Monday, December 8, 2008

“ချစ်သူ”

ငယ်ငယ်လေးတည်းက ကဗျာကို စိတ်ဝင်စားခဲ့သလားဆိုတာတော့ မဟုတ်ပါဘူး။ သီချင်းတွေကို စိတ်ဝင်စားခဲ့သလားဆိုပြန်တော့လည်း မဟုတ်ပါဘူး။ စာအုပ်လည်း အဖတ်နည်းတယ်။ သူငယ်ချင်းလည်း နည်းနည်းပဲ ထားတတ်တော့ ပြင်ပ အတွေ့ အကြုံလည်း မရှိသလောက် ပြောလို့ရတာပေါ့...။ ဒါပေမယ့် ရင်ဘတ်ထဲက ခံစားတတ်သည့် နှလုံးသားကတော့ သူများတွေတက် ပိုပုံရတယ်။ ဒါကြောင့်လည်း ပထမဆုံးကဗျာရယ်လို့ စရေးတော့ ကိုယ်ပိုင်ခံစားချက်အစစ်မဟုတ်တဲ့ သူများရင်ဘတ်နဲ့ စကားလုံးအတုတွေ ငှားရေးခဲ့ဖူးတယ်..။ ကဗျာစာအုပ်လည်း အမှတ်တရ သိမ်းမထားမိတော့ ဥပမာပြဖို့ မဖြစ်နိုင်တာကို စိတ်မကောင်းဖြစ်မိပါရဲ့ ...။


အသက် ၁၅နှစ်လောက်ကျမှ ဂစ်တာ၊ သီချင်း၊ ကဗျာ နဲ့ ကော်ဖီ ကို စွဲစွဲလမ်းလမ်း နှစ်ခြိုက်တတ်ခဲ့တာမို့...ပထမဆုံး အဆင့်ရှိရှိ ဖတ်ရှူနှစ်သက်ခဲ့ရတဲ့ ကဗျာတစ်ပုဒ်ကတော့ မောင်စိန်ဝင်း(ပုတီးကုန်း) ရေးသားတဲ့ “ချစ်သူ” ဆိုတဲ့ကဗျာလေးပါ...။ အသက် ၁၇ နှစ် ပြည့် မွေးနေ့မှာ အမှတ်တရ မြတ်နိုးရတဲ့လက်ဆောင်လို့ ပြောလည်း မမှားပါဘူး။


ခုများထိ စာဖတ်နည်းလွန်းတဲ့ မှူးဒါရီ တစ်ယောက်၊ အတိတ်ကို အမှတ်ရပြီး အရင်တုန်းက စာအုပ်တွေ ပြန်ရှာဖွေ မွှေနှောက်ရင်း ကိုယ့်မိတ်ဆွေဘလော့ဂ်လည်သူများကိုလည်း ဖတ်စေချင်တဲ့ စိတ်နဲ့ ပြန်ဝေမျှပေးလို၍သာ ဤပိုစ့်ကို ရေးရပါတယ်...။ အကြိုက်ချင်းတူပါက အထူးဝမ်းမြောက်ရမည် ဖြစ်ပါကြောင်း...။



“ချစ်သူ”

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့်အရပ်ကို ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်ပါသည်။

သေဆုံးသည်အထိ
မှိတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
ချစ်သူသာ ဖြစ်၏။


မှူးဒါရီ ခံစားတင်ပြသည်။

1 comment:

လင်းဦး(စိတ်ပညာ) said...

ဟုတ်ကဲ့... အကြိုက်ချင်းတူပါတယ်.... :)