Sunday, July 26, 2009

နာရီ ၂လုံး

ကျွန်မမှာ နာရီ ၂လုံးရှိတယ်။

တလုံးက နေ့တဒူဝ၊ ကိုယ်ထူကိုယ်ထ ရှိပြီး
နောက်တလုံးက ပျင်းရိ ပျင်းတွဲ..။

နေထွက်ရာမျက်နှာ နေကြာလို တလုံးက မျက်နှာ မူပြီး
တလုံးက လရောင်အောက် ကြာပမာ ၂၄နာရီ ရစ်မူးရီဝေ..။

တလုံးက လုပ်သင့်တာကို လက်တံမှန် ပြတယ်
နောက်တလုံးက စိတ်ကူးအိပ်မက်တွေနဲ့ အီးယောင်ဝါး..။

ည၁၁နာရီ
တလုံးက အိပ်ရာဝင်
တလုံးက အိပ်ရာထ..

တလုံးက နောက်ခံအဖြူ လက်တံအမည်း
တလုံးက နောက်ခံအမည်း လက်တံအမည်း..။

တလုံးကို ခေါင်းမှာဆင်
တလုံးကို ရင်မှာ တပ်ပြီး
နာရီ၂လုံးနဲ့ ကျွန်မ ကြိုးတန်းစင်
တချိန်တည်း လမ်း၂ခွ ယှဉ်လျှောက်တယ်..။

အမှန်တရားကို တလုံးက ဘုရားတ ကိုးကွယ်ပြီး
နောက်တလုံးက လေလေးတချွန်ချွန်နဲ့ မျက်လုံးတဖက် မှိတ်ပြ..။

တလုံးက အရိပ်အကဲသိပြီး
တလုံးက လုပ်ချင်တာပဲ သိတယ်..။

တလုံးကဖြစ်လိုရာကို ဆန်ပြီး
တလုံးက ရောက်တတ်ရာရာ စုန်ဖို့ပဲ ကြံတယ်..။

၅မိနစ်စာ အနာကို လှမ်းမျှော်ကြည့်နှူးခွင့် တလုံးမှာ ပါပြီး
၅နှစ်စာ အရှူပ်ကို တနာရီ နဲ့ အပြီးလုပ်ဖို့ အခြားတလုံးက သံပတ်ပေး..

သိပ်မဝေးတော့ဘူး ဆိုတဲ့ မျှော်လင့်ခြင်းနဲ့ တလုံးက မနက်လာနှိုးတိုင်း
နောက်တလုံးက သက်ပြင်းတွင်တွင်ချ၊ ကျွန်မကို မရူးဖို့ အကြောင်း ဆန့်ကျင်ပြနေမြဲ..။

မှူးဒါရီ

7 comments:

ကြယ်ပြာ said...

ကဗျာလေးမိုက်တယ် ... ဒါလေးဖတ်ပြီး လိုက်တွေးနေတာ ကိုယ့်မှာလဲ နာရီနှစ်လုံးတောင် မကချင်ဘူးလား မသိဘူးရယ် ...း)

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာထဲက အတွေးလေးတွေက လှလိုက်တာ... နာရီ(၂)လုံးတဲ့လား...း)

mgphonemyint said...

နာရီနဲ့လူ ၊ လူနဲ့နာရီဆိုတာ ခွဲမှ မရတာ
တကယ်ဆို လူသားဘဝမှာ နာရီ ၄လုံးလောက်
ပိုင်ဆိုင် သင့်တယ် ...။

အိုင်လွယ်ပန် said...

ကိုဖုန်းမြင့်ပြော တာ ထောက်ခံတယ် :)
ကျွန်တော်ဆို နာရီပေါင်း သောင်းခြောက်ထောင်
(ကြုံတုန်းကြွားရတာ :) )
အဲဒီ့ အထဲကမှ မသိစိတ် ဆိုတဲ့
အဓိက အလုံးက အဆိုးဆုံး .....
အတွေးလေးလှတယ်ဗျ ....။
ကောင်းသောနေ့ပါ :)

ဆောင်းယွန်းလ said...

သိပ်မဝေးတော့ဘူး ဆိုတဲ့ မျှော်လင့်ခြင်းနဲ့ တလုံးက မနက်လာနှိုးတိုင်း
နောက်တလုံးက သက်ပြင်းတွင်တွင်ချ၊ ကျွန်မကို မရူးဖို့ အကြောင်း ဆန့်ကျင်ပြနေမြဲ..။

နာရီတွေထဲကပဋိပက္ခတွေပါလားညီမလေးရေ
ကဗျာကိုတွေးပြီးရေးထားတဲ့ပုံသိပ်ကောင်းပါတယ်

emayarKhin said...

နာရီ ၂ လုံးနဲ့ကောင်မလေး.....
ကျန်တဲ့တလုံး...အမရာ့ကိုပေး....
ဝေးလေးလေးးးးးးးးးး


ခင်မင်လျက်
အမရာ

Mhu Darye said...

ယူလိုက်ရော့...အင့် :P မမရာ

အချိန်ညှိရ တဲ့ ဒုက္ခ ကင်းရော..။ :D