Tuesday, February 10, 2009

“လိုင်းကားပေါ်က မိနစ်၂၀”


တွေးလက်စ အတွေးပြတ်သွားတော့...ကျွန်မ (အဲယားကွန်းဘတ်စ်) ပေါ်မှာပဲ ရှိသေးသည်။ အေးစိမ့်စိမ့်ရှိတာနဲ့ အလိုအလျောက် လက်ပိုက်ထားမိမှန်းတောင် ကိုယ့်ဘာသာ သတိမထားမိလိုက်ဘူး။ ဒီနေ့မှ ရာသီဥတုက
လည်း ညို့ မှိုင်းမှိုင်းနဲ့ရယ်....။ တစ်ညလုံး အလုပ်လုပ်ထားတာတောင် ကျွန်မ စိတ်တွေ အစိုးမရနိုင်ပါလား.. တောင်တွေး မြောက်တွေးတွေးနေမိတုန်း...။

အကျင့်ပါနေတဲ့ မျက်လုံးတွေက လက်ပတ်နာရီဆီ ခဏရောက်သွားသည်။ အိုး... သည်နေ့က နားရက်ပဲ အချိန်ကြည့်ပြီး ဘာလုပ်မှာလဲ။ သူပြောဖူးတာကို ပြေးအမှတ်ရသွားတယ်... “မတို့ဆီမှာ ည၁၀နာရီဆိုရင်၊ ဒီမှာက နေ၀င်ရီတစ်ရော ပဲ ရှိသေးတယ်။ အမေရိကားမှာဆို မနက်ခင်း ၉နာရီလောက်ပေါ့”တဲ့...အဆက်အစပ် မရှိတဲ့ သူ့ စကားကို ကျွန်မက “အင်း..အဲဒါ ဘာဖြစ်လဲ?””မေးတော့..........“အချိန်နာရီဆိုတာ လူတွေကန့်သတ်ထားလို့သာ တစ်နေရာမှာ နေ့၊ နောက်တစ်နေရာမှာကျ ညရယ်လို့ လိုက်ဖြစ်နေရတာ၊ ကိုယ်တို့လည်း နှစ်ဦးဘုံဆိုင် စိတ်တိုင်းကျ နာရီတစ်ခု သတ်မှတ်ထားမယ်လေ။ ဒါဆို စောတယ်၊နောက်ကျတယ်...ဆိုတာတွေ မထားတော့ဘူး။ ရှေ့ တိုး နောက်ဆုတ် အချိန်တွေ လိုက်ညှိနေဖို့လည်း မလိုတော့ဘူး။ အတူတွေ့နေရတဲ့ အချိန်တစ်ခုပဲ ရှိစေမယ်..မကောင်းဘူးလား””တဲ့

အချိန်အတိအကျတွက်ချက် လုပ်တတ်ပြီး၊ သူ၏နောက်ကျမှုများအပေါ် မကျေမနပ်ပြောလွန်းတဲ့ ကျွန်မအတွက် အမှတ်တရ စကားလက်ဆောင်လေးတစ်ခု သူ ပေးခဲ့တာလေ။ အဲ့သည် ကာလတွေတုန်းကတော့ အချိန်တိတိကျကျ လိုက်နာ ဆောင်ရွက်တတ်တာဟာ အကျင့်ကောင်းတစ်ခုလို့ ကျွန်မ တသမတ်တည်း ယူဆခဲ့ဖူးသည်...။ ခိုင်မာသည့်ယူဆချက်ကြောင့်လည်း တစ်ချို့ နေရာတွေမှာ တင်းကျပ်တဲ့စည်းကမ်းကို လိုတိုးပိုလျှော့ လုပ်ဖို့ လိုကြောင်း နားမလည်ခဲ့ဘူး။

မနက်ခင်း ကျိုးတို့ကျဲတဲနေရောင်ခြည်က တအိအိရွေ့ နေတဲ့ကား မှန်ပြတင်းကို ဖြတ်ပြီး ကျွန်မ၏လက်ပေါ်ကို ခပ်အုံ့အုံ့လေး ဖြာကျလာတယ်။ ကြားခံဒြပ်တွေ ကာဆီးသော်လည်း အလင်းကထုတ်လွှင့်သော အပူဓာတ်ဆိုတဲ့ အသိနဲ့ ခဏတဖြုတ် နွေးသွားသလို ဖြစ်မိသေးသည်။ ဩော်.. သူ့ကိုလည်းပဲ ကျွန်မအတွက် မရှိမဖြစ် နေတစ်စင်း အဖြစ် သတ်မှတ်ခဲ့ဖူးသည်ပဲ။ မိုင်ပေါင်းများစွာ နှစ်ဦးကြား ရှိနေသည့်တိုင်အောင် သူ့ခန္ဓာကိုယ်အနွေးဓာတ်ကို မေတ္တာရောင်ခြည်တွေ ဖြန့်ခင်းပြီး ကျွန်မထံ ကူးစက် လုံခြုံစေခဲ့ဖူးလို့လေ..။ ဖြစ်နိုင်လျှင် အခုနေ ကျွန်မလက်ဖ၀ါးများကို သူ့လက်ဖ၀ါးရှရှများထဲထည့်သိမ်းထားချင်လိုက်တာ..။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ကောင်းကောင်းတော့ ကျွန်မမှာ မရှိပါ။ ထို့အတူ... ကျွန်မ လျှောက်လဲချက်တွေကို သူဖက်က စိတ်ဝင်တစား နားထောင်လိုသေးကြောင်းကို လည်း ကျွန်မ မရေရာပါ။

တစ်ကားလုံး အသံတိတ်နေသည်။ အလုပ်သွားမည့်သူများရော၊ အလုပ်မှပြန်လာသူများရော.. ကိုယ့်အာရုံနှင့်ကိုယ်... တစ်ချို့  ငိုက်မြည်းပါလာကြသည်။ တစ်ချို့  နားကျပ်များတပ်၍ သီချင်းနားထောင်လျက် ပါလာကြသည်။ တစ်ချို့ က ကားမှန်ပြတင်းမှတဆင့် အပြင်ဖက်ကို ငေးမောလာကြသည်။ ကားသမားကတော့ မောင်းရိုးမောင်းစဉ်အတိုင်း၊ ကျွမ်းကျင်စွာ ခရီးနှင်နေသည်။ ကျွန်မလည်း... အိမ်ပြန်ရောက်မည့် အချိန်ကို တွက်ဆနေမိသည်။
အိမ်ပြန်ရောက်သည်နှင့် ကွန်ပြူတာ ဖွင့်မည်။ သီချင်းဖွင့်မည်။ အ၀တ်လဲ ခြေဆေး လက်ဆေးပြီး ကုတင်ပေါ် စိတ်ရှိလက်ရှိ ပစ်လှဲလိုက်မည်။ ဟိုးအရင်တွေကလို... ဖုန်းလေးကိုင် သူ့အခေါ်ကို စောင့်ရန် မလိုတော့...။ “မင်္ဂလာရှိတဲ့ နံနက်ခင်းပါ..ချစ်လေး” ဆိုတဲ့ အသံကို ကြည်နှူးရင်ခုန်စရာမလိုတော့...။
အိုးးး... ကျွန်မ နောင်တရနေတာလားကွယ်.. တကယ်ဆို ဘာနောင်တ ရစရာရှိလဲ။ ဟုတ်တယ်...သူ နဲ့ ပတ်သတ်လာလျှင် ကိုယ့်ဖက်က ဘာမှ မမှားခဲ့ဖူးလို့ ကျွန်မ ခုထိ ယုံကြည်နေဆဲပါ။

ကြည့်တတ်မည်ဆိုပါက... ကျွန်မမျက်လုံးမှေးမှေးထဲမှာ အရိပ်မှိုင်းတွေ လူးလာခတ်နေတာ မြင်ရနိုင်သည်။ လေလွှင့်ငှက်တစ်ကောင်စနက်ကြောင့် အမျိုးအမည်မဲ့မျိုးစေ့က စတဲ့ ၀င်္ကဘာထဲမှာ ကျွန်မတ၀ဲလည်နေတုန်းဆိုတာကိုပါ.. အခန့်မသင့်လျှင် မြင်နိုင်သည်။ အတိတ်ကို ရုပ်ရှင်ပြသလို နောက်ကို ပြန်ရစ်ကြည့်လို့ မရမှန်း သိလျက်၊ တိုက်ဆိုင်မှုတွေ ရှိလာတိုင်းမှာ သူ့ ကို ကျွန်မသတိရသည်။ သတိရတာထက် ပိုတယ်လို့တောင် ဆိုရမှာပါ... သူ့ကို ကျွန်မ လွမ်းသည်။

သို့သော် ကျွန်မ လွမ်းနေကြောင်း သူသိအောင် ၀န်မခံလို။
သို့မဟုတ် ဘယ်သူ့ကိုများ ကျွန်မလွမ်းနေသည့်အကြောင်း ဖွင့်ဟ ပြောလို့ရမလဲ?
....................................................................................................
လမ်းမဘေးမှာ စိုက်ထားတဲ့ သစ်ပင်တွေကို ဘာရယ်မဟုတ်ဘူး ရေတွက်နေလိုက်သည်။ ၁..၂..၃..၄..၅....၆.....၇........ခဏပဲ.. တခြားဆီ စိတ်လွှင့်သွားပြန်သည်။

ကျွန်မ ရှေ့ နှစ်ခုံအကျော်မှာ ထိုင်နေတဲ့ တရုတ်ကြီးတစ်ယောက်က တအားအိပ်ငိုက်နေပါလား...ငိုက်နေပုံကလည်း မသက်သာလှပါဘူး။ ကြိုက်မရှက်၊ ငိုက်မရှက်..ဆိုတာ ဒါမျိုးကို ပြောတာပဲနေမှာ..။ ကြည့်ဦးလေ သူငိုက်နေပုံက၊ တစ်မိနစ်ခြား တစ်ခါ၊ ခေါင်မိုးကိုမော့ကြည့်လိုက်၊ ကြမ်းပြင်ကို ငုံကြည့်လိုက် လုပ်နေသလိုပဲ။ ရယ်တော့ ရယ်ရတယ်။ သူ့ဘေးနားမှာ ထိုင်နေတဲ့သူခမျာတော့ ရယ်နိုင်ရှာမယ် မထင်ဘူး။ တရုတ်ကြီးက ထွားကလည်း ထွားသေး၊ တစ်ခါတစ်ခါ ကမ္ဘာကြီး ၄၅ဒီဂရီ ပိုစောင်းသွားသလားမှတ်ရအောင် ဘေးလူပေါ် ပိကျလာလိုက်တာ... ကျွန်မသာဆို သည်းခံနိုင်မယ် မထင်ဘူး။ ဟုတ်တယ်။ ဒါပေမယ့် တစ်ယောက်ယောက်အပေါ်မှာ အရာရာ သည်းခံနိုင်စွမ်းတော့ ရှိချင်သား..။ ကလေးလေးလို ကျွန်မအပေါ် သူ စိတ်ကောက်တဲ့ အခါမျိုး၊ ကျွန်မစိတ် မဆိုးဆိုးအောင် တမင် သူ စနောက်တဲ့ အခါမျိုး၊ ပြီးတော့ မရည်ရွယ်ပဲ ပြောလိုက်တဲ့ သူ့စကားတွေက ကျွန်မအသည်းနှလုံးကို နာကျင်သွားစေတဲ့ အခါမျိုးတွေမှာပေါ့။

၁..၂..၃..၄..၅...၆...၇.......၈...................၉......................၁၀.................................သစ်ပင်တွေကို အစက ပြန်ရေတွက်ရမယ်။ အသုံးမကျတော့တဲ့ ပစ္စည်းကို၊ လွှင့်ပစ်လိုက်တာပဲ ကောင်းပါတယ်။ အသုံးဝင်နေဦးမယ် ဆိုရင်တောင် ကိုယ် မပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုအပေါ် တက်မက်စွဲလမ်းနေဟာ ရေရှည်အတွက် မကောင်းဘူး မဟုတ်လား?? မေ့လက်စနှင့် မေ့လိုက်ပါလို့ ကိုယ့်ကိုယ်ကို ပြန် နှစ်သိမ့်ရသည်။

