Wednesday, September 17, 2008

“သမိုင်းထဲက သမိုင်း”

“သမိုင်းထဲက သမိုင်း”

လမ်းမပေါ်မှာ
လမ်းသွား လမ်းလာတွေ များတယ်။
လမ်းမပေါ်မှာ
ချိုင့်ခွက်တွေ လည်း များတယ်။
လမ်းသွားလမ်းလာနဲ့ ချိုင့်ခွက်
မသက်ဆိုင်တဲ့ အခါ မသက်ဆိုင်ဘူး
သက်ဆိုင်ချင်သူများသာ သက်ဆိုင်ပါ။


ခေါင်းငုံ နေချင်တဲ့သူ ရှားတယ်။
ခေါင်းငုံနေရချိန်က များတယ်။
မော်လာတဲ့ခေါင်း...
ဖျောင်းဒိုင်း ရိုက်ချ
ကြာလာတော့လည်း အနားကျလာမယ်တဲ့။
မဟုတ်ဘူး။
ကြာလာလေ အသားတက်လာလေ။
အသားတက်လာလေ ထုံလာလေ။
ထုံလာတဲ့ ခေါင်း၊ ဂျို စောင်းချင်း ခတ်တော့မယ်။
မကြာပါဘူး။


မီးခဲ ပြာဖုံး။
ကျွဲပါးစောင်း တီး။
ခရီး သည်တွေ များလာတယ်။
လက်မမြှောက်နဲ့အုံး။
ဒူးမထောက်နဲ့အုံး။
လက်ရှိရင် လက်ကို သွေး လက်ဝါးစောင်းတွေ ထက်စေ။
ခြေထောက်ရှိရင် ဒူးကို သွေး ဒူးချွန်စေ။


အစဉ်အလာမှာ
သေရဲ တဲ့ သူတွေ မြင့်မြတ်စွာ သေခဲ့တယ်။
မသေရဲ တဲ့ သူတွေသာ ကျန်ခဲ့လို့
သေသော် ငရဲ မလား တဲ့ သီချင်း
ခုမင်းတို့နဲ့ မသက်ဆိုင်ရေး ချ မဆိုင်။
အနာကို ထိလို့ နာပါ၏ ဆိုတဲ့ ငနဲ
အစဉ်အလာမှာ ရှိတယ်။
လာလာ မငြိနဲ့။
အစဉ်အလာမှာ ရှိတယ်။


ပန်းဆိုတာ မကြွေခင် မွှေးဖို့ တာဝန်နဲ့။
ခေါင်းဆောင်ဆိုတာ မသေအောင် ယတြာချေတဲ့ ရာဇ၀င်နဲ့။
လူမှန်ရင် သေမှာပဲကိုး မေ့ကာထား။
သူ့ အစား လူတွေ စတေးခဲ့တယ်။
သူ့ အစား ငွေတွေ ကြွေးခဲ့တယ်။
သေမင်းကလည်း ယူတာပဲဗျ။
ဒါကိုက သမိုင်း ရေးခြင်း ဖြစ်မယ်။

ရေကန်တွေ ခမ်းခြောက် ကြာမပေါက်တော့ဘူး။
တိမ်ညိုတွေ လွင့်ပါ မိုး မရွာတော့ဘူး။
မိုးမရွာ ရေနည်းတော့ မီး လည်း မလာဘူးပေါ့။
ရွာမယ့် ရွာတော့ မီးတွေမှိတ်၊ လူတွေအိပ်ချိန်ကျမှ။
ခွေးအူသံဆိတ်၊ ကလေးတွေတောင် အငိုတိတ်သွားတယ်။


ကောသလ မင်းကြီး မက်တဲ့ အိပ်မက်နိမိတ်တွေလား။
အချက် ၁၆ချက်၊ အံဝင်လို့ ဂွင်ကျ
အနှစ် ၆၀ မကတော့ဘူး။

မှူးဒါရီ

1 comment:

ကောင်းကင်ကို said...

ကဗျာလေး ကောင်းလိုက်တာ။ နှစ်ခေါက်ဖတ်သွားတယ်။