Wednesday, July 9, 2008

“ပြစ်ဒဏ်ချမှတ်တဲ့နေ့”

ငါတွေးနေမိတယ်။
ရင်ထဲမှာ ရှိသမျှကို
ကျေညက်နေတဲ့ ကွမ်းတံတွေးလို
ထွေးအန်ချလိုက်လို့ရရင်
တော်တော်ကောင်းမယ်လို့...။

အမှတ်တရ လမ်းကောက်လေး
နှစ်ယောက်အတူတွဲရိုက်ထားတဲ့ဓာတ်ပုံ
ငါစောင့်နေကျ ၁၁ထပ်က ပြတင်းပေါက်
ကြားနေကျ ဆိုက်ကယ်သံ
အလွတ်ကျက်မိနေတဲ့ ခြေသံ တစ်စုံ
ပြီးတော့
အများကြီးကျန်သေးတယ်။

အလိုမတွေ့တို်င်း လွှတ်ပစ်ခဲ့တဲ့
ဖိနပ်တရံ...၊ ၀က်ဝံရုပ်ကီးချိန်းလေး ၁ခု နှင့်
ဖုန်းထည့်တဲ့ အိတ်လေး ၁အိတ်...
အတိတ်မှာ ကြေကွဲနေတယ်လို့
ဘာကြောင့်အိပ့်မက်တွေ မက်နေသေးတာလဲ။

နေပြောက်တွေ ခုန်ပေါက်ပြီး ၀င်လာကြပြီ။
အိပ်မပျော်တာ...၁ ပတ်၊
သတိရမိနေတာက ၃ရက်၊
မင်းလက်တွေနဲ့ ထွေးပွေ့ခံချင်တဲ့ စိတ် ဖြစ်ပျက်နေတာ
နေ့နှင့် ည...မလပ်သေးဘူး။
ဝေးနေကြကတည်းက..။

လက်ချိုးလို့ ရေတဲ့အခါတိုင်း
အမှားနှင့် အမှန်ထက်...
ဘောင်ကျော်ခဲ့တဲ့ အလိုလိုက်မှုတွေရှိတယ်။
ခွင့်လွှတ်လို့ မရတဲ့ အကျင့်ဆိုးတွေရှိတယ်။
ဆေးကြောလို့မရတော့တဲ့ အစွန်းအထင်းတွေရှိတယ်။
အချစ် ဆိုတာကြီးကို ဘယ်လက်နဲ့ဖက်ကိုင်ပြီး
အရာရာကို ရင်ဆိုင်ရဲတယ်ဆိုတဲ့ အယူအဆ...
ခုတော့လည်း တစ်စဆီ ကွဲကျလို့လေ။

သူ့ဘက်၊ ကိုယ့်ဘက်...ကြည့်တတ်ခဲ့သင့်တယ်။
နားလည်မယ်လို့ ထင်ခဲ့သမျှ
ဝေမျှမယ်လို့ ထင်ခဲ့သမျှ
အပေးအယူ မမျှတဲ့ အတ္တမှာ..
ငါ ဘာဆိုဘာမှ မလုပ်ပေးနိုင်ခဲ့ဘူးဆိုတာ..သိရက်နှင့်
နောက်ကျောကို ဓားထိုးခွင့်ပေးမယ်ဆိုတဲ့ နင့်ကို...
ငါ ပွင့်လင်းစွာ လက်နက်ချလိုက်ပြီ။

မထင်မှတ်တဲ့
ဟိုနေ့ က တားရော့ကဒ်ကိုမေးမိတယ်။
ငါဖူးစာဖက်နှင့် ဆုံခဲ့ပြီလားလို့လေ...။
(ရူးနေတယ်လို့ ပဲပြောပြော...)
အဖြေက...“မင်းရဲ့ လူက မင်းဘေးမှာ ရှိနေခဲ့ပြီးသားပါ၊
မင်းက သတိထားကြည့်ဖို့ မေ့နေခဲ့တာပါ” တဲ့
ငါ...အော်ဟစ် ဟားတိုက်ပစ်လိုက်တယ်။

ဒီမယ်...
မိုးစင်စင်လင်း တဲ့အချိန်ကျမှ
ငါ့ဝင်သက် ထွက်သက်တိုင်းကို.. ပြစ်ဒဏ်ချမှတ်...
နင်ကိုယ်တိုင် လက်နှစ်ဖက်နဲ့ ကားစင်တင်လိုက်ပါဟာ..။

မှူးဒါရီ

No comments: