ငါ့ခြေလှမ်းနဲ့လိုက်တယ်။
ငါ့လက်နဲ့ထုဆစ်ကြည့်တယ်။
ငါ့အသွေးတို့ ဆူပွက်လောက်မြိုက်သည်အထိ
ငါ့ ဘ၀ကို ငါအောချလိုက်ရတယ်။
မမှီဘူး။
မီုးမြင့်က ပန်းလိုပဲ...
ဒီရည်မှန်းချက်...
အချက်ကျကျ၊ ခက်လှပေါ့။
လုပ်နိုင်သလောက်လေး လုပ်ပေးချင်တာပါ။
၁ကျပ်ရှိရင်..ပြား၅၀လောက်
ဝေမျှပေးချင်ရဲ့။
အတ္တက အဲဒီလက်ကို ပုတ်ချတယ်။
ဒါဆို လကုန်ရက် နင်ဘာနဲ့စားမလဲ တဲ့?
ဒီမှာ သတ္တိက ချောင်တစ်ချောင်ကနေ
ရှောင်ထွက်ဖို့ ကြိုးစားနေတာမမြင်သင့်ပဲ
ငါ မြင်လိုက်ရတယ်။
မပြောတတ်ဘူး။
ဘာမှမစားပဲ ငါနေနိုင်ရင်နေတယ်။
ဝမ်းတထွာအတွက်နဲ့
လူလူချင်း ပစ်ခတ်နေကြတာမမြင်ဘူးလား။
ပိုးလိုးပက်လက်အိုးအိမ်တွေကြား...
ပိုးစိုးပက်စက် အသက်ပေးလိုက်ကြရတာ မမြင်ဘူးလား။
ခုဆို ရေသောက်ဗိုက်မှောက် နေဖို့တောင်
ရေရှားတယ်။
ငွေရှိလည်း ရေမရှိဘူး။
ရွှေရှိလည်း ရေမရှိဘူး။
ဘုရားနဲ့ တရားကို
လက်ကားယား ပူဇော်နေသူတွေကြောင့်လား?
ဘုရားသားကို...တုတ်နဲ့ ပူဇော်လိုက်သူတွေကြောင့်လား?
သေချာတော့ မသိဘူး။
ဒါပေမယ့်
ငါ့မြို့လေး ရေနဲ့ အကျင်းခံလိုက်ရ၊
လေနဲ့ အကျင်းခံလိုက်ရ...
အို တစ်ကယ်ဆို...ပြစ်မှားသူတို့ကျောကိုပဲ
ရွေးပြီး ပြစ်ဒဏ်ချပါတော့လား။
ထိုင်ပြီး လေထုနေရုံနဲ့
ငါဟာလည်း ငါ့အတွက် ငါ တာဝန်မကျေသေးပဲ
ငါ့မိသားစုအတွက် တာဝန်မကျေသေးပဲ
သူစိမ်းတွေအတွက် တာဝန်ကျေဖို့ ဘယ်လုပ်နိုင်မှာလဲ။
ဆိုတဲ့ အတွေးက...ရင်ဘတ်ကို ခေါက်တယ်။
ရောင့်ရဲတဲ့ အသိ၊
ဖြေသိမ့်တတ်တဲ့ တရား
အလကားအသုံးမကျဘူး
ထမင်းမ၀ဘူး။
ပိုက်ဆံလည်းမရဘူး။
ကယ်တင်ခွင့်ကို
အမေပေးတဲ့ ခန္ဓာနဲ့အသက်တွဲနေသရွေ့
(သင်္ခါရတရားကို ဘေးခဏထိုးရင်း..)
မျှော်လင့်ချက် အနန္တပုံအော...၊
နည်းနည်းများများ သဘောမထားပဲ
နီးနီးဝေးဝေး ထည့်မတွေးပဲ...
တို့မြေ၊တို့လူမျိုးအတွက်...
တတ်နိုင်တဲ့ဘက်က
ငါလည်း ပေးဆပ်ပါရစေ။
ငါမွေးတဲ့ဒေသ...၊
ဘယ်နှစ်ကြိမ်မြောက် ကမ္ဘာပျက်ပျက်...
လောကကြီးအလယ်...
မျက်နှာဘယ်လောက်မည်းမည်း၊
ယုံကြည်ချက်အပြည့် နဲ့ ပြန်ထူထောင်
သုညအောက်ကနေ ခေါင်းထောင်ထနိုင်ဖို့
(အဝေးရောက်သူတို့ပါမကျန်)
ညီညွှတ်စည်းလုံးကြဖို့ လိုတဲ့ (ဒီအချိန်)
ငါခေါ်မယ့် အသံ..
ဒါ...မျိုးချစ်တဲ့ စိတ်ဓာတ်...
ရဲရဲတောက် ပွင့်လန်းဖို့လိုပြီ။ ။
မှူးဒါရီ(၀၂/၀၅/၂၀၀၈)
3 comments:
ကျွန်တော်တို့တွေ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကိုယ်တတ်နိုင်သလောက် ပါဝင်ကူညီ ကြပါစို့ အစ်မရေ။
သိပ်ကောင်းတဲ့ကဗျာပဲဗျာ ...။
Post a Comment