Tuesday, January 20, 2009

ကျွန်တော်နှင့် အိပ်မက်များ


အိပ်မက်တွေ အကြောင်းကိုရေးချင်ခဲ့တာ ကြာပါပြီ။ အခြေအနေမပေးသေးလို့ စိတ်ထဲမှာ သိမ်းထားခဲ့ပါတယ်။ ခုမှပဲ ချရေးဖြစ်ပါတော့တယ်။ လူဆိုတဲ့ သတ္တ၀ါဟာ အခြားတစ်ယောက်ကို မဆိုထားနဲ့..ကိုယ်တိုင်ရဲ့ စိတ်အလျဉ်ကိုတောင်မှ ပြီးပြည့်စုံအောင် နားမလည်ပါဘူး ဆိုခဲ့လျှင် ကျွန်တော်တို့ဘ၀တစ်လျှောက် အိပ်မက် တို့ ရဲ့  အသုံးဝင်အရေးပါမှုကိုလည်း ငြင်းပယ်လို့ မရနိုင်ပါဘူး။

အိပ်မက် လို့ ပြောလိုက်ရင် သိစိတ်မှာ ဖြစ်ပျက်နေတဲ့ အိပ်မက်နဲ့ မသိစိတ်မှာ ဖြစ်နေတဲ့ အိပ်မက်ရယ်လို့ ၂မျိုး၂စားရှိမယ်လို့ ထင်ပါတယ်။ ဘယ်သူမှ ပြောခဲ့တာမဟုတ်ဘူးနော်..ကိုယ့်ဘာသာ သတ်မှတ်ထားတာပါလို့ ဦးဆုံး ၀န်ခံထားပါရစေ။ ဘာလို့ အဲလို ယူဆထားမိရတဲ့ အကြောင်းကို နည်းနည်းထပ်ရှင်းပြရလျှင်... နံပါတ် ၁-လူတွေဟာ ဆန္ဒနဲ့ မျှော်လင့်ချက် ပေါင်းဆုံစည်းသွားတဲ့ အခိုက်မျိုးမှာ နိုးထနေလျက်က စိတ်ကူးယဉ်ကြပါတယ်။ မဖြစ်လာနိုင်တာသေးတဲ့ ကိစ္စကို ဖြစ်ဖြစ်၊ ဖြစ်ပျက်လာဖို့ အချိန်မတန်သေးတဲ့ ကိစ္စ ဖြစ်ဖြစ်၊ အကယ်၍ ဖြစ်လာခဲ့လျှင်...ဆိုပြီး သိသိကြီးနှင့် စိတ်ကူးယဉ်တတ်ကြပါတယ်။ ဤသို့ စိတ်ကူးယဉ်ခြင်းကို သိစိတ်ထဲက အိပ့်မက်လို့ ကျွန်တော်က ခေါ်ချင်ပါတယ်။
နံပါတ်၂- အိပ်မက်အမျိုးအစားကတော့ အိပ်စက်အနားယူတဲ့အခါမျိုးမှာ မြင်မက်လေ့ရှိတဲ့ အိပ်မက်ပါ။ စိတ်ဖိစီးမှု များလာတဲ့ အခါ၊ တစ်ခုခုကို အလွန်အမင်း စွဲလမ်းတောင့်တထားမိတဲ့အခါ၊ တစ်ယောက်နဲ့ တစ်ယောက် စိတ်လှိုင်းခြင်း ဆက်သွယ်မိသွားတဲ့အခါ၊ ဒါမှမဟုတ် သမာဓိအားကောင်းလို့ စောင့်ရှောက်တဲ့နတ်တွေက
အနာဂတ်ကို ကြိုပြသသတိပေးချင်တဲ့အခါ မျိုးတွေမှာ မက်လေ့ရှိကြောင်းကို လူတိုင်း သိမယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် မသိစိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ အိပ်မက်လို့ ကျွန်တော်ခေါ်လိုရခြင်းဖြစ်တယ်။

