June 19, 2013 at 4:19pm
ဒီမှာ
ဘာကိုမှ အားမရတဲ့စိတ်နဲ့
အိပ်လို့မပျော်ဘူး
ငါငတ်ခဲ့သမျှ ရေတွေဟာ
ငါ့မျက်လုံးကနေ အငမ်းမရ ပြန်စီးထွက်လာကြလိမ့်မယ်
ချုပ်ရိုးတွေပြေထွက်ကုန်တာကို
ငါ့နှာခါင်းက ကောင်းကောင်းသိနေတယ်
ဒီအနံ့ဟာ စိမ်းရွှေရွှေနဲ့
ညှီစို့စို့နဲ့
မသတီစရာ ပုပ်အဲ့အဲ့နဲ့
ဘာကိုခြုံလို့မှ မလုံဘူး
မေမေရေလို့ ... ရင်ဘတ်ကြီးပေါက်ထွက်မတတ်
မေမေရေလို့ ...
ငါသိပါတယ်
အစွမ်းကုန်တိုးထွက်တာတောင်
တစ်ချို့  အသံတွေဟာ လည်ချောင်းဝထိ မိုင်ကုန်ပဲ ဖြစ်,ဖြစ်နေတယ်
ငါသိတာပေါ့
ကိုယ့်အသံကိုယ်ပြန်မကြားရတဲ့ စိတ္တဇနဲ့
ငါဟာ ယိမ်းထိုးနေရတယ်
ငါသိပါတယ်
ငါက ငှက်မဟုတ်ဘူး
ထောင်ချောက်မဟုတ်ဘူး
ငါက လေယာဉ်ပျံမဟုတ်ဘူး
မိတ္တူစက်ကလေးမဟုတ်ဘူး
ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ ခွင့်မရသေးသမျှ ငါဟာပျောက်ဆုံးနေလိုက်ရ
....................
ကော်ဖီထဲကို တစ်စက်
တိမ်ဖြူတွေထဲဆီ တစ်စက်
ဟိုးအဝေးကို မျှော်ငေးရင်း
ကျုပ်မျက်လုံးထဲကို တစ်စက်
ဒီပရက်ရှင် ဒီပရက်ရှင်
ဒီ ဒီပရက်ရှင်နဲ့ ကျုပ်နဲ့
ဒီပရက်ရှင်.. ဒီပရက်ရှင်
ဒီ,ဒီပရက်ရှင်နဲ့ ကျုပ်နဲ့
ပျို့ ချင်တယ် အံချင်တယ်
အော်ကလီဆန်တယ်
နှလုံးက ရင်ဘတ်ထဲက ခုန်ခုန်ထွက်လာတယ်
မရှင်သန်ချင်တော့ပါဘူး
ကိုယ့်အတ္တကိုယ်မမြင်တဲ့ အတ္တနဲ့
ကျုပ်ကြိုးစားခဲ့သမျှ နည်းနည်းလျှော့ရဦးမယ်
မပျော်ရွှင်ချင်တော့ပါဘူး
စိတ်ကိုချုပ် အလိုဆန္ဒကိုချုပ်
ကိုယ့်ကိုယ်ကို နံပါတ် ၃၀ ချိတ်လို့
ကျုပ် ထထ ပြေးခဲ့လို့
ကျုပ်မှ ထမပြေးခဲ့ရင်
တစ်နှစ်တစ်ကြိမ်တောင်
ပျော်ရွှင်ရာဆီ ကျုပ်ရောက်ပါ့မလား
ပျော်ရွှင်မှုနောက် လိုက်နေရတာနဲ့
ဘာကို ဗဟိုပြု၊ ဘယ်လိုနွယ်တက်ခဲ့မှန်းမသိ
နားလည်မပေးနိုင်တော့ဘူး ပြောတယ်
နားလည်ပေးခဲ့ပြီးသား ပြောတယ်
ကျုပ်ဟာကျုပ်တောင် နားလည်ဖို့ ကြိုးစားနေခဲ့တာ
အနှစ်၃၀ဆယ်
ဒါပေမယ့် ကျုပ်နားလည်ပါတယ်
ကျုပ်ကို နားမလည်ဘူးဆိုတာတွေ ကျုပ်နားလည်ပါတယ်
ကျုပ်ကို နားလည်မပေးနိုင်ဘူးဆိုမှတော့
ကျုပ်နားလည်ပါတယ်
ကျုပ်တောင် ကျုပ်ကိုယ်ကျုပ် နားမလည်သေးတာ
ကျုပ်နားလည်ပါတယ်
တစ်ခါတစ်လေ
ဘ၀ထဲကိုပြုတ်ကျတယ်
တစ်ခါတစ်လေ
ကဗျာထဲကိုပြုတ်ကျတယ်
မှန်ကြည့်တော့လည်း
ညောင်းညာကိုက်ခဲတဲ့စိတ်ပဲ
ကျုပ်သက်ပြင်း တိုးတိုးကလည်း
ခင်ဗျားသက်ပြင်းတွေကြားထဲ သွားရောတယ်
ခေတ်ကိုက ကိုယ့်ရှင်သန်မှု ကိုယ်ကြော်ငြာရတဲ့ခေတ်
ကျုပ်မသိဘူး
ဘယ်လို အမှတ်သည်းခြေကြီးရမလဲ
မှူးဒါရီ
No comments:
Post a Comment