ဒီဇင်ဘာငယ်…
လာချိန်တန်လာ
ပြန်ချိန်တန် ပြန်တာပေါ့ကွယ်
နင့် အစွမ်းသတ္တိ ဟာ
ကိုယ့်ပေါ်မှာတော့ သက်ရောက်မှု မရှိတာ
ကြာပါပေါ့။
နှင်းမရှိတဲ့ဆောင်း က ခါးတယ်တဲ့
အသိတစ်ယောက် က ဘယ်လို တွေးပြီး
အဲလိုရေးတယ်…
မေးချင်လိုက်တာကွယ်…
မိုးသည်းလွန်းတဲ့ ဒီဇင်ဘာကိုရော…
ကိုယ်ဘယ်လို ပြန်အောချ ရကောင်းမလဲ
များတယ်လို့… ဘန်းစကားနဲ့ ပြောရမလား…ကဲ
မျက်နှာပေါ်မှာ မိတ်ကပ်ပါးပါးနဲ့
တစ်နေ့က မီးရောင်စုံ တပ်ထားတဲ့ ထင်းရှူးပင်ကို
ဈေးလည်ထွက်နေရင်း ငေးမိသေးတယ်…
ယုံတယ် မယုံဘူး အပထား
ပခုံးပေါ်မှာ ထမ်းပိုးထားတဲ့ မျှော်လင့်ချက် တစ်ချို့ 
ပေါ့သွားရုံပဲဖြစ်ဖြစ်
အစမ်းပစ်တင်ထားခဲ့ချင်တယ်…
ရမလား santa ?
မရလည်းနေပါစေ…
တစ်ယောက်တည်းပဲပေါ့
ဒီဇင်ဘာငယ်….
ဘယ်သူမှ အဖတ်လုပ် မမေးလည်း
မိသားစုနဲ့ ဝေးဆဲ ဆောင်းမှာ
အိမ်ပြန်ရောက်တာနဲ့ အိပ်ရာထဲ ၀င်လျောင်းချင်စိတ်သာ ရှိတယ်
အပေါင်းအသင်းတွေကိုတော့
အားနာပါရဲ့ …။
သွားတာပေါ့ သွားတာပေါ့
သွားတော့လည်း
လက်ပြကျန်မနေချင်ပါဘူး….
ဒီအချိန်ရောက်တိုင်း ပြန်ထုတ်ဝတ်လေ့ရှိတဲ့
အနွမ်းဆုံး သိုးမွေးထည်လေးရဲ့  အိပ်ကပ်ထဲကို
အနွေးရအောင် လက်နှိုက်ထည့်မထားချင်ပါဘူး…
သိတယ်မဟုတ်လား……………
လွမ်းတိုင်း ကြိတ်ထိုးထည့်ထားတဲ့
နှစ်လွန် ဆောင်းရက်တွေ က
အိပ်ကပ်ထဲမှာ စိုစွတ်အုံမှိုင်းပြီး
ချောင်းမကြည့်လည်း သိနေတဲ့
အထီးကျန်ကောင်ရဲ့  နေ့သစ်တွေကို
မလွမ်းပဲ မနေနိုင်အောင် ဆွဲဆောင်ကြလိမ့်မယ်။
ဒီဇင်ဘာငယ်…
ဘာမှ မသက်ဆိုင်ဖူးဆိုတာ သိတာတောင်
အရူးတစ်ယောက်လို ထထ ရွတ်မိရသေးတယ်
နောက်တစ်ပတ်လောက်ဆို….
နင် နဲ့ ငါ
ဒီဘ၀ ဒီမျှသာပဲ ဖြစ်ဦးမှာ ထင်ပါရဲ့ ဟယ်…..
မှူးဒါရီ
1 comment:
ဒီဇင်ဘာ ကဗျာလေးကောင်းတယ်ဗျ။ ဖတ်ပြီး ပြုံးမိတယ် ။
ရေးသားပုံက ပေါ့ပါးတယ်။:)
Post a Comment