Wednesday, July 9, 2008

“မိုးရွာပြီဆို”

မိုးလေ ကျပြီဆို
ဘယ်ကို လွမ်းမှန်းမသိ လွမ်း...။

အုတ်ခြောက်ကျိုး ဟိုဖြည့် ဒီဖာ
နိမ့်မြင့် နှစ်ဖြာများစွာ နှင့်
အိမ်ရှေ့လမ်းကြားလေးကိုလား..။

ဖိနပ်မပါ ၀တ်စားမလုံလဲ
ခုန်ပေါက်ပြေးလွှား၊ မိုးစက်တွေကြားက
အရှက်အကြောက်မဲ့ ကလေးဘ၀ကိုလား..။

စကတ်စိမ်းကို မ၊ ထီးကို ပခုံးမှာညှပ်ပြီး
ကျိုးတိုးကျဲတဲ သနပ်ခါးပါးပြင်နှင့်
ဒူးဆစ်လောက် ရေပြင်ကို ဖြတ်သန်း
ကျောင်းတက်ခဲ့တုန်းချိန်ကိုလား...။

အမိုးအကာ မလုံ
ရေကို ဇလုံနှင့် ခံ
မပြည့်စုံခြင်း ကို ၀မ်းနည်းရကောင်းမှန်း
မသိခဲ့သေးခြင်းကိုလား...။

ထီးကျိုး၊ ဖိနပ်ပြတ်
အသစ်ဝယ်ဖို့ မတတ်နိုင်သေးတဲ့ချိန်
ထရံပြူတင်း အပြင်ဘက်က
ကျောင်းသွားဖက်များကို ငေး
ဖျားချင်ယောင်ဆောင် ကျောင်းပြေးခဲ့ချိန်များကိုလား..။

လောကကြီးမှာ...
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာကြောင်း
တစေ့တစောင်း မှ မသိသေးခင်
မိုးစက်ပြင်းကို အံတု
ထီးတစ်ချောင်းတည်းအောက်
ရင်ချင်းပူးအောင် အတူတူရှိခဲ့ဖူးတဲ့
အရပ်ပုပု ကောင်လေးကိုလား...။

မိုးလေကျတိုင်း..
အပျော်ရယ်၊ အငိုရယ်
အချိုးကျစပ်ထားတဲ့
အညာစောင်လေးကို ခြုံ...၊
မအိညက်တဲ့ မွေ့ယာပုံပေါ်လှဲ
ကဗျာဆိုတာ စရေးတတ်တဲ့
ဆယ်ကျော်သက် ကာလများကိုလား..။

မှတ်မှတ်ရရ
ဘာကို လွမ်းလို့ လွမ်းရမှန်း မသိပဲ
အတိတ်ကို ပြန်ခြေဆင်း...၊
ရင်တွင်းအနာဟောင်းက ပွ၊
ဘ၀ ဆိုတာ ဒီလိုရှိခဲ့တယ်လို့
အားဘောင်ရင်းသန်သန်နဲ့
သူငယ်ချင်းကို ရှင်းပြနေမိတတ်တာလည်း
မိုးရွာပြီဆို...။ ။

မှူးဒါရီ

1 comment:

ကောင်းကင်ကို said...

ကဗျာလေးဖတ်ပြီး ကလေး ဘဝက မိုးရွာချိန်တွေကို လွမ်းမိတယ်