Tuesday, December 30, 2008

“ရူးသွပ်ကြည့်မိပါတယ်”


ကိုယ်က အရူးလေ

လေပွေလို အရူး…

ကိုယ်လုပ်သလို လိုက်မလုပ်နဲ့

ကိုယ်ပြောသလို လုပ်ဖို့ ပြောတဲ့ အရူး…

ယဉ်ယဉ်လေး အရူး…

ဘ၀င်ခိုက်နေတဲ့ အရူး…


အရူးမစစ်လို့

ကိုယ့်ကို ခွေးနဲ့တော့ ရှူးမတိုက်ပါနဲ့

လမင်းလေးရယ်….

အရူးရင်ဘတ်ပါတယ်

ချစ်တတ်တယ်


တစ်ဖက်လှည့်တာနဲ့

အရူးက ရူးသထက်ရူးသွားတာ

ဘယ်သူမှ ရင်တမမ ဖြစ်စရာ မရှိ

တစ်ဖက်လှည့်တာနဲ့

အတူတွဲလက် အခန်းဆက်သိမ်း

မင့် မျက်နှာဖုံး ချိန်းသွားတာကိုတော့

ကိုယ့်လို အရူးတွေ စိတ်ဝင်စားကြမယ်


အရူးမို့လို့

ကိုယ့်ကို မချစ်ဘူးတော့ မပြောပါနဲ့

လမင်းလေးရယ်…..

အရူး နှလုံးခုန်ပါတယ်

ခံစားတတ်တယ်။


တစ်ဘ၀လုံး ဆိုတဲ့ အသုံးအနှုံးတွေ ထားလိုက်

ရိုးမြေကျ ဆိုတဲ့ အလိမ်အညာတွေ ထားလိုက်

အရူး ရင်ဘတ် ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်သလောက်

သွေးသား ကုန်ခမ်းခြောက်သွေ့သည် အထိ….

အရိုးကျေ အရည်ခမ်းတဲ့ သစ္စာ ပြုမယ်။


အချစ် ဆိုတဲ့ စာ ၂ လုံး

ငွေ ဖုံးသွားရင်…

လမင်းလေး ကိုယ့်ကို မုန်းမယ် ဆိုတာ

အရူးသိတယ်။


အရူးမို့ပါ

ရူးအောင် ချစ်တာလည်း

ချစ်ပြီးမှ ..

ရူးလှချည်လား ပြောပါနဲ့….


အရူးလည်း အရိုးနဲ့ မတ်ထားတဲ့

အတ္တဘောကြီးပေါ့

နာတတ်တယ်။


အသုံးမလိုရင်

ဘောလုံးတစ်လုံးလို ကန်သာထုတ်လိုက်

ရောက်လိုရာဆီ အဆုံးမဲ့ လိမ့်ပါ့မယ်လေ

လမင်းလေးက မချစ်နိုင်ပဲ

အရူးကို ချစ်တယ်တော့ မလိမ်နဲ့ပေါ့….အိုကေ????


မှူးဒါရီ


No comments: