Monday, October 20, 2008

“အလိုကျ”


တိမ်စ
နဲ့ တူသတဲ့

လေတိုးတိုင်း ရွေ့ 
အခါလွန်မှ ရွာ
အပူငွေ့တွေ ရင်ခွင်မှာငုံရင်း
ပြာလွင်လွင် ကောင်းကင်ကြီး
တစ်စိတ်တစ်ပိုင်း ဟဲ့ ဆိုပြီး
မာန်တက်နေတဲ့ တိမ်စနဲ့သာ
ကျွန်မ တူသတဲ့.......။

အတွယ်အတာမဲ့
လည်ပြန်လှည့်မကြည့်တတ်တာမျိုး
မိုးခေါင်ရပ်ကိုဖြတ်
ပင်လယ်မှာ မုန်တိုင်းကျတတ်တာမျိုး
မုန်သုတ်အချိုးနဲ့
မျက်စိစပါးမွှေး စူးစေတဲ့
မိုးတိမ်စ နဲ့ သာ တူသတဲ့.......။

တောက်ခေါက်သံ ကြားပါလျက်
ဆုတောင်းသံ ကြားပါလျက်
ဖားအော်သံလည်း ကြားပါလျက်

အသက်မပါတဲ့ အိမ်မှာ
အသည်းနှလုံးမရှိတဲ့ တိမ် တဲ့.........

ငြိမ်သက်စွာ မျက်နှာလွှဲ
ငတေမာ ပြီးတာပဲ စိတ်နဲ့
ရင်အကွဲကြီးနဲ့ တိမ် တဲ့..........

ချစ်သောသူ စွပ်စွဲတယ်။


တိမ်စက ငိုပြတော့
တိမ်သဘာဝ ပါတဲ့
ကျွန်မ ရင်ခွဲချလိုက်သော
ကျွန်မ ကိုယ်တိုင်ဟာ
မူယာ မာယာ အပြည့် ပါပဲတဲ့........

အပြစ်မလွတ်အောင်
လေပြင်းမွှေသမျှ
တိမ်စ သဘော....
ကျွန်မလွင့်မျောခဲ့ပါလျှင်
(မမေ့နဲ့ပေါ့...)

ချစ်သူ ရှင်က နှင်ခဲ့သူ..........။

မှူးဒါရီ

1 comment:

Kaung Kin Ko said...

ကဗျာလာဖတ်သွားတယ်နော်။