Sunday, January 10, 2010

”မိုးယံသို့ လွင့်ပျံ့လာသော တေးသွားများ”

အကြောင်းများစွာ မတိုက်ဆိုင်သော်လည်းပဲ အတော့်ကို နှစ်ခြိုက်တဲ့ အမျိုးအမျိုးအစားအစားသော သီချင်းတွေ ရှိခဲ့ဖူးပါတယ်။
အကြောင်းရင်း တိုက်ဆိုင်လာတဲ့အခါ နားစည်တွေ မခံမရပ်နိုင်လောက်အောင် အသံကုန်ချဲ့ပြီး၊ အော်ဟစ်ပေါက်ကွဲကာ တသီးတသန့် ကိုယ်ပိုင်ကမ္ဘာငယ် ကို ဖန်တီးပြီးနေတတ်ပါတယ်။ ခုချိန်ထိလည်း ထိုအကျင့်လေးကို အသားယူ၊ မိမိဘာသာ (သို့) လူတွေကို စိတ်ကုန်လာသော အခါများ၊ earphone လေးတပ်၊ပြဿနာအရပ်အရပ်ရဲ့  ဘေးထွက်ရပ်ပြီး၊ စိတ်ဖြေနေဆဲပါပဲ။

သီချင်းဆိုလျှင်...မြန်မာ၊အင်္ဂလိပ်၊တရုတ်၊ကိုရီးယား၊ဂျပန်..မှအစ၊ အဆုံးအစွန်ဆုံး ကုလားသီချင်းများပင် နားထောင်တတ်သော ကျွန်မကို၊ blogger စာပေမိတ်ဆွေ အကို ဆောင်းယွန်းလမှ ညည်းဆိုဖြစ်သော သီချင်းများ tag ပိုစ့်တွင် အမှတ်တရ ရေးပါ ဆိုလာသောအခါ၊ စိတ်ထဲမှာ ကြိတ်ပြီး ၀မ်းသာနေခဲ့တာပါ..။

Tag သည့်အချိန်ကတည်းက ချက်ချင်း ပြန်လည်ရေးသားဖြစ်မည် ဆိုလျှင်၊ ထိုအချိန်က အသည်းကွဲ သီချင်းများနှင့်သာ လုံးချာလည် လိုက်နေတာကြောင့်၊ ဝေမျှပေးရသည့် သီချင်းများမှာလည်း ညည်းညူစရာ အလွန်ကောင်းနေမှာ အမှန်ပင်..။

ကံကောင်းထောက်မသည်ဟု ဆိုရမလား...အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ရေးကိုယ်တာများနှင့် လုံးချာလည်လိုက်ကာ၊ post တင်ရန်ဘယ်လိုမှ အခွင့်မပေးသဖြင့် အချိန်တော်တော် ကြာမြင့်သွားသည်ကတကြောင်း၊ အခြေအနေ၊အချိန်နှင့်အမျှ လိုက်၍ ပြောင်းလဲတတ်သော ခံစားချက်များကြောင့်လည်းကောင်း၊ လျော့ပါးသွားသော လောကီလောကုတ္တရာ အထွေထွေ
ပြဿနာများကြောင့် လည်းကောင်း၊ ရလာသည့် အားလပ်ချိန်အနည်းအကျဉ်းကို အပြည့်အ၀ အသုံးချပြီး၊ ခုမှသာ ဤ tag post ကို ရေးဖြစ်အောင် ရေးလိုက်ရသောကြောင့်....မှူးဒါရီ ကျွန်မ လတ်တလော ညည်းဆိုဖြစ်နေသော သီချင်းများမှာ
ပေါ့ပေါ့ပါးပါးမြူးကြွလေးများဖြစ်နေလိမ့်မယ် လို့ ယုံကြည်ပါတယ်..။

အကိုဆောင်းယွန်းလလည်း ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ :)

