Friday, August 15, 2008

“အိမ်”


ကောင်းကင်ကို ချစ်လို့
ရင်ဖွင့်ထားပေမယ့်
မိုးတစက်တောင် မကြွေပေးတဲ့
အတုယောင် တိမ်နန်းတော် ဖြစ်နေပါလား။


ရိုးမကို ငေး
အရိုင်းးတွေ ယဉ်ကျေးတဲ့
“သစ်ပင်မခုတ်ရ” ဆိုင်းဘုတ်အောက်မှာ
သစ်ကိုင်းခြောက်သာ ကောက်ကြ
ဝမ်းစာဖြေ။


မနက်ဖြန်ဆိုတာ မသိတဲ့
အိမ်မက်ဆိုတာ မရှိတဲ့
သူတို့ နေရက်တွေကို ရိုးရိုးသားသား
ယာထွန် ပျိုးကျဲ
ဆယ်တန်းအောင် သူ တိုင်းကို
အထင်တကြီး လေးစားသတဲ့။


ရေနွေးခြမ်း တည်ခင်း
ကိုယ်တိုင်စိုက် ကောက်ညှင်းလေးနဲ့
ခေါပုတ်ကြော် ...
မမေ့နိုင်သေးဘူး။

ဟော..ဟိုက အဝေးပြေးလမ်းမကြီး
အဖေ စပြီး ကားမောင်းတက်ခဲ့တဲ့ အချိန်ပေါ့တဲ့
မဖွင့်ဖြိုးတဲ့ အရပ်ငယ်မှာ
၁၆ နှစ်လောက် အရွယ်လောက်နဲ့
ကြိုးစား အောင်မြင်ပြီး
အခုမှ သားသမီးတွေကို ဂုဏ်ယူ ရင်ကော့ပြနေတဲ့ အဖေ။


နာမည်ကို မမေးနဲ့။

အ၀တ် တစ်ထည် ကိုယ်တစ်ခုနဲ့
တခေါက်ဖာ လေးကို ပိုက်
လေယာဉ်ကြီး စီးပြီး ရန်ကုန်မှာ
ကျောင်းလာတက်ခဲ့တာ
သီပေါ သားလေးတစ်ယောက်
ရင်ဖွင့် နေတယ်။


အဆင်ပြေတယ်ဆိုတာ
ခက်ခဲမှု တပုံတထေ နဲ့ ဖြတ်တိုက်ပြီး
ရောက်ရာ အရပ်မှာ
ပျော်အောင်နေတတ် ရင် ဖြစ်တယ်လား။


မိုးအလင်းကို အိမ်ရှေ့မီးလှုံ
မြူမှုံ တွေ တလွင့်လွင့်နဲ့
စက်ဘီး တက်စီး
ရေ ဆိုတာ မြို့ပြရေခဲသေတ္တာထဲကရေထက်
ပို အေးတဲ့ ဒေသလေး။


ပါးနီလေး မို့မို့
ချစ်စရာ ရှမ်းမိန်းမပျိုတွေလေး
ကိုယ်ထည် တည်တန့်
တပိုင်း ဗလာနဲ့ လည်ထွန်နေတဲ့
မညည်းညူတတ်တဲ့ ဘယောင်္ကျားတွေ...
မာယာနီညို ကင်းမဲ့
ကြည့်တဲ့သူတိုင်း ရင်အေးသွားမယ့်
ဒီ အရပ်မြေဟာ
တို့နဲ့ လည်း သက်ဆိုင်တယ်တဲ့လား။


ကားကောင်းကြီး စီး
အ၀တ်လှ ၀တ်တဲ့
မြို့ပြသူ တွေ စိတ်ခု သွားမယ်စိုး
မျက်နှာကို မီးဖိုချောင် ထင်းမီးဖိုးနား
ပြာချထားတဲ့ စေတနာနဲ့
ဧည့်ဝတ်ကျေသော ရိုးသားမှု...
လိုက်မရှာပဲ
တိုက်တိုက် ဆိုင်ဆိုင်တွေ့
မျက်ရည်တို့ ဝေ့ခဲ့ရသေး။


အိမ်ဆိုတာ
နွေးထွေး ခြင်းတွေနဲ့
နေထိုင်မှု လွတ်လပ်တဲ့
မွေးဖွားရာ အသိုက်
........................။


ခုတော့ တို့အိမ်ပြန်လိုက်အုံးမယ်။
အင်ဂျင်သံ ကြမ်းကြမ်းရဲ့
နောက် လှမ်းလှမ်းမှာ
ဂစ်တာသံနဲ့ စိုင်းထီးစိုင်း သီချင်းသံက
တဖြေးဖြေး ပါးလွှာ၊


ရိုးရာ စကား မတတ်လို့
ဈေး မ၀ယ် ခဲ့ရတဲ့ အရပ်။

မြစ်နဘေးမှာ...
သူလို ကိုယ်လို ရေမချိုးတတ်လို့
ညစ်ကျယ် ရယ်ခဲ့ရတဲ့ အရပ်။

မိုးတိမ် ကင်းစင်
နွေ မှာ မီး မင်းမူ တဲ့ အရပ်
၎ ကြိမ်မြောက် အစအနမကျန်
လောင်ကျွမ်း ခဲ့လည်း....
ထရံ ဓနိကာ မိုး
လေတိုးရင်တောင် ပြိုနိုင်တဲ့
ဇရပ် ငယ်တွေနဲ့
စိတ်ဓာတ် အားမာန်တွေ ကြံ့ခိုင်ဆဲ အရပ်...၊

ဒါ..........................
တို့ ရင်ဘတ်ထဲက အိမ်စစ်တဲ့အိမ်။


ရေကြည်မြက်နု ရာမှာ
စိမ်းကားနေတဲ့ သူကိုတောင်...
ဝမ်းပန်းတနည်း....
နောက်တစ်ခါ လာခဲ့ အုံးဝေ့ နှုတ်ဆက်ကာ
မှုံပျပျ မြူတွေကြား
လက်ပြကျန်နေရစ်ပြီ။


မှူးဒါရီ

1 comment:

mgngal said...

ရှမ်းပြည်မှာနေဘူးတဲ့ ကာလ လေးကိုတောင်ပြန်သတိရမိတယ်ဗျာ။
အရမ်းအေးချမ်းတဲ့ဒေသလေးပါ။တစ်ခါတစ်ခေါက်ပြန်ရောက်ချင်သေးရဲ့ ။