Friday, June 27, 2008

”တွန်းကန်အား”

ရင့်ကျက်မှု နှင့် ငါ
ပြဒါးတလမ်း သံတလမ်း။
ငါတေးထားတယ်။
မရင့်ကျက်သေးသမျှ
အိမ်မပြန်ဘူးလို့။

အသက်အရွယ်နှင့် အတွေ့အကြုံ
ဘယ်လို ဆက်စပ်ယူရမလဲ။
စဉ်းစားတုန်း..။
လျှောက်ချင်တဲ့လမ်းက ကဗျာ
လျှောက်နေတဲ့လမ်းက...ဟိုလို၊ဒီလို။

အဖေက...
စိတ်မချဘူးတဲ့..
အိမ်ပြန်ခဲ့တော့ ခေါ်နေပြီ။
လူအုပ်ကြီးအတိုင်း မျောပါ
မှေးလိုက်ခဲ့ရတာ တကယ်တမ်း ငါမောလှပြီ။

မျက်စိမှိတ်ပြီး စကားပြောနေကြတယ်။
နားပိတ်ပြီး ခေါင်းညိတ်နေကြတယ်။
မသိရင်..စိတ်ရှုပ်စရာတယ်ကောင်း..။

မည်းညစ်လာတဲ့ ဖြူစင်မှု
ပေါင်းတင် ပေါင်ဒါဖို့ရပေါင်း များပေမယ့်
ကြောက် စကားမပါတဲ့ ဇွဲနှင့်
ငါ့လမ်းငါ နောက်မဆုတ်တမ်း ရဲရင့်ဖူးတယ်။

စိတ်ဓာတ် ကတော့
အမေ အချိန်မရလို့
မသင်ပေးခဲ့တဲ့ အိပ်ရာဝင် သင်ခန်းစာတစ်ချို့နှင့်
ငါ...ဘ၀ကို အနုတ်ကနေ ထည့်ဝင်ခဲ့ပြီးသား။

မိသားစုနှင့် အတူနေရဖို့
စောင့်လို့ရရင် စောင့်ပါအုံး။
ချစ်သူရှာ၊ အိမ်ထောင်ပြုတာလည်း
ခေါက်ထားလို့ရရင် ခေါက်ထားလိုက်အုံး။

အချိန်မကျသေးဘူးလို့...
အဖေ့ကို ဖုန်းထဲကနေ ဖြေခဲ့တယ်။

အဲဒီမှာ
ရယ်ချလိုက်တဲ့ အဖေ့အသံက...

ငါ့ကို ငါ ခပ်မြန်မြန် ထုနှက်ထွင်းဆစ်
ရင့်ကျက်မှု သဏ္ဍာန်အဆင်းနှင့်
ခုချက်ချင်း လူဖြစ်ချင်အောင်
အားဖြည့်သည်။

မှူးဒါရီ

1 comment:

ကောင်းကင်ကို said...

မျက်စိမှိတ်ပြီး စကားပြောနေကြတယ်။
နားပိတ်ပြီး ခေါင်းညိတ်နေကြတယ်။

ဟုတ်ပ။
အရေးအသားလေး ကောင်းလိုက်တာ