လူတိုင်း အိပ်မက်မက်ပါတယ်။ တစ်ခါမှ မမက်ဖူးပေါင် ပြောမယ့်သူရှိလျှင်လည်း ချွင်းချက်ပေါ့နော်...ဘွာတေး။ လူတိုင်းနည်းပါးတော့ အိပ်မက်တွေကို မက်မိနေလေ့မရှိပါဘူး။ အကြောင်းပြချက်က တစ်ယောက်နဲ့ တစ်ယောက် စိတ်အာရုံစိုက်နိုင်တဲ့သမာဓိအား ကွာခြားလို့ဖြစ်ကြောင်း စာအုပ်တစ်ချို့ မှာ မှတ်သားခဲ့ဖူးပါတယ်။ အိပ်မက်ဟာ ကမ္ဘာဦးကာလ လူသတ္တ၀ါရယ်လို့ ဖြစ်ကတည်းက ရှိခဲ့တယ်လို့ စာအုပ်တွေထဲမှာ ဆိုထားပါတယ်။ အိပ်မက်ကို နားလည်ခြင်းအားဖြင့် ကိုယ့်စိတ်ရင်း အမှန်၊ ကိုယ်ဟာ ဘယ်လို လူစားမျိုးဆိုတာကို သိမြင်နိုင်ပါသတဲ့..။ အိပ်မက်ဟာ လက်တွေ့ ဘ၀နဲ့ သွယ်တန်းစပ်ဆက်နေတယ်လို့လည်း ဆိုနိုင်ပါသေးသတဲ့..။ ပြီးတော့ အိပ်မက်မြင်မက်ခြင်းဟာ ဖြစ်ပျက်လာတော့မယ် ကံကြမ္မာဆိုးကလွတ်မြောက်ဖို့၊ ကြိုတင် ရှောင်ရှားနိုင်အောင် အသိပေးတားမြစ်ခြင်းနဲ့လည်း တူပါသတဲ့...။

ယခု ကျွန်တော်ပြောချင်တဲ့ အိပ်မက့်များအကြောင်းက မသိစိတ်(သို့)စိတ်နယ်လွန်အိပ်မက် မျိုးပါ။ အိပ်မက့်တွေအကြောင်း ရေးချင်နေတဲ့ ဆန္ဒနဲ့ မရေးဖြစ်သေးတဲ့အပေါ် စွဲလန်းလို့လားပဲ မသိပါဘူး...ခုတစ်လော ကျွန်တော်ကိုယ်တိုင်မှာ အိပ်မက့်တွေ အတော်မက်ပါတယ်။ အိပ်မက့်တွေကို ယုံတယ် မယုံဘူးဆိုတာထက်၊ သူတို့ကို မြင်မက်ခြင်းရဲ့ နောက်ကွယ်မှာ တိုက်ဆိုင်တဲ့အကြောင်းအချက်တစ်ခုခုတော့ အမြဲလိုလို ရှိတတ်တာကို ကျွန်တော်ကိုယ်တိုင် လက်ခံထားပါတယ်။
အိပ်မက်တွေဟာ တနည်းအားဖြင့် ပုံမှန်သွားလာလှုပ်ရှားချိန်တွေမှာ မဖြစ်နိုင်၊မလုပ်နိုင်လို့ သတ်မှတ်ထားတဲ့ ဖုံးကွယ်ပုန်းလှိုနေတဲ့ စိတ်အနေအထားကို ဖော်ပြနိုင်စွမ်းအမှန်ရှိတယ်။ ရှိကြောင်းကိုလည်း ကျွန်တော် အကြွင်းမဲ့ လက်ခံထားပါတယ်။ ယုံကြည်လက်ခံမိသွားစေတဲ့ တိုက်ဆိုင်လွန်းတဲ့ ကျွန်တော့်ကိုယ်တွေ့ အိပ်မက်ဆန်းများ အကြောင်းကို နောက်မှ ပိုစ့်အသစ် ရေးသားပါဦးမယ်..။
အိပ်မက်ထဲက အတိုင်း အပြင်မှာ ဖြစ်လာမယ် တို့၊ အိပ်မက်ကို အဓိပ္ပာယ်ပြောင်းပြန်ကောက်လျှင် အပြင်လောကမှာ တစ်ကယ် ဖြစ်နိုင်တယ် တို့ ၊အစရှိသည့် အတွေးခေါ်မျိုးကို ဖြစ်ပေါ်စေတဲ့ အိပ်မက်များလည်း ရှိပါသေးတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အသေးစိတ်နားမလည်သေးပါဘူး။ သိလိုတယ်။ လေ့လည်း လေ့လာနေပါတယ်။ အတော့်ကို နားလည်ကျေနပ်လာမှပဲ စိတ်နယ်လွန်အိပ်မက်မျိုးအကြောင်းကို ထပ်ဆွေးနွေးပါ့မယ်။

ကျွန်တော် ငယ်စဉ်တုန်းက အိပ်မက် ခဏခဏ မက်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အိပ်မက်မက်တာ နည်းသွားပါတယ်။ အကြာကြီးနေလို့မှ တစ်ခါ မက်ပါတယ်။ အသက်၂၀ ကျော်ပိုင်းရောက်တော့ မမက်သလောက်ပါပဲ။ ခုနောက်ပိုင်းမှ ကျွန်တော့ဘ၀ထဲကို အိပ်မက်တွေ ပြန်လည် ၀င်ရောက်လာနေပြန်ပါပြီ။