ကုသိုလ်ကံအကျိုးပေးကောင်း၍ ဘ၀တွင် ကြမ်းတမ်းခဲယဉ်းစွာ ရှင်သန်ဖြတ်သန်းခဲ့ရခြင်း မရှိသည် ကြောင့်ပဲလား၊ ဘ၀ကို
ပေါ့ပေါ့တန်တန်ဖြတ်သန်းလိုသည့် ဥာဉ်ဆိုးကြောင့်ပဲလား၊ ဘ၀တွင် အသုံးချခံခဲ့ရသည့်၊မှားယွင်းခဲ့ရသည့်၊နောင်တရခဲ့ရသည့်
ပြန်လိုချင်လျက် ပြန်မရနိုင်သော အတိတ်တွေ အများကြီး ရှိခဲ့ဖူးပါတယ်။ “လူမှန်ပါက အမှားကင်းခဲတယ်” ဆိုတဲ့ စာသားလေးဟာ၊ ကျွန်မအတွက် အမြဲ အမှတ်တရဖြစ်နေမည့် သတိချပ်သင့်တဲ့ ဆောင်ပုဒ်လေးပါ။ ကိုယ်သည်လည်း လူပေမို့၊ သူတို့လည်း လူတွေပေမို့ ဟူသော ဖြည်တွေးဖြည့်တွေးနည်း ဖြင့် ကိုယ့်အတ္တကို အစာကြွေးရသည့် အဖြစ်တွေလည်း မရေမတွက်နိုင်တော့ပါ။ တခါတလေ ခွေးမြှီးကောက်လို၊ ကျည်ထောက်စွပ်ချည် ဖြုတ်ချည် လုပ်နေသော ကိုယ့်ကိုယ်ကိုလည်း အံမတန်မှ စိတ်ပျက်လှပါတယ်။

သူများတွေကျ အောင်မြင်နေပြီး၊ ကိုယ့်ကျမှ ရှူံးနှိမ့်ရသော ရလဒ်တို့ကိုလည်း ရိုးရိုးသားသား ရင်ဆိုင်နိုင်ရန် များစွာ ရဲဝံ့ ခဲ့ရဖူးပါတယ်။ထိုအခိုက်အတန့်များထဲမှ တကြိမ်တွင်၊ ခင်မင်ရသော၊ blogger သူငယ်ချင်းတယောက်ထံမှ ကိုသားကြီးရဲ့  “တနေ့တော့ရောက်မယ်” သီချင်းလေးကို လက်ခံရခဲ့ပါတယ်။ ထိုနေ့တနေ့လုံး... အဲ့ဒီ သီချင်းလေးဖြင့် ဖြေသိမ့်လိုက်နိုင်၍၊ သူ့ကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။နောက်မကြာမကြာလည်း သီချင်းလေးကို ညည်းဖြစ်လာတော့တာပါပဲ..။


~`ဒီ သံသရာတွေ နဲ့၊ တာဝန်တွေ နဲ့၊ လူတွေဟာ ငိုတလှည့် ရယ်တလှည့်...
နင်မပိုင်ချင်တဲ့ မပြေလည်မှုတွေ၊ ငြိုငြင်စရာမလို... ဒါ ဖြစ်ရိုးဖြစ်စဉ်ပဲ...
ဘာမဆို အားလုံးဖြစ်နိုင်တယ်၊ ဘယ်သူက အမှားနဲ့ ကင်းလို့လဲ...~`
~`ဘာမှ စိတ်မပူနဲ့၊ ဘာမှ အားမငယ်နဲ့၊ ဘာအတွက် မျက်ရည်ဝဲမှာလဲ....
~`မျှော်လင့်လို့နေတယ်...အကုန်ပြီးပြည့်စုံမယ်...အမြင့်ဆုံးပန်းတိုင်သို့ (နင်လေ) တနေ့တော့ ရောက်မယ်ကွယ်`~


း) တခါတရံ ကူညီပေးရသည့်လူအတွက် မဖြစ်လောက်သော ပမာန ဆိုပေမယ့်၊ အခက်အခဲဖြစ်နေတဲ့တဖက်သား အဖို့မှာတော့
တဘ၀စာ အမှတ်တရ ဖြစ်သွား တတ်ကြ ပါတယ် လို့............................။


ခုရက်အပိုင်းအခြားတွေမှာ၊ ဂစ်တာ နဲ့ ဝေးနေရတာမို့လို့... ဂစ်တာ မတီးဖြစ်တာ ကြာပါပြီ။ သို့ပေမယ့် သဘောကျပြီး တီးချင် ဆိုချင်နေတဲ့ သီချင်းများရှိရင်၊ သီချင်းစာအုပ်တွေ ၀ယ်စုတတ်တဲ့ အကျင့်ကတော့ ဖျောက်မရပါဘူး။ ဟိုတလောကမှ မနေနိုင်မထိုင်နိုင် ဂစ်တာ ၀ယ်မယ်လို့ အကြံအစည်နဲ့ ဂစ်တာဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပြီးမှ၊ ဂစ်တာ မ၀ယ်ဖြစ်ပဲ.. သီချင်းစာအုပ် ၃ အုပ်သာ ၀ယ်ပြန်ခဲ့ပါတယ်။ စာအုပ်တွေက လေးဖြူ ရဲ့  BOB၊ အဆိုတော်စုံရဲ့  ”လမ်းဆုံ” ၊ ပြီးတော့ ”သံစဉ်များနှင့် ကမ္ဘာ” (The Best Of Melody 2007) တို့ ဖြစ်ပါတယ်။