ကိုယ့်အတွေးနှင့် ကိုယ် ကျွန်မ နှုတ်ခမ်း တဖက်တွန့်ကွေးသွားသည်။ ကျွန်မတောင် ကိုယ့်ဘာသာ ပြန်နှစ်သိမ့်တတ်နေပါလားကွယ်..။သူ သာ မြင်လျှင် ပြော ဦးမှာ... “ခနဲ့ပြုံး”” ဆိုပြီးလေ။ မစဉ်းစားဘူး မစဉ်းစားဘူး ဆိုပြီး သူ့အကြောင်းတွေပဲ ဆက်တိုက် စဉ်းစားနေမိပါလား..။ ခုချိန်ထိ သူ့အသံတွေကို ကြားယောင်ကြည်နှူးနေနိုင်တဲ့ ကျွန်မကို ကျွန်မလည်း အံဩပါရဲ့ ...။

သဘာဝမဟုတ်တဲ့ လေအေးများကို ကျွန်မ တ၀ ရှူ သွင်းလိုက်သည်။ အားရပါးရ ပြန် မှုတ်ထုတ်ပစ်လိုက်သည်။ “သက်ပြင်းချမိနောက်တော့ ဖုံးကွယ်မရတဲ့ မျှော်လင့်ချက်အဟောင်းအနွမ်းတွေလည်း ပါသွားပါစေ”တဲ့.....ဒိုင်ယာရီထဲက စာကြောင်းလေးက အမှတ်တရနှင့်.....ဟူးး.. ရင်ထဲက ပူလိုက်တာ...။

ဟိုရှေ့ မှာ ရေပြင်ကျယ်ကျယ်ကို လှမ်းမြင်နေရပြီ။ သည် မှတ်တိုင်ကျော်လျှင် ကျွန်မ ဆင်းရမည့် မှတ်တိုင်ရောက်ပြီ။ အလုပ်သွားအလုပ်ပြန် မရိုးနိုင်အောင် မျှော်ငေးမိသည့် ရှူ့ ခင်းတွေထဲမှာ ဤကန်ရေပြင်လည်း ပါသည်။ ကန်ဘောင်တစ်လျှောက်က သစ်ပင်ပန်းပင်တို့ဖြင့် အုံ့မှိုင်းနေသာ မြေညီလမ်းလေးလည်း ပါသည်။ မြေညီလမ်းတစ်လျှောက် ခပ်ကျဲကျဲ ခင်းထားသော သစ်သားခုံတန်းလေးတွေလည်း ပါသည်။ “ဒီနေရာလေးမှာ အတူ လက်တွဲပြီး၊ ညနေခင်း အေးအေးလူလူ လမ်းထွက်လျှောက်ချင်တယ်” လို့ ကျွန်မ ပြောခဲ့ဖူးသည့် နေ့စွဲတွေလည်း ပါသည်။ ထိုသို့ ကျွန်မ ပူဆာလိုက်တိုင်း၊ မမြင်ရပေမယ့် သူ ပြုံးလိုက်ကြောင်း သေချာသည့် ခံစားအသိလေးလည်း ပါသည်။

“တင်းတောင်..”
ရှေ့ မှတ်တိုင်တွင် ဆင်းမည် ဖြစ်ကြောင်း အချက်ပေးသည့် ခေါင်းလောင်းကို တစ်စုံတစ်ယောက်က နှိပ်လိုက်ပြီ ဖြစ်သည်။ ကျွန်မ ဆင်းရမည့် မှတ်တိုင်က ရထားဘူတာရုံ တစ်ခုနဲ့ နီးသည်။ ထို့ကြောင့် ထုံးစံအားဖြင့် ဤမှတ်တိုင်တွင် ကျွန်မနှင့်အတူ ဆင်းမည့် လူက လည်း များသည်။ စီးနေကျ ခရီးသည်များဖြစ်ရွေ့  ၊ တစ်ချို့ ကို ကျွန်မ မျက်မှန်းတန်းမိနေပြီ။ အတွေးနယ်ကျွံပြီး၊ မှတ်တိုင်လွတ်သွားမှာ မပူရ။