ငယ်ငယ်တုန်းက မက်တဲ့ အိပ်မက်တွေကို တန်းစီချပြရရင်...
၁.အလွန်မြင့်တဲ့ တောင်ပေါ်ကဖြစ်စေ၊ အဆောက်အဦးပေါ်က ဖြစ်စေ အရှိန်နဲ့ ပြုတ်ကျတဲ့ အိပ်မက်၊
၂.ပက်လက်အိပ်နေတဲ့ ကိုယ်ပေါ်ကို တစ်စုံတစ်ရာ၊ ဒါမှမဟုတ် တစ်စုံတစ်ဦးက အပေါ်ကနေ ထလို့မရအောင် ဖိထားတဲ့ အိပ်မက်၊
၃.ဘယ်သူဘယ်ဝါရယ်လို့ မသိပဲ နောက်ကနေ အလိုက်ခံရလို့ ကြောက်လန့်တအား ထွက်ပြေးနေရတဲ့ အိပ်မက်၊
၎.မိဘ(သို့)မောင်နှမသားချင်း(သို့)အလွန်ချစ်ခင်တဲ့ဆွေမျိုးထဲက သေဆုံးသွားလို့ ၀မ်းနည်းတကြီး ရှိုက်ငိုခဲ့ရတဲ့ အိပ်မက်၊
၅.စာမေးပွဲသွား အဖြေမှာ လမ်းပျောက်ပြီး ကျောင်းမရောက်နိုင်ဖြစ်နေ၊ (သို့) စာမေးပွဲ ကျရှုံး (သို့) ပေးထားတဲ့အချိန်အတွင်း ဖြေဆိုလို့ မပြီးပဲ အခက်အခဲတွေ့ တဲ့ အိပ်မက်၊
၆. အမှတ်မထင်ပဲ ကိုယ်လုံးတီးနဲ့ လူပုံအလည်ရောက်နေတဲ့အပြင်၊ အ၀တ်အစားတစ်စုံတစ်ရာမှာ ရှာမရတဲ့ အိပ်မက်၊
အစရှိသဖြင့်ပေါ့။
ကလေးဆိုတော့လည်း ဘာကြောင့် အိပ်မက်မက်မှန်း သိဖို့ နေနေသာသာ၊ ညဖက်မှောင်မည်းထဲမှာ ဆိုးဝါး တဲ့မြင်ကွင်းတွေကို မြင်မက်ရတယ် ဆိုလျှင်ပဲ ကြောက်လန့်တအားဖြစ်လို့နေပါပြီ။ မက်ခါစကတော့ တအား ကြောက်ပါတယ်။ နောက် ညတိုင်းနီပါးမက်လွန်းလို့ ကျွန်တော့်ကြောက်စိတ်တွေ အရည်ထူလာပါရော။
မထမနေနိုင်လောက်အောင် ဆိုးဝါးတဲ့ အိပ်မက်တွေကျမှသာ ရေထသောက်ပြီး ခဏထိုင်ခဲ့ရဖူးတယ်။ ၅မိနစ်လောက်နေ ပြန်အိပ်လို့ရသွားတာပါပဲ။

အပေါ်မှာ ကျွန်တော် ရေးပြခဲ့တဲ့ အိပ်မက်မျိုးတွေဟာ လူတိုင်းနီပါးမက်လေ့ရှိတဲ့ သာမာန်ရိုးကျ အိပ်မက်မျိုးတွေပါ။ ဘာကြောင့်လဲ ဆိုတော့ လူ့စိတ်မှာတင် မဟုတ်ဘူး၊ လူ့ကိုယ်ခန္ဓာသွေးသားလည်ပတ်မှုတွေ အပေါ် အခြေခံပြီးလည်း အိပ်မက်ဆိုတာ မြင်မက်တတ်ကြပါတယ်။ အိပ်မက်ကျမ်းများနဲ့ အင်တာနက်အိပ်မက်အဘိဓာန်များမှာလည်း တူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကို ရှာတွေ့ နိုင်ပါတယ်။
ကျွန်တော် လက်လှမ်းမီရာ မှတ်သားစုဆောင်းသိုမှီးထား သလောက၊် အထက်ဖော်ပြပါ အိပ်မက် (၆)မျိုးထဲက ၃/၄ မျိုးလောက် အဓိပ္ပာယ် ရှင်းပြချင်ပါတယ်။

