Friday, May 16, 2008

“အနှေးပြကွက်”

ရှေ့ကသွားနှင့်ပါ။
လိုက်တော့ လိုက်ခဲ့မယ်...
ဘယ်တော့လည်း မသိသေးဘူး။

ဒီမှာ မလိမ္မာသေးတဲ့ အကျင့်ဆိုးတွေကို
သွန်သင်ပြောင်းလဲရအုံးမယ်။
ဒီမှာ မပြီးသေးတဲ့ အလွမ်းခန်းတွေကို
အပြီးသတ်ရအုံးမယ်။
ဒီမှာ ဇောက်ထိုးဖြစ်နေတဲ့ တကိုယ်ကောင်းကို
ပြန်တည့်ရအုံးမယ်။
ဒီမှာ ကုန်းရုန်းထနေတဲ့ မာနတွေကို
ကူထူမရအုံးမယ်။
ဒီမှာ ပုံစံမကျသေးတဲ့ ပုံစံခွက်ကို
ပုံသွင်းရအုံးမယ်။
ဒီမှာ အိမ်လည်ထွက်နေတဲ့ အချစ်ကို
အိမ်ပြန်လာအောင် စောင့်ရအုံးမယ်။
ဒီမှာ လမ်းမပေါ်ရောက်နေတဲ့
ပြားကပ်ယုံကြည်ချက်ကို လေထိုးရအုံးမယ်။
ဒီမှာ....
ဒီမှာ...
အချစ်ဟောင်းကို လည်း...
ဩော် ပြေလည်အောင် ရှင်းပြရအုံးမယ်။
ငါဟာ...ရှေ့ဆက်တော့မယ့်
နွားလှည်းတစ်စီး လိုပါပဲလို့။
သွားတော့ သွားမှာပဲ....
ဒါပေမယ့် ဖြေးဖြေးပေါ့လေ။

မှူးဒါရီ

1 comment:

Unknown said...

တကယ်ပဲဗျာ...ဖြေးဖြေးလေးပါပဲ...။