ရောက်ပြီ။ ကားပေါ်က ဆင်းဆင်းချင်း သဘာဝလေအေး၏အထိအတွေ့ ကို အရသာရှိရှိ ခံစားရှူရှိုက်ပစ်လိုက်သည်။ ကျွန်မက လေအေးစက်ကို မကြိုက်။ အခန်းအလုံပိတ်ပြီး လေအေးစက်ဖွင့်ထားရသည်ကို မွန်းကျပ်သည်ဟု ခံစားရသည်။ အခန်းပြန်ရောက်လျှင် လေအေးစက်၏ တစိမ်းဆန်သော အေးစိမ့်ခြင်းက ဆီးကြိုနေမှာက သေချာသည်။ သူ့ ဆီမှာတော့ လေအေးစက် မလိုလောက်ပါဘူးလေ။ အေးတာမှ နှင်းတွေတောင် ဖွဲဖွဲလှုပ်ကျသည်ဟု ပြောဖူးသည်။ ကျွန်မ နှင်းပွင့်ဖြူများကို ချစ်သည်။ အအေးဒဏ်ကိုတော့ မခံနိုင်။ ဒါကိုပင် သူက တစ်မျိုး အဓိပ္ပာယ် ဖွင့်ပြခဲ့ဖူးသည်...“မက အားငယ်တတ်တယ်၊ စိတ်ပင်ပန်းဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး” တဲ့

ကားအသွားအလာကို ကြည့်ပြီး လမ်းတစ်ဖက်ကမ်းသို့ အပြေးကလေး ကျွန်မ ကူးလိုက်သည်။ အနွေးထည် ၀တ်မထားမိတဲ့ ကျွန်မကို စိုထိုင်းထိုင်းလေပြည် က ကလူကျီစယ်နေသလိုပဲ။ အကာကွယ်မဲ့တဲ့ ရင်ကိုမှ တမင်ညိုးတဲ့ မြားနတ်မောင်လိုပေါ့.... တစ်ယောက်တည်းနေနေတာ အကောင်းသားနဲ့... ခုတော့ ကျွန်မ့မှာ အထီးကျန်ဆန်ခြင်းကို မလွှဲမရှောင်နိုင်အောင် ဖြစ်နေရပြီ။ အဖော်တစ်ယောက်ဘေးမှာ ရှိနေလျက် အထီးကျန်နေတဲ့ သူတွေလည်း ရှိတယ် တဲ့...ကြားဖူးပါရဲ့ ။ ဒါဆို...သူ ရော...........?
..............................................................................................ကျွန်မလိုပဲလား.............................?


အခန်းတံခါးကို အသာဖွင့်လိုက်တော့ အခန်းဖော်က အလုပ်ထွက်သွားနှင့်ပြီ။ မသိမသာလေး ကျွန်မ ၀မ်းသာသွားရသည်။ ဒီနေ့ အဖို့ လေအေးစက်ဒဏ်ကနေ လွတ်လွတ်ကျွတ်ကျွတ် ကျွန်မ အိပ်လို့ ရပြီ။ တညလုံး ဖွင့်ခဲ့တဲ့ လေအေးစက်ရဲ့  အေးစိမ့်မှု နည်းနည်း ကျန်နေတုန်းပဲ။ ဘေးလွယ်အိတ်ကို ခုံပေါ် ပစ်တင်၊ လက်ဆွဲတော် ဖုန်းကို အားသွင်း၊ နောက် ကုတင်ပေါ်ကို စိတ်ရှိလက်ရှိ ပစ်လှဲလိုက်တော့သည်။ ပခုံးသားတွေကို ဖြေလျော့ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ စိတ်ရော လူပါ အတော် ပင်ပန်းနွမ်းလျနေသည်။ ကျွန်မ အိပ်လိုက်မှ ဖြစ်မည်။ အိပ်ပျော်သွားလျှင်တော့ အားလုံး အဆင်ပြေသွားလိမ့်မယ် ထင်ပါရဲ့ ။

တစ်ခုပဲ။ ကျေးဇူးပြု၍ အိပ့်မက် မမက်ချင်ဘူး။ အထူးသဖြင့် အကြိမ်ပေါင်းမြောက်များစွာ မက်လေ့ရှိတဲ့ ထိုအိပ်မက်။ သိတယ် မဟုတ်လား.... အမှောင်ထဲမှာ ကွန်ပြူတာက ဖွင့်ထားမယ်၊ ကျွန်မက အသက်ရှူဖို့ မေ့နေပြီး တစ်ခုတည်းသော ဓာတ်ပုံတစ်ပုံကို ငေးမောမင်သက်နေမယ်၊ ဓာတ်ပုံထဲက... လိုက်ဖက်ညီလွန်းတဲ့ စုံတွဲတစ်တွဲက အရောင်တူ၊ဒီဇိုင်းတူ ၀တ်စုံကို ၀တ်ဆင်ထားပြီး မနာလိုစရာကောင်းလောက်အောင် ပြုံးပြနေမယ်၊ ... နောက်တော့ ကျွန်မမျက်လုံးတ၀ိုက် ပူလာမယ်... ပါးပြင်တွေစိုစွတ်လာမယ်... မသင်္ကာလို့ မှန်ထကြည့်လိုက်တော့ ကျွန်မ မျက်လုံး၂လုံး မရှိတော့တာကို မြင်ရမယ်...............

အထိတ်တလန့် အိပ်မက်က နိုးလာပြီးတော့လည်း...........လက်ဝဲရင်အုံတခြမ်းလုံး စူးရှအောင့်ထိုးတဲ့ ဝေဒနာကြောင့် ပြန်အိပ်မရပဲ မိုးလင်းခဲ့ရတာချည်းပဲလေ။

တကယ်ဆို ကျွန်မကိုယ်နှိုက်က အစွဲအလန်းကြီးလွန်းတာပါ။ သူကတော့ ပြတ်သားသွားခဲ့ပြီ။ ကိုယ်ကသာ မေ့လို့မရ မုန်းလို့ မရနဲ့............ အို အိပ်တော့မယ် အချစ်ရယ်... မင်းအတွက် ကောင်းမွန်တဲ့ နေ့သစ်တစ်နေ့ဖြစ်ပါစေ နော်...
သူကြားကြား၊ မကြားကြား...
သူသိသိ၊ မသိသိ...
ဆုတောင်းတွေ ခြွေရင်း
... ကုတင်ခေါင်းရင်း ဆေးဗူးထဲက ဆေး၂လုံးကို ထုတ်ယူ၍ ကျွန်မ သောက်သုံးလိုက်တော့သည်။

...........****.....................****.....................****.........................****..........

“ချစ်သူသိစေ”

~`အရိပ်..လို၊
အမိန့်တော်ခံခဲ့၊
ဒုတိယအသက်..ပါ.......။

~`ကြိတ်ခါ...
မုန်းမေ့လည်း၊ ခက်ခဲ
နှစ်ဦးဆိုင်အတိတ်...ကို........။

မှူးဒါရီ ခံစားတင်ပြသည်။
၃း၅၁(ဗုဒ္ဓဟူးနေ့) ၁၁-၀၂-၂၀၀၉

3 comments:

honey said...

ဟ မှူးကြီး
အပြတ်ကိုခံဇားနေဘာလားကွာ
မိုက်တယ်

တော့တိုးချန် said...

ဟမ် ...

အရမ်း ခံစားနေရလား မေးမလို့ဟာ ..
တယောက်က ပိုစောနေူပီ

ကောင်းတော့ ကောင်းတယ် ..
တကယ်ကို ရင်နဲ့ ခံစားရေးတယ် ဆိုရင်တော့ ...
စိတ်မကောင်းပေမယ့် မေ့ပစ်လိုက် လို့ ပြောရမှာပဲ

နင့်ဘ၀မှာ ဒါ့ထက် အများကြီး အရေုးကီးတာတွေ ရှိသေးတာပဲ
ဒါ့ထက် ပိုတန်ဖိုးကီးတဲ့ အရာတွေ အများကြီးပဲ

ဒါပေမဲ့ နင့်အရေးအသားက မိုက်တယ် သိလား

တော့တိုးချန်

အမရာ said...

အရမ်းကောင်းတယ်.....
ခံစားချက်တွေအပြည့်ပဲနော်....
ရင်ဘတ်နဲ့ဖတ်သွားတယ်.....
ဆုတောင်းပေးခဲ့တယ်.....
ချစ်သူသိပါစေ........