၁)အမြင့်မှ ပြုတ်ကျသည်ဟု မြင်မက်ခြင်း နှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်များ
ပုံမှန်အားဖြင့် အမြင့်မှ ပြုတ်ကျသည့် အိပ်မက်မျိုးကို စအိပ်ပျော်ခါစ အချိန်ကာလအတွင်းမှာ မြင်မက်လေ့ရှိကြသည်။ များသောအားဖြင့် ခြေထောက်ဖြစ်စေ၊ လက်ဖြစ်စေ၊ တစ်ကိုယ်လုံးမှာ ဖြစ်စေ ရုတ်တရက် အကြောဆွဲခြင်း၊ အကြောက်လိုက်ခြင်းများပါ အတူတွဲလျက် ဖြစ်ပေါ်တတ်သည်။ ထိုသို့ ဖြစ်ပါက အိပ်မက်မှ နိုးထလာလေ့ရှိကြသည်။
အိပ်မက်မက့်သည့်သူသည် အိပ်မက်စဆုံး အဆုံးမစမဲ့၊ ကိုင်တွယ်ဆုတ်ယူထားစရာ မရှိပ၊ဲ အရှိန်နှင့် ပြုတ်ကျသည့်အခါမျိုးတွင်ဖြစ်လေ့ရှိသည့် လှိုက်ဟာသည့်ခံစားချက်ကို ခံစားရပြီး၊ မည်သည့်အခါမှ အဆုံးကို ထိသည်အထိမကျရောက်သည့်အတွက်၊ အိပ်မက်ထဲတွင် သေဆုံးရခြင်းမျိုးလည်း မရှိပေ။
ပြင်ပလောက အကြောင်းအမျိုးမျိုးကြောင့် မိမိအပေါ်မိမိ ကိုယ်ပိုင်ယုံကြည်ချက် မဲ့နေသူများ၊ အလုပ်အကိုင်(သို့) အချစ်ကိစ္စရေးရာများတွင် ဖြစ်ချင်သလို ဖြစ်မလာသည့်အခါများမှာ ၄င်း၊ ရှုံးနှိမ့်မှာကို ကြိုတင်တွေးမြင်ကာ စိတ်အနှောင့်အယှက် ဖြစ်ရသည့် အခါမျိုးတွင်၎င်း မြင်မက်လေ့ရှိကြသည်။
တည့်မတ်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ယုံကြည်ချက်ကင်းမဲ့နေခြင်း၊အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ အများနှင့် တန်းတူ ရင်ဘောင်တန်း မလိုက်နိုင်ခြင်း(သို့) မလိုက်နိုင်မည်ကို စိုးရိမ်ခြင်း၊ ပတ်ဝန်းကျင်တွင် မရင်းနှီးသည့် ပြောင်းလဲမှု အများအပြား ဖြစ်ပေါ်နေခြင်း၊ ထိုသို့ ဖြစ်ပေါ်ခြင်းများ အပေါ်တွင် စိတ်အလိုမကျဖြစ်ခြင်း၊ ရာထူးနေရာ ရွှေ့ ပြောင်းရမည်ကို တွေးပူကြောက်ရွံ့ ခြင်း... စိတ်လှုပ်ရှားလွန်းခြင်း စသည့် အကြောင်းများထဲမှ တစ်ခုဖြစ်စေအကုန်လုံးကြောင့်ဖြစ်စေ အမြင့်မှ ပြုတ်ကျသည်ဟု မြင်မက်တတ်ပါသည်။
တစ်ခါတစ်ရံ သွေးသားလိုအင်အပေါ် လိုက်လျောလိုသည့် ဆန္ဒကြောင့်လည်း ဤကဲ့သို့ မြင်မက်တတ်သေးကြောင်း တစ်ချို့ က ဆိုထားပါသည်။ ဘုရားကျမ်းစာတို့တွင်မူ... အမြင့်မှ လက်လွတ်ခြေလွတ်ပြုတ်ကျသည်ဟု မြင်မက်ပါက၊ ထိုသူသည် ဘုရားရှင်၏အလိုနှင့်ဆန့်ကျင်သည့် အမှုကိစ္စများကို လုပ်ဆောင်နေခြင်း(သို့) မကောင်းစိတ်၏အလိုကို လိုက်၍ ဖြစ်ချင်ရာဖြစ် သဘောမျိုး လုပ်ကိုင်နေခြင်းကြောင့်ဟု ဟောကိန်းထုတ်၍ ထားပါသည်။ ထို့ကြောင့် မကောင်းသော အိပ်မက်၊ မကောင်းမှုအချင်းအရာကို ခေါ်ဆောင်လာသော အိပ်မက်ဟု သတ်မှတ်တတ်ပါသည်။
(ဆက်ပါဦးမည်...)

မှူးဒါရီ

1 comment:

ရွှန်းမီ said...

စိတ်ဝင်စားစရာပဲ။ ဆက်ရေးပါနော်။