Friday, June 27, 2008

“မျက်နှာဖုံး ပိုင်ရှင်များ”

အစကတည်းက မှားနေမှန်း
ကိုယ်သိသားပဲ
ဒါပေမယ့်...ဒီလမ်းကို သိသိနဲ့ပဲ
ရွေးခဲ့တယ်လေ...။
မင်းကတော့...
ပျော်နေမှာပေါ့...။
ကျူးကျော်ဝင်ရောက်..
ရင်တံခါးကို ချိုးဖောက်ခွင့်ရကတည်းက...
တခြမ်းလှပ်နေတဲ့ ဦးနှောက်ထဲဝင်
နှလုံးသားစေရာကို...
ရူးသွပ်ရဲတဲ့ ပုံပြင်တချို့အကြောင်း
မသိလိုက်မသိဘာသာ စုဆောင်းပြီး
ကိုယ့်ကို အမှောက်ထိုးဖို့
ခုဆို...။

အဆုံးမှာ ဇာတ်လှန်ရတော့မယ်မှန်း
ကိုယ်ကြိုသိနေပြီ။
မထီမဲ့မြင်အပြုံးနဲ့ သိပ်ဂုဏ်နေသလား။
ဟန်ဆောင်စမ်းပါအုံး...ကွယ်။
အချိန်မတန်ခင် ခဏလေး
မိုက်မဲစွာ ဆက်လက်...ရူးသွပ်ခွင့်နဲ့
မင်းလိမ်ညာမှုမှန်သမျှ...
ခေါင်းညိတ် ကျဆုံးပေးမယ့် ကိုယ့်အတွက်
ခုတော့...
မျက်နှာဖုံးကို
တေးတေးလေး ဖြစ်ဖြစ်
ဆက်... ၀တ်ပေးထားအုံးလေ။ ။

မှူးဒါရီ

No comments: