Thursday, September 11, 2008

“အရောင်ထပ်တင်ခြင်း”

“အရောင်ထပ်တင်ခြင်း”


တစ်ခါတစ်လေ မားမတ်တည်တန့်နေရက်
တစ်ခါတစ်လေမှာ ၀ပ်တွားခယ သေးနုပ်နေတတ်တာ
ယုံကြည်ချက် မဟုတ်ဘူး။


အနံ့တွေ ကြားမှာ ငါ ငွေ့ငွေ့လေး ပျော်ဝင်
ဘယ်အရောင်ဖြစ်ရင်...ကောင်းမလဲ
နီ၊၀ါ၊ပြာ၊စိမ်း၊ခရမ်း...၊အနက်
သေချာတာတော့ ဘယ်အရောင်ဖြစ်ဖြစ်
အဖြူကို အရောင်ဆိုးထားခြင်းပဲလေ.........။


မိုးခါးသောက်သူတွေနောက် ကျန်ရစ်မှာစိုးလို့
အလျင်အတိုင်း ငြိမ်သက်စီးမျောလိုက်ပါရင်း...
သံလွင်ခက်နဲ့ ရည်မှန်းရာကမ်းကပ်ဖို့ မေ့ခဲ့ရသူပေါ့......ငါ ။


လက်ဖျံရိုးတစ်လျှောက်...ဆေးမှင်ကြောင်ဖောက်ထွင်း
ငြိမ်းချမ်းရေးတံဆိပ်နဲ့ နံနက်ခင်းလေးတစ်ခု....၊
အပူအပင်ကင်းကင်း ပြေးလွှားဆော့ကစားနေတဲ့ ကလေးငယ်တစ်စု....၊
ငှက်တေးသာလို့...ပန်းပေါင်းစုံဝေဖြာမယ့် ကမ္ဘာ တခြမ်း...၊
အိပ်မက်ဟာ ဆန်းကြယ်တင့်တယ် လို့တဲ့
ပရွတ်ဆိတ်တစ်ကောင်လောက်တောင် တာဝန်မကျေတဲ့
လူတစ်ယောက်ဟာ ယောင်ယမ်း တောင်ပံ ခတ်မိတယ်ဆိုတော့


ငါ ပါရောယောင် ဟာသ တစ်ပုဒ်ဖြစ်သွားတယ်......။


တစ်ခါတရံမှာ လေးနက်တည်ကြည်နေပြီး
တစ်ခါတစ်လေမက ဆောက်တည်ရာမရနိုင် ဖြစ်နေတဲ့ ပျက်ခြင်းတွေဟာ
လောကဓံတရား စင်စစ်ဖြစ်ကြောင်း
ဘယ်သူက နှောင်းမှ သိချင်မှာလဲ.....................။


တောင်တန်းလို ခိုင်ခံ့တဲ့ ကျောရိုးတစ်စုံနဲ့
ကောင်းကင်ကို ထမ်းထားနိုင်တဲ့ အခါကျမှ
အိမ်ပြန်ရောက်လိုတဲ့ တိုင်တည်ခြင်းကို ငါ ရပ်ဖြစ်တော့မယ်။


မဟာမြေကြီးရဲ့  မြည်ဟိန်းသံနဲ့
ဇွဲ၊လုံ့လ၊၀ီရိယ ကို မာန်သွင်း ရင်ကော့ပြနိုင်မှ
သံသယများတဲ့ ဂွကျကျ စိတ်ထားကို ငါ စွန့်ပစ်ပါ့မယ်။


ကောင်းကင်လို ပြာလွင်တဲ့ နှလုံးသားနဲ့
ညာလက်ကခွန်အား၊ ဗယ်လက်က အ၀တ်အစားတွေပေးနိုင်မှ
ဘောင်ဘင်ခတ် တဲ့ ယုံကြည်ချက်ကိုလည်း ငါ နားချတော့မယ်.............။


ကဲဗျာ...နောင်ဘ၀ထိတော့ မစောင့်ပါရစေနဲ့
ဒီမှာ သုညတစ်လုံး....စမယ်။


မှူးဒါရီ

1 comment:

ကောင်းကင်ကို said...

ဒီကဗျာလည်း ကြိုက်တယ်။