Friday, October 3, 2008

“အိမ်ပြန်ချင်တယ်”

“အိမ်ပြန်ချင်တယ်”


လဲကျလိုက်
ထရပ်လိုက် ပေါ့
ကလေးတုန်းကလို
လေးဖက် သွားဖို့က
ဖြစ်မှမဖြစ်နိုင်တော့တာ......။


ဝမ်းမဟာအောင်
ကျောကို နေပြရ...
မျက်နှာချို လေချိုသွေးရ...
လိုချင်တာ မရတိုင်း
အော်ငိုလိုက်ရုံ ပြီးမယ့်
ကလေး လည်း မဟုတ်တော့ဘူး...။


အမေ မွေးတဲ့
အဖေ ပေးတဲ့
ဲ့နာမ်တစ်လုံး နဲ့ လူဖြစ်ဖို့
ကိုယ့်ကိုယ်ကို ပြန်ထူမတ်ရတိုင်း
နုနယ်အေးချမ်းတဲ့ ကလေးဘ၀ကို
လွမ်းတဲ့အခါလည်း လွမ်းတယ်....။


မိသားစု အိမ်တဲ့
နွေးနွေးထွေးထွေး
လုံလုံခြုံခြုံ..........
ကိုယ့်အလှည့်ကျတော့
ဖူလုံအောင် မနည်း ကြံဖန်ရင်း
နေပူကြီးထဲ လောဘ တလူလူ.......။


ရက်ကို လစား
လကို နှစ်စား...
အသက်တွေ ကြီးသွားလိုက်ကြတာ....၊
လိုချင်တိုင်း မဖြစ်ရတဲ့ လောကထဲ
သေဖို့ မွေးဖွားလာတဲ့ သက်ရှိတွေပဲလို့
တရားသဘောနဲ့
အမောလည်း ဖြေတတ်နေပြီ....။


ဖြောင့်လိုက်
ကောက်လိုက်
လမ်းမှန် ရွေးလျှောက်ရင်း
လမ်းမှား ရောက်တဲ့ သင်ခန်းစာ...
ကျောင်းတုန်းကလို
တစ်နှစ်တစ်တန်း မှန်မှန် အောင်ရုံ
မပြီးနိုင်မှန်းလည်း သိခဲ့.....။


မိတ်ဆွေ တဲ့
အပေါင်းအဖော် တဲ့
အခိုက်အတန့် သွားကြမယ့် ခရီး တူတော့
ကိုယ်ပေါင်းစိတ်ခွာ ဖြစ်ဖြစ်
စိတ်ပေါင်း ကိုယ်ခွာ ဖြစ်ဖြစ်
ငယ်ငယ်က သူငယ်ချင်းတွေလို
ပွင့်လင်း ခင်မင်ခွင့် လည်း နည်းလာတယ်....။


မောဟတွေ
ဒေါသတွေ ပိုက်ပြီး
ဘယ်တော့များ လိုရာရောက်လိမ့်မလဲ?
ရေကြည်ရာ မြက်နုရာတဲ့
အပျော်တွေ ရှားတဲ့ အရပ်မှာ...
(ကြာလာတော့လည်း...)
တော်သလို မရောင့်ရဲနိုင်တာ
မှားတယ် ဘယ်သူပြောဦးမလဲ...။


မနေ့ကတော့
အလွမ်းလေ သွေးလို့
ဝေး မွေးမြေရပ် အိမ်ကို
ဖုန်းခေါ် ဖြစ်သေးတယ်...
၁၂၃၄၅..........၁၀
ဟယ်လို.......
ကျနော် ဒီ နိုဝင်ဘာဆို
အသက် ၂၅ ပြည့်ပြန်ပြီ အမေ...။
မေတ္တာစစ်တွေ မပါးလွှာတဲ့
အမေ့ရင်ခွင်မှာ ခဏ ပြန်လာမှေးစက်ချင်လို့ပါ..
အမေ....။
ဟုတ်ကဲ့ အမေ........။
ကျနော် အရင်လို အငိုမလွယ်တော့ပါဘူး......။
အားလုံး အဆင်ပြေပါတယ်..။

မှူးဒါရီ

2 comments:

mgphonemyint said...

ဟုတ်တယ်ဗျ...
"တစ်ခါ တစ်လေ ပြန်လည်တွေးရင် အလိုလိုငို ချင်တယ် " ဆိုတဲ့ သီချင်းစာ သားလေးလို ဖြစ်နေတယ် .....။

ဝမ်းမဟာရအောင် ကျောကိုနေပြရ
မျက်နှာချို ၊ လေချိုသွေးရ
တော်တော် ခက်တဲ့ အလုပ်ပဲဗျာ.........။

Minn Yoon Thit said...

အိမ်ပြန်ချင်နေတဲ့ ဘ၀တွေကို ကိုယ်ချင်းစာမိတယ်။း(