The best of melody world အခွေ တခွေလုံး နီးပါးကို ကြိုက်ခဲ့တာ ကြာပါပြီ။ မှူးဒါရီ ဘလော့ဂ်၊ နားထောင်ဖြစ်သော သီချင်းများ Label အောက်မှာလည်း အကြိုက်ဆုံးများထဲက တပုဒ်ကို မိတ်ဆက်ပေးခဲ့ဖူးပါတယ်။ ကြိုက်နှစ်သက်ခဲ့ရတဲ့ reason လေးတော့ မပြောပြတော့ပါဘူးနော်။ တချို့ တွေလည်း သိပြီးသား ဖြစ်မှာပါ။ သူ့ အတွက် သိပ် ရူးခဲ့ ဖူးပါတယ်။ ( ခုရော မရူးတော့ဘူးလား လို့ စာနာလျှင် မမေးသင့်ပါ ^-^)ဒါကြောင့် ခုလည်း အဲ့ဒီ သီချင်းလေးကိုပဲ ညည်းဖြစ်သော သီချင်းလေး တပုဒ်အနေနဲ့ ထပ် မိတ်ဆက်ချင်ပါတယ်။ ကိုထက်နေကြည်ရဲ့  “နောက်ဆုတ်ဖို့ ကြိုးစားရင်းနဲ့ ” သီချင်းလေးက...ဒီလို...............


~`ညလေးများ အိပ်ပျော်ဖို့ ခက်နေ..အာရုံမှာ အိပ်မက်များမှာလည်း မင်းမျက်နှာ...~`
~`ငြိမ်သက်ပြီးစောင့်... ကိုယ့်ရင်ကို တခါပြန်လှုပ်ခတ်ဖို့၊...ဆွဲငင်တဲ့မင်းဟာ.. သိပ်ပြီးတန်ခိုးကြီးတယ်~`
~`မြေပြင်ကမ္ဘာ ဟိုကောင်းကင်ကြီး ထက်မှာ...
~`နေရာတကာ ကိုယ်ထင်ပြနိုင်တဲ့ မင်းပေါ့ကွာ.....ရှောင်လို့ တိမ်းလို့ မလွတ်နိုင်ပါ~`
~`ကြုံဆုံတဲ့ မင်းနဲ့ ဘ၀...ရှေ့ ကို ဘယ်လိုများ ရင်ဆိုင်ရမှာ.......~`
////~`နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့ တိုးမိ၊ မေ့ပျောက်ဖို့ အားထုတ်မှ ပိုမိုကာ သတိရမိ...၊
နောက်ဆုတ်ဖို့ ကြိုးစားရင်း ကိုယ်ရှေ့ တိုးမိ (တိုးမိ)..မေ့ပျောက်ဖို့ အားထုတ်မှ သတိကရနေပြန်ပြီ..~`
.........................။


သီချင်းအကြောင်းကို ပြောလျှင်၊ သီချင်းကို ဖန်တီးသောအနုပညာ ကို ချန်လှပ်ထား၍ မဖြစ်သလိုပင်..။ဘ၀ အကြောင်းကို
ပြောတော့မယ် ဆိုလျှင်၊ အချစ် အကြောင်းလည်း မဖြစ်မနေပါလာရတော့မယ် ထင်ပါတယ်။အချစ်မှန်လျှင် ပူလောင် သည်ချည်းဟု ဖြတ်သန်းခဲ့ရသော အတွေ့အကြုံဆိုးများအရ ကျွန်မ လက်ခံထားတယ်။ဒါကြောင့် အချစ်ရဲ့  နောက်ဆက်တွဲ အစွန်းထွက် ဆိုးကျိုးတွေ ဖြစ်တဲ့ လွမ်းဆွတ်ခြင်း၊ တောင့်တခြင်းများ လောင်မြိုက်မှုကိုလည်း ထိုက်သင့်သလောက် ရွံ့ကြောက်မိပါရဲ့ ။

အချိန်၊နားလည်မှု၊မျှော်လင့်ချက် အစရှိတဲ့ အရင်းအနှီးတွေ အများကြီး ပေးဆပ်ပြီးမှ ရလာခဲ့တဲ့ ဘ၀ပေးအသိတွေထဲကမှ၊ကိုယ့်ကိုယ်ကို အချစ်ကို ကိုးကွယ်သူ လို့ သံသယကင်းကင်းနဲ့ ခံယူလိုက်တာလည်း မကြာသေးပါဘူး။ ဤအသိတခုနဲ့ပဲ ချော်လဲလိုက်၊ထရပ်လိုက်..ဆက်လျှောက်လိုက်၊လမ်းပျောက်လိုက် ပေမယ့်၊ အရှူံး မပေးဘူး လို့ စိတ်မကုန်နိုင်ဖြစ်နေတာကလည်း၊ ၀ဋ်ကြွေးကြောင့်ပဲ ဖြစ်မှာပါ.....။

ဆုပ်ကိုင်ထားချင်ရက်နဲ့ ဖြည်လျော့ပေးလိုက်ရတဲ့ ကိစ္စတွေ ရှိသလို၊ အရှူံးမပေးချင်ပေမယ့်၊ အနိုင်ရဖို့ကိုလည်း မမျှော်မှန်းထားတဲ့ ဒွိဟကို ကိုယ်တွေ့ ကြုံဖူးတော့...................................
သူပျော်ဖို့ ကိုယ်တော်သလို နေတော့မယ် ဆိုတာထက်၊ သူလည်း နေပျော်ပါစေ...ကိုယ်လည်း အနေပျော်ပါစေလို့၊ နှစ်ဦးနှစ်ဖက် ပြေလည်ရေး ရှေးရှူ့ ပြီး၊ သူ့ဆီက တန်ပြန်သက်ရောက်လာမယ့် အချစ်အပေါ် မျှော်လင့်ခြင်း မရဲတရဲ ရပ်ဆိုင်းခဲ့ရဖူးပါတယ်။

ဖူးစာနဲ့ ကံ အကြောင်းသင့်မှ ဒီဘ၀မှာ သူငယ်ချင်း၊ မိသားစုနဲ့ဆွေမျိုး၊ ချစ်သူရည်းစားရယ်လို့ ဖြစ်ခွင့်ရမှန်း သိပေမယ့် လူဆိုတာ အသိုင်းအဖွဲ့နဲ့ မှ ရှင်သန်ရပ်တည်နိုင်တဲ့ သတ္တ၀ါ မျိုး ဖြစ်လေတော့၊ တနေ့တချိန်မှာ မိုက်မဲစွာ ထပ်မံ ချစ်ကျွမ်းဝင်ရဦးမယ် ဆိုရင်တောင်၊ အားမတန်မာန်လျော့ခဲ့ရတဲ့ သူ နဲ့ကိုယ့်ရဲ့  အပယ်ခံ အိပ်မက်တွေ ပြန်လည်
အသက်ဝင်လာဦးမလားရယ်လို့တော့..............မသိစိတ်ထဲက မျှော်လင့်နေမိဦးမှာ အသေအချာပါပဲ။

တနေ့နေ့မှာ ကိုယ့်အတွက်ရယ်လို့ ဒီကမ္ဘာမြေမှာ မွေးဖွားရှင်သန်လာတဲ့ ဖူးစာရှင်ကို မတွေ့ခင်အပိုင်းအခြား တခုအထိ၊ ကိုယ့်လိုပဲ ကျန်နေသေးတဲ့ ဘ၀ခရီးဝေးကို၊ တကိုယ်တည်း ငြိမ်းချမ်းစွာ နှင်တော့မယ်လို့ ဆုံးဖြတ်ချက်အခိုင်အမာ ချပြီးသွားတဲ့
မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်း များအားလုံးအတွက် ရည်စူးပြီး ခုတလော ညည်းဖြစ်နေတဲ့ မြန်မာ သီချင်းလေးတပုဒ်နဲ့
အင်္ဂလိပ်သီချင်းလေးကို အ ပိတ်အနေနဲ့ မျှဝေလိုက်ပါတယ်။ (အင်္ဂလိပ်သီချင်းလေးကို ငယ်သူငယ်ချင်းတယောက်က ပို့ပေးခဲ့တာပါ။)

ခေါင်းစဉ်လေးက "Gotta be somebody" အဆိုရှင် "Nickelback" က သီဆိုထားတာပါ။
http://www.youtube.com/watch?v=5Ymm-s79Tr4 (LINK)

~This time I wonder what it feels like
To find the one in this life, the one we all dream of
But dreams just aren't enough~
~So I'll be waiting for the real thing, I know it by the feeling,
The moment when we're meeting, will play out like a scence
Straight off the silver screen~
Pre:~So I'll be holding my own breath right up' till the end
Until that moment when I found the one that I'll spend forever with~~~
cho:Cause nobody wants to be the last one there
Cause everybody wants to feel like someone cares
Someone to love with my life in their hands
There got to be somebody for me like that!!~~
~Cause nobody wants to do it on their own
Cause everybody wants to know they're not alone
There is somebody that feels the same somewhere
There gotta be somebody for me out there!!~~~~~
....................။

မြန်မာသီချင်းလေးကတော့...တေးသံရှင် “နန္ဒာ” က ဆိုထားပြီး ခေါင်းစဉ်က “ဆက်လျှောက်ရမယ့် လမ်းမများ” ဖြစ်ပါတယ်။


~~ရင်ခုန်နိုင်တဲ့ အစွမ်းမဲ့နေချိန် မကြည်လင်မင်းစိတ်တွေ
ဒီပုံစံအတိုင်း အဆွေးဇာတ်ခင်းလို့ ငိုမှာလား?~~
~~~မင်းအတွက် တကယ် အစစ်တွေ့ နိုင်တယ် ပျော်ရွှင်ခွင့် ရမယ်...နာကျင်မှုများလည်း
မေ့လိုက်ပါတော့ နောက်ဆို...~~
ဟေးးးးးးးးးအကောင်းဆုံးမင်းကို ပြောမယ် မထူးဆန်း နှင်ထုတ်လိုက် ရင်ထဲက အလွမ်း`..~`
ဟေးးးးးးးးအချစ်ဖွဲ့ သီချင်းတို့ ကြိုက်ရင် အဆုံးတိုင် ဆက်လျှောက် ဒီလမ်းမများ....~`
~~`ငိုချင်စရာ အကြောင်းအမြဲ ရှာနေ ဒီဘ၀မျိုး ရိုးနေပြီ
အချိန်ရှိတုန်း မင်းစိတ်ဓာတ်တို့ ပြင်ဆင်လိုက်...အဟိုအရင် အချစ်အဟောင်းအနွမ်းတွေ
လေဟာနယ်ထဲ ထားခဲ့~~
ဒီအချိန်မှာလေ ပျော်ရွှင်ချင်ရင် အချစ်ဖွဲ့သီချင်းလေး မင်းအတွက်ပေါ့~~~
ဟေးးးးးးးးးအကောင်းဆုံးမင်းကို ပြောမယ် မထူးဆန်း နှင်ထုတ်လိုက် ရင်ထဲက အလွမ်း`..~`
ဟေးးးးးးးးအချစ်ဖွဲ့ သီချင်းတို့ ကြိုက်ရင် အဆုံးတိုင် ဆက်လျှောက် ဒီလမ်းမများ....~`..............................။


မှူးဒါရီ ခံစားတင်ပြသည်။

4 comments:

အိုင်လွယ်ပန် said...

သီချင်း နားထောင်သွားတယ်ဗျ :)

သွယ်လင်းဆက် said...

"Nickelback" သီချင်းတွေအကုန်လုံးက ကျွန်တော့်
အသဲစွဲတွေလေ မမှူး ရဲ့။ တခြားသီချင်းသုံးပုဒ်ပုဒ်ကတော့ နားထောင်ဖူးဘူး။ :)

emayarKhin said...

လာခံစားသွားတယ်...

ဆောင်းယွန်းလ said...

ရောက်လာတာ အနည်းငယ် နောက်ကျသွားခဲ့တယ် ညီမလေးရေ..
ကိုယ့်ညီမက စာရေးတာ သိပ်ပီပြင်တာပဲနော်..
ဖတ်လိုက်ရုံနဲ့ ဂီတအနုပညာကို ဘယ်လောက်ခုံမင်နှစ်သက်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်..
ထက်နေကြည်ရဲ့ သီချင်းလေးကို အကိုလည်းကြိုက်တယ်...တေးရေးမင်းချစ်သူရဲ့ အကောင်းဆုံးသီချင်းတွေထဲက အကောင်းဆုံးသီချင်းတပုဒ်ဖြစ်လောက်ပါတယ်။ ဆိုတဲ့သူကလည်း သိပ်ကိုကောင်းနေတယ်လေ။
ဂစ်တာဝယ်မယ်လုပ်ပြီးမှ ဘာလို့မဝယ်တော့တာလဲ..ဂစ်တာဝယ်ဖြစ်လို့ တီးဖြစ်ရင် ညီမလေးဘလော့ပေါ်မှာ သီချင်းနားထောင်ရမယ်ထင်ပါ့....
သီချင်းလေးတွေ အားလုံးကောင်းပါတယ်...
ကျေနပ်တယ် ညီမလေးရေ...

ပျော်ရွှင်အဆင်ပြေပါစေ..
အကိုဆောင်းယွန်းလ