Friday, May 2, 2008

“ရှာပုံတော်”

ခုနေ…
လိုအပ်နေတာက
မောလာတဲ့ အခါ…
လက်နှစ်ဘက် ကမ်းလျက်
ကြိုနေမယ့်မင်း…
ပြီးရင် အမောပြေရေတိုက်…
ပြုံးလိုက်မယ့် မင်း…
ထွေထွေထူးထူး မဟုတ်ဘူး…
ဒီနဖူးလေးပေါ် အသာနမ်းပြီး
ငါအရမ်းကျေနပ် မှာပေါ့…။

ခုနေ…
လိုအပ်နေတာက
စိတ်ရှုပ်လာတဲ့ အခါ
ငါ့ဆံပင်ကို အသာသပ်
နှစ်သိမ့်မယ့် မင်း…
ပခုံးထက်မှာ အသာမှီပြီး…
စိတ်ပြေသည်ထိ အဖော်ပြုမယ့်မင်း…
အများကြီး မဟုတ်ဘူး…
ဒီလက်လေး ကို မြတ်မြတ်နိုးနိုးဆုပ်ကိုင်
ငါ ပျော်နိုင် မှာပေါ့…။

ခုနေ…
လိုအပ်နေတာက
အားငယ်လာတဲ့ အခါ…
နူးညံ့သော အနမ်းတပွင့်နဲ့
တင်းမာတဲ့ နှုတ်ခမ်းကို ဖြေမယ့်မင်း…
ပြီးမှ အကြည့်တစ်ချက် နဲ့…
တိုးတိတ်ညင်သာစွာ…
ငါ့ဘေးမှာ အမြဲရှိနေမယ် ဆိုမယ့်မင်း….
အပိုတွေ ပြောဖို့ မလိုဘူး
ငါ့နှလုံးသား ကြည်နူးနေမှာပေါ့…။

ခုနေ…
လိုအပ်နေတာက…
အရာရာကို အရူံးပေးလိုက်ရတဲ့ အခါ…
ငါ့ရင်ဘတ်ထဲ ခိုဝင်…
ရင်ခုန်သံတွေကို စေ့စပ်ပေးမယ့် မင်း…
ငါ့လက်သီးဆုပ်ကို ဖြည်…
အိပ်ဆေးတစ်ခွက် ထိုးထည့်မယ့်မင်း…
ဒါဆိုတော်ပြီ…
ငါသေပျော်မှာပေါ့…။

တကယ်ပါ…
ငါရှာနေတဲ့ မင်း…
ခုနေ
လိုအပ်နေ တဲ့ မင်း…
အဲဒီ့ မင်းလေးက ဘယ်မှာလဲ???

မှူးဒါရီ

No comments: