Thursday, April 2, 2009

”မပြောင်းလဲတဲ့ တနေ့တာ”


အရင်အတိုင်းပဲ.

မိုးလင်းမှာ ကွန်ပြူတာ ဦးဆုံးဖွင့်
ချစ်သူ ရှိမရှိ ကြည့်မယ်။

မျက်နှာသစ်နေတုန်း ရေနွေးအိုးတည်ထားမယ်။

ကော်ဖီဖျော်ပြီးရင်
ကွန်ပြူတာရှေ့ မှာထိုင်
၄၀၄ error ပြနေတဲ့ စာမျက်နှာအလွတ်ကို
မျှော်လင့်ခြင်းတခွဲသားနဲ့ ငေးမယ်။

နားထောင်လက်စ သီချင်းကို ဆက်ဖွင့်မယ်။

ခဏနေတော့ လက်ကိုင်ဖုန်းဖန်သားပြင်ပေါ်က
သူ့ကို... ပြုံးပြမယ်။

သီချင်းအသံကို အဆုံးထိ မြှင့်လိုက်မယ်
ကုတင်ပေါ်မှာ အကျအန ထိုင်မယ်
ပြီးရင် စာကျက်မယ်
ပျင်းလာရင် ဂစ်တာတီးမယ်
နေ့လည်စာ လွတ်မယ်
မသိတဲ့ဖုန်းနံပါတ်တွေ ခေါ်လာရင် “ဟယ်လို” လို့ တုန်တုန်ရင်ရင်ထူးမယ်။
ဖြစ်နေကျအတိုင်း ဖုန်းပြောပြီးသွားရင် စိတ်ဓာတ်ကျမယ်။
ဒါနဲ့ ပဲ ညနေ ၆နာရီ ထိုးမယ်

ရေချိုးနေတုန်း ရေနွေးအိုး ထပ်တည်ထားမယ်။

ကော်ဖီခွက်နဲ့ ကွန်ပြူတာ ရှေ့ မှာထိုင်
ဂျီတော့ကို ၀င်၊ ချစ်သူ ရှိမရှိ ရှူ့ ...
သတိရနေကြောင်း မေးလ်ပို့
ဗိုက်သိပ်မဆာရင် ပန်းသီး ၃လုံးလောက် စို့လိုက်မယ်။

ထုံးစံ စောင့်နေကြအတိုင်း ၁၁နာရီ အထိ
ရုပ်ရှင်ကြည့်ရင်း စောင့်မယ်။

သူငယ်ချင်းတွေက အဆင်ပြေရဲ့ လား မေးရင်
အ၀ါရောင် အရုပ်လေးတွေနဲ့ ပြုံးပြမယ်။

အချိန်က အကောင်းဆုံးသမားတော်လို့ ပြောရင်
ခေါင်းညိတ်ပြီး နာကျင်နေမယ်။

ည၁၂နာရီအထိုးမှာ.. ထားသွားခဲ့တာကို ပြန်သတိရမယ်။

ဗယ်မျက်လုံးက မျက်ရည်တွေ ကျလာမယ်။
ရင်ခုန်နှုန်းတွေ မြန်မလာစေဖို့ ရင်ဘတ်ကို ဖိချရင်း
အိပ်ရာဝင်မယ်။
သူ့ဓာတ်ပုံကို အနမ်း ၁ချက်မက ပေးမယ်။
ဖုန်းကို ခေါင်းအုံးအောက် ထိုးသွင်းမယ်။
ရသမျှ ဘုရားစာ တွေ ရွတ်မယ်။
သတ္တ၀ါတွေ အလုံးစုံသော သောကကင်းဖို့ ဆုတောင်းမယ်။

ပြီးတာနဲ့ ကုတင်ပေါ်မှာ အိပ်မပျော်မခြင်း လူးလိမ့်နေတော့မယ်။

မိုးလင်းတဲ့အထိ အိပ်မပျော်ပဲ အိပ်မက်မက်ချင်လည်း မက်နေမယ်။
အိပ်ဆေးတွေသောက်ပြီး အိပ်ပျော်တဲ့ညတွေမှာ...
အိပ်မက် မမက်ချင်လည်း မမက်ဘူး။

မှူးဒါရီ

11 comments:

ရှင်ရဲထွတ် said...

မပြောင်းလဲ နိုင်တဲ့ တနေ့တာကို လာခံစားပါတယ်။ တွေးတတ်တယ်နော်

ဖုန်းမြင့် said...

အင်း..အလုပ်သွားတာလဲမပါဘူး........၊ အလုပ်မလုပ်ပဲ..
အဲလိုလွမ်းလို့ရရင်တော့ ..လွမ်းချင်သားဗျာ....း)

Mhu Darye said...

ကိုရှင်ရဲထွတ်ရေ...တွေးယူ ဖန်တီးထားတဲ့ တနေ့တာ မဟုတ်ကြောင်းလေး တော့ ပြောချင်သား
ကိုဖုန်းမြင့်.. မလွမ်းချင်နဲ့။ အလုပ်ပဲလုပ်...။ လွမ်းရတာ မကောင်းဘူး။ သိတယ်ဟုတ်?
း)

Moet said...

အင်း ... ဖန်တီးထားတဲ့ တနေ့တာမဟုတ်တာသိသာပါတယ် ... ကိုယ်ရော အဲ့လိုမျိုးဖြစ်ဖူးသလားလို့တွေးနေတာ ... ဖြစ်ဖူးရင်ရော ဘယ်လောက်ကြာကြာဖြစ်ဖူးသလဲလို့ ဆက်တွေးမိပြန်ရော ... သေချာတောင်မသိတော့ဘူးရယ် ....

“ဗယ်မျက်လုံးက မျက်ရည်တွေ ကျလာမယ်။
ရင်ခုန်နှုန်းတွေ မြန်မလာစေဖို့ ရင်ဘတ်ကို ဖိချရင်း
အိပ်ရာဝင်မယ်။
သူ့ဓာတ်ပုံကို အနမ်း ၁ချက်မက ပေးမယ်။
ဖုန်းကို ခေါင်းအုံးအောက် ထိုးသွင်းမယ်။”

ခံစားလို့ရတယ် ...

မှတ်ချက်။ ။ ကော်ဖီဖျော် တာ ယပင်း ကျန်ခဲ့တယ်သူငယ်ချင်း ....

ခင်တဲ့
ကြယ်ပြာ

Mhu Darye said...

သတိပေးတာလေး ကျေးဇူးတင်ပါတယ်။
ခံစားလို့ ရတယ် ဆိုတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
လာလည်တဲ့အတွက်လည်း ကျေးဇူးပါပဲ

တခါတည်း ကျေးဇူး၃ခါတင်လိုက်တယ်နော်..း)

Phyo Maw said...

တနေ့တာ အပြီးမှာ ဒီခံစားချက်တွေနဲ့ ကုတင်ပေါ်လူးလိမ့် နေရတယ်...
:D ....
သဘောကျမိသည်။

ဆောင်းယွန်းလ said...

အချိန်က အကောင်းဆုံးသမားတော်လို့ ပြောရင်
ခေါင်းညိတ်ပြီး နာကျင်နေမယ်။
ကျေကျေနပ်နပ် လက်ခံပြီးတော့ကို နာကျင်နေတာပါလား ကိုယ့်ညီမရယ်....

အိန္ဒြာ said...

ချာတိတ်မ....

အထာ..သိပ်မကျတော့ဘူး...

မေ့ပစ်လိုက်.....
အကြိမ် ၁၂၀၀၀၀ တိတိ ပြောသွားတယ်....

Mhu Darye said...

ကိုဖြိုးမော်... ကဗျာလေးကို သဘောကျတယ် ထင်ပါရဲ့ ။ ကိုယ်တိုင်ခံစားရမယ်ဆိုရင်တော့ သဘောကျလိမ့်မယ် မထင်ဘူးနော့်။
ကိုဆောင်း...ရှေ့ တိုးမရ၊ နောက်ဆုတ်မရ အခြေအနေမှာ ကျေကျေနပ်နပ် လက်ခံလိုက်တာထက် ကောင်းတဲ့ နည်းလမ်း ရှိသေးသလားရယ်..ညီမ မသိသေးဘူး။
မကြီးအိန္ဒြာ...၁၂၀၀၀၀ တိတိပြောသွားတာတော့ ဟုတ်ပါပြီ။ ဘယ်လို မေ့ပစ်ရမယ် ဆိုတာကျ မပြောပဲနဲ့...း((

ကိုရင်နော်ခင်လေးငယ် said...

ညီမလေး..

ကဗျာလေးကို အရမ်းသဘောကျမိတယ်..

ကဗျာလေးထဲမှာ လွမ်းဆွတ်ခြင်းတွေ
တမ်းတခြင်းတွေ ချစ်ခြင်းတွေ လျှံကျနေတာ
သိပ်လှတာဘဲ...

ဘယ်မျက်လုံးက မျက်ရည်တွေ ကျလာမယ်..

ဆိုတဲ့ နေရာလေးအရောက်မှာ တိုးတိုးလေး ဆုတောင်းပေးမိတယ်..
ပြီးတော့.. ကိုယ်တိုင်လည်း စိုးရိမ်စွာ မချိပြုံးလေးများ ပြုံးမိသွားခဲ့လား မသိတော့ပါဘူးလေ..

ချစ်ခြင်းအားဖြင့်..
မမခင်လေး

PS. ညီမရေ.. update link ထဲမှာ ထည့်ထားလိုက်တယ် ဆိုတဲ့ အကြောင်း :)

Mhu Darye said...

မချိပြုံး ပြုံးမိသတဲ့လား မမခင်လေး..း)
လာအားပေးတာကို ကျေးဇူး အများကြီး တင်ပါတယ်။