Friday, August 29, 2008

“ဝေဖန်ရေး နှင့် လေကန်ခြင်း..”

“ဝေဖန်ရေး နှင့် လေကန်ခြင်း..”


တစ်ချို့ က
ဘ၀ ကိုနှော ကျေသလို
စိန်ခေါ်တယ်။
ငါကျတော့...
ဘ၀ပေးအရ
ရန်မဆောင် ပြတတ်ဘူး။


တစ်ချို့ က
အုတ်အော်သောင်းနင်း
အတင်းအဖျင်း ချတတ်တယ်။
ငါကျတော့...
သံဗုဒ္ဓေ တစ်ခါရွတ်
သံသရာလွတ်ဖို့ သာ လိုလားတယ်။


တစ်ချို့ က
ထီးထီးမားမား
ကွင်းပြင်က ညောင်လို ကျင့်တယ်။
ငါကျတော့...
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ
သူငယ်ချင်းများများ မင်တယ်။


တစ်ချို့ က
လက်တို့ ခြေတို့
ကို့ယိုးကားယားနေတတ်တယ်။
ငါကျတော့...
သမာရိုးကျကျင့်စဉ်နဲ့
ကိုယ့်လမ်းကိုမှန်မှန် ခင်းတယ်။


တစ်ချို့ က
မိုးတိုးမတ်တတ်
တိုးထွက် ပြတတ်မှ အဟုတ်ထင်တယ်။
ငါကျတော့...
နှောရော ၀င်ရောက်
အကျိုးနောက်က အကြောင်းတရား
အရင် ချင့်ချိန်ထောက်ရှူ့  ချင်တယ်။


တစ်ချို့ က
မိုးမြေကို မမှု
ကိုယ့်ရာသီဥတု ကိုယ်ဆောက်တည်တယ်။
ငါကျတော့...
သဘာဝကိုချစ်
ဖြစ်ပျက်မှု သဘောအတိုင်း ရင့်ကျက်တယ်။


တစ်ချို့ က
အသက် နှင့်တကွ လိုက်မကြီး
လူ့ သင်းကွဲ စာတန်း တစ်ဘ၀စာ စည်းလိုတယ်။
ငါကျတော့...
အမျက်ဖြေ၊ ဒေါသကြေ
ရေမြေကောင်းမှာ အရိပ်ရ သစ်ပင်စိုက်တယ်။


တစ်ချို့ က
ခေတ်အလိုက် ပေါ်ပင်
တရေးနိုး တို့ အရေး အော်ချင်အော်တယ်။
ငါကျတော့...
ဆိတ်ငြိမ်မှု ကို နားစွင့်
ပူလောင်သမျှ ကဗျာ ထွင်းခြစ်တယ်။


တစ်ချို့ က
အင်တာနက် တ ချက် ချက် နဲ့ (ချက်= CHAT)
ခင်လို့ပါ ဟဲ့ ဆိုပြီး
အလိုမတွေ့ တော့ ဘလော့တယ်။ (ဘလော့=BLOCK)
ငါကျတော့...
လက်ပိုက် ခေါင်းညိတ်
စေတနာကိုပုံချ ပိတ်ဟောက်တတ်တဲ့သူ မုန်းတယ်။


တစ်ချို့ က
တိုးတက်ရေး နှင့် ညီညွတ်ရေး ဆိုပြီး
မတူညီတဲ့ ရပ်တည်ချက် အပေါ်
တတ်သမျှ မှတ်သမျှ စည်းမျဉ်းတွေ ထုတ်တယ်။
ငါကျတော့...
စူးစမ်းရင်းနဲ့ စပ်စုရင်းနဲ့
၂ ပတ် အတွင်းမှာ ဒုံရင်းဒုံရင်း ပြန်ရောက်တယ်။


မှူးဒါရီ


မှတ်ချက်။ ။မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားခြင်း မဟုတ်ပါသောကြောင့် တိုက်ဆိုင်မှုများ ရှိပါကလည်း (လုံးဝ) တာဝန်မယူပါ။

No comments: