Wednesday, July 23, 2008

“သူ”

အမှတ်ရတယ်။

သူမကြားချင်တဲ့ စကားကို

သူ့ပါးစပ်နှင့် သူ ပြောပြီး

ခုတလော သူ့ကြည့်ရတာ..

သိပ်မောပန်းနွမ်းနယ်နေတဲ့ပုံ...။


အချိန်မှန် ထမင်းသုံးနှပ်..

အသင့် ပြင်ရေခွက်ထဲ

လက်ဆေးစားလို့ရတဲ့ ဘ၀တစ်ခု

အပေါင်းအသင်း အဆင့်တန်းခွဲ ကန့်သတ်ချက်

ဖေးမယုယမှုကင်းတဲ့ မိသားစုအိမ်...

၂၅နှစ်မကျော်ခင် အိမ်ထောင်ပြုရမယ်ဆိုတဲ့ ၀တ်နည်း

သိပ်အထီးကျန်စာကောင်းမယ့် ဆုတောင်းများနှင့်

တယူသန်ဆန်တဲ့ အသိုင်းအ၀ိုင်းကြားထဲ

သူ့အစား ငါ ရင်လေးခဲ့တယ်။


မသွားသင့်တဲ့ အရပ်ကို

မြေခွေး၁ကောင် နှင့်အတူ လမ်းလျှောက်ထွက်ခဲ့ဖူး သူ

အိမ်မက် ဆန်တဲ့ လက်တွေ့ဘ၀ထဲမှာ

လမ်းပျောက်လိုက်...

ရန်ဆောင်လိုက်...

လမ်းပျောက်လိုက်...

မဲမာန်လိုက်...

လမ်းပျောက်လိုက်...

အပြစ်ပုံချလိုက်...

ပြီး လမ်းထပ်ပျောက်လိုက်...။



သူကတော့

သူ့ရင်ခွဲ လက်၁စုံကို ပွတ်သပ်ကြေကွဲ

သူ့ ခန္ဓာ တစ်ကိုယ်လုံး ဆေးနက်လောင်းသွားတဲ့ ငနဲကိုမှ

တစ်ကမ္ဘာလုံးနှင့် တစ်ယောက်ပြိုင်...

တသသ လွမ်းနေလိုက်ရတာ တုန်လို့ လေ...။

အခြားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ

ဘယ်လို မျက်နှာလွှဲ အိပ်အိပ်

ထိတ်လန့်စရာအတွေးက...

မဖြူစင်တော့တဲ့ ရင်ခုန်သံတစေခြောက်လိမ့်မယ် တဲ့။

သူ ညည်းနေကြ စကား...။



သူ့မျက်ဝန်းအိမ်လေး

မျှော်လင့်ချက်ရောင် တောက်ပ

ချစ်သောသူတိုင်း ပေါင်းရပါစေဆိုတဲ့

သူ့လိုအင် ဆန္ဒတွေ ပြည့်ဝမယ့် တောင်းဆုကို

ကိုယ်ချင်းစာစိတ် တစ်ပိုင်းတစ်စ နှင့်

သူငယ်ချင်း ပီသချင်တဲ့ ငါ...

ဘယ်တော့မှ မတောင်းဘူးလို့ သံဓိဌာန် ချပြီးသား။


သူ့ခမျာ...

မိဘသဘောကျ အပ်နှင်း

လက်ထပ်ချင်း သတင်းကောင်းတွေကို

ဒီသကောင့်သား တစ်ယောက်အတွက်...

ဆက်အငြင်းပွားဖို့ ကြံရွယ်၊

ဦးတည်ရာမတူတဲ့...ခေါင်း၂လုံး နှင့်

ရထားလေးလုပ်မယ် ကြုံးဝါးနေတုန်း...

ငါ့မျက်စိရှေ့မှာတင်...

မတရားတဲ့ လောကကြီးကို အလံဖြူပြ

ထွက်ခွာခဲ့တယ်။


စားရရုံ သွားဖြဲပြသွားတဲ့

ဟို ဘီလူးငနာကတော့ ဘယ်လိုနေလဲ မသိဘူး။

သူငိုတဲ့ မျက်ရည်တွေကတော့

သူငယ်ချင်း မပီသလိုက်ရတဲ့

ငါ့ပခုံးထက်ပေကျံနေတုန်း...ပဲ။

မှူးဒါရီ

No comments: