီမိန်းမ မငိုအောင် ဘာလုပ်ပေးရကောင်းမလဲ တွေးတော့ ကိုမြင့်ဖုန်းပေးခဲ့တဲ့ စာကို ချက်ချင်းပဲ ထုတ်ရင်း...

“ယွန်း..ရော့ နင့်ဖို့ တဲ့”
“ကိုမြင့်ဖုန်းကြီး...ပေးသွားတာ အဟိ”
ကျမပေးတာကို ယွန်း မယူသေးပေ။ မယုံသလို ကျမကိုစိုက် ကြည့်ပြီးမှ ယူသည်။
ပြီးတော့ သူ့ဘာသာ ပြောသလို ရွတ်လိုက်သေးသည်။
“ဟိုတနေ့ကပြောတော့.............”

ကျမ လည်း အလိုက်တသိ အခန်းပြတင်းပေါက်နားမှာ သွားရပ်ပေးလိုက်တယ်။

သို့ပေမယ့် သိပ်မကြာလိုက်။
“ဟီး .................”
“ယွန်း!” ကျမ အလန့်တကြား ခေါ်မိသွားတယ်။
“နင်ဘာလို့ ငိုတာလဲ?? ငါ့ကို ပြောစမ်းးးးး.........”
ယွန်း ဘာမပြောညာမပြောပဲ ကျမကို သူမ အခန်းထဲကနေ တွန်းထုတ်ပစ်လိုက်သည်။
နောက်......“ရော့....နင့်စာ!!!”
ရင်ဘတ်ကို စာရွက်လာ ထိပြီး တံခါးပိတ်သွားသည်.........။
“ဂျိမ်း”
ဟာ ဘာလည်း..........။ တစ်ခုခု လွဲချော်နေပြီ ဆိုတဲ့ အသိနဲ့ စာကို ကောက်လိုက်သည်။ တုန်ရီတဲ့လက်တွေနဲ့ စာကို ဖွင့်......................................။မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့.....။

သို့ မှူး...............

တင်စားပြီး မပြောတတ်လို့ ရိုးရိုးပဲ ရေးလိုက်ပါ့မယ်။ ပါးစပ်နဲ့ မပြောရဲလို့ စာနဲ့ ဖွင့်ပြောရတာကိုတော့..ခွင့်လွှတ်စေချင်တယ်။ အမှန်က ဟိုစတွေ့စကတည်းက အစ်ကို့ ရင်ထဲမှာ မှူးတစ်ယောက်သာ စိုးမိုး..............................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................
...................................................................
................................................။
(ကိုမြင့်ဖုန်းသက်)


ကျမ...။ ဘာမှ မသိချင်ခဲ့ပါ။ ကျမ ..........။ စိတ်ကူးရှိတိုင်းသာ ငြင်းဆန် ခွင့်ရခဲ့ရင်...။



၈)

စိတ်ထဲကနေ လေပူတွေကို မှုတ်ထုတ်ပစ်လိုက်သည်။ သက်သာသွားသလိုသာ ရှိပေမယ့် ရင်ဘတ်ထဲမှာ ကျဉ်နေတုန်း။ ဆေးကို ဒီအတိုင်းမြိုချပစ်လိုက်ပြီး အ၀တ်လဲကာ တန်းလျား ဘက်ကို ထွက်ခဲ့သည်။ တန်းလျားထဲက လူတွေ သက်သာရဲ့ လား မသိဘူး။ မနေ့က တညလုံး နီးနီး မိုးရွာတယ်။ ဒီနေ့လည်း ရွာအုံးမယ် ထင်ပါရဲ့နော်။ လူနာတွေတော့ မိုးအေးတာနဲ့ အနာက ပိုဆိုးလာနိုင်တယ်လေ။ ဘာဆေးတွေ ထပ်မှာရမလဲ။ လူနာတွေ သက်သာလာအောင် ဘယ်လို နွေးထွေး အောင် ထားရမလဲ စာစီနေတုန်း...။

“ဒိုင်း..”
“အောင်မလေး...”

