Thursday, March 12, 2009

“ခွင့်လွှတ်ပါ”


တခါတုန်းကလို့
ပြောမထွက်သေးတာပဲ ရှိမယ်
နင် နဲ့ ငါ
ငါ နဲ့ နင်...
ချစ်စာရင်းတွေ ဖျက်ပြီး
ဝဋ်ကြွေး လို့ လက်ခံခဲ့တာ
၁၃ရက် နေ့တိုင်း အမှတ်တရ................
၁နှစ် တောင်မှ ပြည့်ပြီ။

အခန်းကျဉ်းထဲ ခေါင်း ဗယ် လှည့် ညာ ကြည့်
အသိစိတ်က
အဟောင်းပုံ မှာ ပဲ ရှိသေးရဲ့ 
ဓာတ်ပုံအဟောင်း၊
လက်ဆောင်အဟောင်း၊
အရုပ်အဟောင်း၊
လက်ရေးအဟောင်း၊
စကားလုံးအဟောင်း၊
ဆွဲကြိုးအဟောင်း၊
ပန်းစည်း အဟောင်း၊
အကောင်းအတိုင်း ရှိလည်း ဂျောင်း၊
ရောင်းသင့်ရာ ရောင်းမယ်
လိုချင်တာ ရှိခဲ့ရင် နင် ပြန်လာတောင်းလှည့်
နှလုံးသား ကလွဲရင်ပေါ့.....................။

နံရံတွေ ခြားထားပါလျက်
အ၀င်ဆိုးတဲ့ စကားတွေ ကြားနေရတုန်း
တမင်ကို ပုန်းခဲ့သူပါ မလွတ်နိုင်သေးဘူးလား
ငါက တကယ် ရက်စက်တယ်ပေါ့
ငါက နေနိုင်လွန်းတယ်ပေါ့
ငါက အချစ်လျော့ခဲ့တယ်ပေါ့
ငါက ဈေးကွက် တွက် ခဲ့တယ်ပေါ့
ငါက..ငါက..ငါက
ငါက...........လူဆိုးကြီးပေါ့
ထားပါတော့
အရင်ကလည်း ငါပဲ လူဆိုးကြီးပါ
ဒါပေမယ့် စချစ်ခဲ့တာက နင်...
ထားပစ်ခဲ့တာက နင်...
အဆင့်အတန်းတွေ လာမပြောနဲ့
ဘာတဲ့...ဒီတယောက်ကို အတည် ဟုတ်လား?
ဒါပါပဲ
နောက်ဆုံးတော့လည်း
နင့်အကြောင်း နင် အသိဆုံး...............။

sorry ဟာ
အပြစ်တင်တတ်တဲ့အကျင့်က
ရင့်သန်နေပြီ
ဆက်ရန် ရဲ့  ဇာတ်သိမ်းခန်းကို
အရိပ်ပမာ ထမ်းပြီး
နွမ်းနေဆဲ အသည်းနှလုံးကို
မုန်းတတ်ပြီ
အပြုံးချိုတွေကို
သိမ်းကြုံး ခုံမင်တဲ့
နင့် မျက်လုံးညိုက နေလည်း
ရုန်းတတ်ပြီ

ကဗျာ မရေးတတ်ဘူးဟာ
စာမဖွဲ့ တတ်ဘူးဟာ
“ငါ ချစ်တာ နင်သိပါတယ်” ဆိုတဲ့ ပစ်ကွင်း
ကျွမ်းကျင်စွာ ရှောင်တိမ်းတတ်ပြီ။
ဒါပေမယ့်
ဘုရားရှိခိုး ဆုတောင်းတိုင်း
အဆင်ပြေပါစေကြောင်း တွေမှာ
နင့်နာမည် ချန်လပ် မထားခဲ့ဘူး
နင့်မိသားစုကိုလည်း မမေ့ပါဘူး
နောက်ပြီးး ဟိုကောင်မလေးနဲ့ အမြန်နီးစပ်ပါစေ
ဆိုင်သူ နင့်မယ် ရှိနေပြီပဲ
အရင်လို
ငါ မှိုင်တွေ ငေးတဲ့အခါ.........................
မေ့ပြီး လာမချော့နဲ့ ဦး။
ငါ မျက်ရည်တွေတွေ ကျတာထိုင်ကြည့်ပြီး
(ဘာမှ လုပ်မပေးနိုင်တာ အတွက်လည်း)
နင် ၀မ်းမနည်းရတော့ဘူး။

ဖမ်းသူမရှိတဲ့ စိန်ပြေးလိုက်တမ်း တခု
ဖြစ်မှန်း မသိ ဖြစ်ခဲ့တာပါ
မောဟိုက်ဆိုနှင့်မတတ် ပဲ
ငါက ငါ့ကို ယှဉ် ပြိုင် ပြေး
တလွဲနေရာမှာ ထက်တယ်လို့ နင်တောင် မှတ်ချက် ပေးဖူးတယ်
အေးး အမှန်တရားက အရေးကြီး တယ်
အချစ်စစ်လား၊ အချစ်တုလား ဆိုတာလည်း အရေးကြီးတယ်
သင့်တော်ရာ ရှာကြလေ့ ရှိရုံနဲ့
တစုံတဦးနဲ့ အရိုးမထုတ်ချင်ဘူးဆိုတာ နင်သိပါတယ်

ဆူးတောင်နဲ့ ဖြူးကောင်လို.......................................
ငါ ရှာတွေ့ ခဲ့တဲ့ အမှန်တရားမှာ
အချစ်ဟာ တရားခံပဲ...............................

နောက်ကျပြီးမှ ရောက်လာလည်း
အမှန်တရားက အမှန်တရားပါပဲ.............................

ဇာတ်ကြောင်း ပြန်လှန် ကြတိုင်း
“ငါတို့  ဘာလို့ ဝေးခဲ့ကြတာလဲ“
မေးခွန်းလေးကို သနားတယ်..။

ခရီးကြုံရင်တော့
ရင်ဗလာနဲ့၊ နင်လာဖတ်ဦး
မကျေနပ်ရင် လုပ်နေကြအတိုင်း
ဘေးနံရံကို လက်သီးနဲ့ ထိုး၊
ကြာတော့ ရိုးသွားမှာ၊
အတူ ရှိကြစဉ်က ကဗျာ ချစ်တဲ့ငါ
ကဗျာတွေ မရေးဖြစ်တော့..........
ရေးဖြစ်ဖို့ တိုက်တွန်းတဲ့နင့်အတွက်...........
အံထုတ်လိုက်တဲ့ ကဗျာ မို့ပါ
တောင်းပန်တဲ့စကားကို ခေါင်းစဉ်တပ်ထားတယ်
အရှုပ်ထုပ်တွေ သွားလေရော့
ဝေဒနာအပုတ်အသိုးတွေ သွားလေရော့
၂ဦးဆိုင် နေ့စွဲတွေ သွားလေရော့
ယနေ့မှ စ၍.................
တစ်ခါတုန်းက “နင်” ဖြစ်ခြင်း အထိမ်းအမှတ်...။

မှူးဒါရီ

4 comments:

ဆောင်းယွန်းလ said...

ဝေဒနာတစွန်းတစကို ဖွင့်ဟထားတဲ့ကဗျာဆိုပေမယ့်
ဖတ်လို့အရမ်းကောင်းတယ် ညီမရေ..ညီမကဗျာတွေထဲမှာ ဒီကဗျာကို အကြိုက်ဆုံးဖြစ်သွားပြီ.

ပျော်ရွှင်နိုင်ပါစေ

mgngal said...

ဒီကဗျာမှာ ဘယ်အပိုဒ်ကောင်းလဲ ။ ခေါင်းစဉ်နဲ့  ကလောင် ကြားက အပိုဒ် အကောင်းဆုံးပဲ ။ ၁ နှစ်ပြည့် ရင်တွင်းညှစ်ပေါ့ ။ :P

အိုင်လွယ်ပန် said...

ဇာတ်ကားတစ်ကားကြည့်လိုက်ရ
သလိုပါပဲ .......
အရေးအသားကောင်းတယ်ဗျ :P

ein said...

ခွင့်လွှတ်ပါဆိုတော့ ငါ့အမက ...:P
ကဗျာလေး ခံစားသွားတယ်အမရေ...
ပျော်ရွှင်အဆင်ပြေပါစေရှင်...