Monday, July 7, 2008

“မှော်ကျား”

ဘာစကားမှ နားလာမချနဲ့။
ခင်ဗျားတို့ အကုန် ဒီပုတ်ထဲက ဒီပဲ၊
အလကားနေရင်း
မျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်တာလဲ
ကျွန်တော်ခံမှာ မဟုတ်တော့ဘူး။

ကျောတွေ စုတ်ပြဲ၊ အရေခွံ လဲဖို့လည်း
မကျန်တော့ဘူး။
ခေါင်းညိတ်ရ လွန်းလို့
ကိုယ့်ကိုယ်ကို ခေါင်းခါတတ်မှန်းတောင် မေ့
အတုအယောင်ပျော်ရွှင်ခြင်းများနဲ့
လှည့်စားတာတော်တော့။

ဝမ်းရေးတွက် အနှစ်နာခံ...၊
ရွှေ၊ငွေ ကြားထဲ ရစ်မူး…၊
မထူးမိုးခါးတွေသောက်မိတိုင်း၊
မသိတတ်သေးတဲ့ အရွယ်..
အထူးအဆန်းလို
လူကြီးတွေကို ထိုင်ငေးခဲ့ဖူးတာ၊
မြန်မြန် အသက်ကြီးဖို့ ဆုတောင်းခဲ့ဖူးတာ..၊
ပြန် မြင်ယောင်ရင်
ကိုယ့်ကိုယ်ကို လှောင်ရယ်ချင်လာတယ်။

စကားတိုင်းကို ကြားကောင်းရုံပြော
မုသားမပါ လင်္ကာမချော ဆင်ခြေတွေ
လူတောတိုးဖို့… လူမှုရေးဘာသာ၊
အောင်မှတ်မရရင်နေပါစေ…
ခုကစပြီး…ကျွန်တော်ပါးစပ်
လိုက်လျောခြင်း အတတ်ကို ဆန္ဒပြ ဆန့်ကျင်ပြီ။
နောကျေနေပါပြီလေ…

လုပ်ပါ… ပြောပါ
ဝေဖန်ခြင်းတဲ့…
လူတိုင်းကို သစ္စာဖောက်ဖို့
လူအယောက်တိုင်း ကျင့်ကြံတဲ့ စည်းမျဉ်း၊
ဟုတ်ကဲ့…စာရင်းထဲက
ကျွန်တော့်နာမည် တရားဝင်ပယ်နိုင်ပြီ။

လူမိုက်ရိုင်းလေးပေါ့ ကျွန်တော်…
အသက်ကြီးသူ ဦးဦး၊ဒေါ်ဒေါ် ပြောသမျှ
မစဉ်းစား မဆင်ခြင်၊
ဟုတ်ကဲ့ခင်ဗျာ…ဟုတ်ကဲ့ခင်ဗျာ…
ထောက်ခံတာတွေလည်း…မလုပ်တော့ဘူး။

ကြည့်လုပ်ပါအုံး အစ်ကိုကြီးရယ်…၊
နည်းနည်းလျော့ပါအုံး အစ်မကြီးရယ်…၊
ဒီလို တောင်းပန်ခယမှု၊
အောက့်ကျို့ခံ အပြုအမူတွေနဲ့လည်း
ကျွန်တော် ပြတ်သားစွာ လမ်းခွဲသည်။

နောက် လမ်းမှာတွေ့ရင်…
ရှောကျခဲ့တဲ့ မာနကိုမထောက်
ဟေ့ကောင်..မင်း နားလည်မှုတရား ခြောက့်လှချည်လား
ပြောသွားတဲ့ သူငယ်ချင်းကိုလည်း
ကျေးဇူးတင် လက်ဆွဲနှုတ်ဆက်ချင်ပါတယ်။

သတိမထားမိပဲ တိတ်တိတ်လေး ပျောက်ရှခဲ့တဲ့
ကျွန်တော့် နှလုံးသားအတွက်နှင့်
ဘာမှ မက်မောလောက်စရာမရှိတဲ့ လောကကြီးထဲ
ထပ်မချစ်နိုင်အောင် သင်ပေးခဲ့တဲ့
ချစ်သူ မင်းကိုလည်း အလေးပြုသင့်ပြုရမှာပဲ။

ကိုယ်ရွေးခဲ့တဲ့လမ်း…လမ်းမှဟုတ်ရဲ့လားလို့
တစ်ခါတစ်လေ တွေးဖြစ်တာ ရပ်တန်းက ရပ်ပါသည်။
ပြောသမျှ ဟာသကို မရယ်တတ်တာ…ကိုယ် ညံ့လို့ပါ။

လောက့ နိယာမနှင့် ကိုယ့်ဘာသာဗေဒ
မတွဲဖက်မိတာလည်းကိုယ် ထုံလွန်းလို့ပါ။
မလိုအပ်ရင် မပြုံးလို့…ကိုယ့်ကို လူမုန်းများတယ်…
လူကြားကောင်းအောင် အပြောမတတ်လို့…
လူ ထဲမှာ လူသင်းကွဲအမည်ရ…

ဩော်…ဒီလို စိတ်ဓာတ်ကျတာတွေ မရှိစေတော့ဘူး။

ရိုးသားဖိုးသခွား…ကျွန်တော် တစ်ခါပြန်ဖြစ်
ဒါပေမယ့်… လိမ့်ကျပါများလို့…
ချောင်ပိတ်ခံနေရတဲ့ စိတ်ကို သတိထား
ပုဆိုးကြားထိုးထားတဲ့ ၀ှက်ဓားကိုသတိထား…
ကျားဆိုရင်လည်း မှော်အောင်သွားတဲ့ ကျားတစ်ကောင်ဖြစ်ပြီ။


မှူးဒါရီ

မှတ်ချက်။ ။မှော်ကျားလေးဟာ... ကိုယ်ကိုတိုင် ဘာတွေခံစားနေရမှန်းမသေချာပဲ ရေးချမိခဲ့တာမို့၊ စကားလုံးတွေကျဉ်းကျုပ်ပြီး ဘာကိုရည်ရွယ်ချင်တယ်ဆိုတာ ကိုယ်တိုင်ကို မသိတဲ့ ကဗျာမကျ၊ article လည်းခေါ်မရတဲ့ ဖော်ပြချက်လေးတစ်ခုသက်သက်ပါ။ သူငယ်ချင်းကတော့ မင်းနားလည်မှုတရားခြောက်လှချည် လားလို့ တကယ်ပြောသွားခဲ့တာပါ။

1 comment:

. said...

မှော်ကျားကို မှားကျော်မိတော့မလို့...အင်မတန် စာဖတ်အားခပ်နည်းနည်းနဲ့ ချီးကျူးရမှာတော့ ကိုယ့်ဟာကိုယ်လိပ်ပြာမလုံပါဘူး သို့သော် မှတ်ချက်ပေးခဲ့သလို အကောင်းဆုံး အနေနဲ့လဲ five star ပေးခဲ့လိုက်တယ်။
သိပ်ကောင်းတဲ့ကဗျာတစ်ပုဒ်ဖြစ်တယ် မှူးရေ ။

အကို ငြိမ်းဇေဦး