Monday, September 29, 2008

“..ချစ်သူ မသိသေးသော သိရန်များ..”

“..ချစ်သူ မသိသေးသော သိရန်များ..”


တစ်ရက်လောက် မမြင်ရတော့
တစ်ညလုံး အိပ်မပျော်ဘဲ နေခဲ့တာ
မင်း မသိဘူး။


မညာတတ်တဲ့ ငါ့ နှုတ်ခမ်းက
မင်း ကို ချစ်တဲ့ အကြောင်း ခဏခဏလို မပြောဖြစ်ခဲ့
ဒါကိုက ပြောဖြစ်တဲ့ တစ်ခါတစ်လေဟာ
ပိုလေးနက်စေတော့ရယ်လို့........။
ဒါကို မင်း မသိဘူး။


အက္ခရာ တွေ ချကျွေးလိုက်တိုင်း
အသံလှိုင်းတွေပဲ့ထင်ပြန်တတ်တဲ့ ငါ့ နှလုံးသားရပ်ဝန်းမှာ
အပ်နှင်းထားတဲ့ ရှင်ဘုရင်
မင်းဖြစ်တယ် ဆိုတဲ့ ဖြောင့်ချက်အပေါ်

မင်း......................
ခုချိန်ထိ ပုံအောလောင်းကြေး မထပ်ရဲသေးတာတစ်ခုတည်းနဲ့
ဘယ်လောက်ထိ ငါ ၀မ်းနည်းနေရဦးမယ်ဆိုတာလည်း..............။
မင်းမသိဘူး။


ဆုပ်ကိုင်ထားတဲ့ လက်တွေ မနွေးခင်
ငါတို့နှစ်ဦး သစ္စာ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်သွားမယ်လို့
စိတ်ကို တိမ်းညွတ်စေတဲ့ နတ်ဆိုးတွေရှိခဲ့ရင်........................၊

ချစ်ခြင်းတန်ခိုး နဲ့ သူတို့ကို အမှုန့် ချေပစ်နိုင်တဲ့ အစွမ်း
မင်းပေးသမျှ အနမ်းတွေနဲ့ အသင့် ဖော်စပ် သိမ်းဆည်းထားသေးတယ်။
မင်းမသိဘူး....................။


ဝေးနှင့်ပြီးသား မင်း နဲ့ ငါ့ ကြားမှာ
ဒီထက် ပိုဝေးသွားအောင် အကြံနဲ့
သံသယဗုံးတစ်လုံး နောက်ထပ် မင်း ပစ်ခွဲချင်ခဲ့တောင်

ကမ်းပါးပြိုမှ မြစ်ကို စွန့်တဲ့ သစ်ပင်လိုမျိုး
အမြစ်ရင်းထိ တိုးကုပ်တွယ်ကပ်........
မင်းမရှိရင်မဖြစ်တဲ့ အရိပ်လို ငါ့ ရပ်တည်ချက်ကိုလည်း.........
မင်းမသိဘူး။


တစ်ကယ်တမ်း လွမ်းစေတော့ရယ် တမင် ငြိုးတဲ့
ချစ်သူ အပစ်ပယ်ခံ အခိုက်အတန့်လောက်
ဘယ်ည မှ ပို မမှောင်မိုက်ဘူး မင်း နားလည်လာမယ့် တစ်နေ့
သိပ်နောက်မကျ ဖြစ်ခဲ့ရင်ပေါ့...................အချစ်ရယ်


မင်းသိအောင် ထပ် ပြော ပြ ချင် ပါသေးတယ်..........
“မင်းကို ငါချစ်တယ်”လို့...................။

မှူးဒါရီ

No comments: