Sunday, April 5, 2009

“မောင် ဖတ်ဖို့...”


ပြန်မလာသူ အပေါ်
တမ်းတစွဲလမ်းရဲ ခြင်း ဇွဲ နဲ့

ညည်းတွား ဟစ်အော်ခြင်းကို
သည်းညည်းခံတတ်တဲ့ နှလုံးသား သာ
...ပိုင်ထားရင်...

မျှော်လင့်ခြင်းဆိုတာ
အသက်ရှည်ဆေး ဖြစ်ပြီးသားပါ
..မောင်..။


ရှေ့ ကို ကြိုမမြင်ခြင်းဟာ
ရွေးချယ်ခွင့်မရှိတဲ့ ချို့ ယွင်းချက် တခု ပါပဲ

မပြည့်စုံမှုကို မပြည့်စုံတဲ့အတိုင်း
လက်ခံလိုက်ရတဲ့ အခက်အခဲ နဲ့
လွမ်းဆွတ်တုန်လှုပ်ရာက ဖြစ်တည်လာတဲ့
ဝမ်းနည်း နာကျင်ခြင်းတွေ....ကို
“အချစ်” လို့ ကင်မွန်း တပ်ခွင့်ရရုံ
ကျွန်မ ကျေနပ်နိုင်တယ် ဆိုရင်...

အနိုင်ရသူလို ရယ်နေဦးမှာလား...။


ခုတခါလည်း..................
ခံစားချက် စင်စစ်နဲ့ အုတ်မြစ်ချလိုက်တဲ့
ကဗျာပါ သီချင်းပါ
ကဗျာတွေ သီချင်းတွေနဲ့ပဲ ချစ်တတ်သလား
မေးချင်လည်း ထပ်မေးပါ။

ဝေးလွှင့်မှု ဒဏ် ကို နှစ်သိမ့်
ရင်ဘတ်ချင်း နီးတယ် ဆိုတဲ့ စိတ်နဲ့
ညဖက် အိပ်စက်တတ်လာတဲ့အခါ
ထင်သလောက်လည်း
ဘ၀ဟာ အထီးမကျန် တော့ဘူး...မောင်...။

မှူးဒါရီ

3 comments:

ဆောင်းယွန်းလ said...

ကဗျာလေးကကောင်းလိုက်တာ...
ရှေ့ကိုကြိုမမြင်နိုင်ခြင်းကပဲ ဖြစ်ချင်တာတွေကို စိတ်ကူးနဲ့တွေးနေလို့ရနိုင်တာမဟုတ်ဘူးလား ညီမရေ

စိုင်းစိုင်းလားရှိုး said...

နှစ်သိမ့်ကျေနပ်တတ်ရင် အိပ်ရေးဝပါတယ်

ကြယ်ပြာ said...

ကဗျာလေးကောင်းလွန်းတယ် ....