ကျမ အရမ်း လန့်သွားတယ်။ ဒီနေ့ တစ်ဖက်နှင့် တစ်ဖက် စစ်ဆင်ရေး မရှိဘူးလို့ သတင်းရထားရက်နဲ့...။ ဒါဘယ်က လာတဲ့ အသံပါလိမ့်။ ဘယ်သူ့ကို ပစ်တာလဲ။ ဘယ်ဘက်က ပစ်တာလဲ။ အတွေးတွေ ခေါင်းထဲ မှာ ၀ရုန်းသုန်းကား ဖြတ်ပြေးသွားသည်။အဲဒီ အတွေးထဲမှာ ဟိုလူက ၀င်ပါလာတယ်။ ဟို ပြောက်ကျားဝတ် နဲ့ လူ....။မျက်နှာ တပြင်လုံး ပျက်စီးနေတဲ့သူ.........။ပြီးတော့ ကိုမြင့်ဖုန်းသက်..........။

ကျမ တန်းလျားထဲကို တဇွတ်ထိုး ပြေးဝင်လိုက်သည်။ အထဲမှာ ကျမတို့ အဖွဲ့ ၁ဖွဲ့  ရှိနေဆဲ...။ဒါပေမယ့် ဟိုလူ့ ကုတင်ပေါ်မှာ အခြား အကျီ င်္ ဖြူဝတ် လူနာ တစ်ဦးသာ ရှိနှင့်သည်။ ကျမ မျှော်လင့်သလို သူရှိ မနေခဲ့ဘူး။ အစောက ကျည်တစ်တောင့် ကျမ ရင်ဘတ်ကို ချိန်ရွယ်ပြီး ပစ်လိုက်သလိုမျိုး ကျမ ဒူးထောက်ကျသွားတယ်။ သူ့ကို.............ခေါ်သွားခဲ့ပြီ။ ကျမ မရှိတဲ့ အချိန်မှာမှ အခွင့်ကောင်းယူ ရက်လိုက်လေခြင်း....။

ကျမဆီ သူငယ်ချင်းတွေ ပြေးလာကြသည်။ ဘယ်သူမှ မသိလိုက်ကြဖူးတဲ့။ ဘယ်သူမှ သတိမထားခဲ့လိုက်ကြဖူးတဲ့။ သူရ နှင့် ကိုဇေ ၂ယောက်သား အပြင်ကို ပြေးထွက်သွားတာကို နောက်ဆုံး မြင်လိုက်ရသည်။

ယွန်းတစ်ယောက်ကတော့.............နှစ်သိမ့်ဖို့တာင် အနားကိုမလာခဲ့။ ကျမကို စိုက်ကြည့်ရင်း တောင်းပန်နေသလိုမျိုး..........။

မှူး မသိချင်ဘူး ယွန်းရယ်။ ငြိုးငယ်မှုတွေနဲ့ အသနားခံနေတဲ့ နင့်မျက်ဝန်းကို ငါမဖတ်တတ် ချင်ဘူး။
ဘာလို့လဲ? ဘာလို့လဲဟာ........။
ကျမ မျက်ဝန်းအိမ်ကနေ မျက်ရည်ဆိုတဲ့ အားငယ်မှု၊ ဆုံးရှုံးမှု ၊ ခိုကိုးရာမဲ့မှုတွေကို တစ်စက်ချင်း ခြွေပစ်လိုက် သည်။


၉)

စစ်ကြီးပြီးလို့ အသက်ပေါင်းများစွာ ကြေပျက်ခဲ့ပြီးတဲ့နောက်...........။
ဖဘုရားသခင် ... အသက်ဆုံးရှူံး ခဲ့သူတို့ ၏ ၀ိဥာဉ်တော်ကို ကောင်းမွန်ရာသို့ စောင်မကြည့်ရှူ့ တော် မူပါ။
ကျမ ဆရာဝန်တစ်ယောက် အနေနဲ့ လူနာတစ်ဦးပေါ် တာဝန်ပျက်ကွက်ခဲ့မိလို့ရှိရင်လည်း အပြစ်တင်တော်မူပါ။
ကျမ လက်ဖ၀ါးတွေ နှင့် လူကယ်ခွင့်တောင် မျှမျှ တတ မရှိ တဲ့ လူလောကကြီးကို မျှတအောင် စီမံပါ။
ကျမရဲ့  ချစ်သူနှင့် ပြန်ဆုံဆည်းရန် ဆုတောင်း ကိုလည်း ကောင်းချီးပေးတော်မူပါ သခင်......။
.............................................................................................................................။

အကယ်၍ ယွန်းလက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့ ခြင်္သေ့ရုပ်ကလေးကိုသာ မှူးတစ်ယောက် တွေ့မြင်ခဲ့ရပါရင်.........................။

သူမဆိုတာ အနီ နှင့် အစိမ်း ကြားက မပြတ်သားသော ရပ်တည်ခြင်းနှင့် လိမ္မော်ရောင် အစက်လေး တစ်စက်မျှသာ ဖြစ်ကြောင်း................။

သေးနုပ်သိမ်ငယ်လှသည်။


မှူးဒါရီ ခံစားတင်ပြသည်။

No comments: