ကျွန်မမှာ နာရီ ၂လုံးရှိတယ်။
တလုံးက နေ့တဒူဝ၊ ကိုယ်ထူကိုယ်ထ ရှိပြီး
နောက်တလုံးက ပျင်းရိ ပျင်းတွဲ..။
နေထွက်ရာမျက်နှာ နေကြာလို တလုံးက မျက်နှာ မူပြီး
တလုံးက လရောင်အောက် ကြာပမာ ၂၄နာရီ ရစ်မူးရီဝေ..။
တလုံးက လုပ်သင့်တာကို လက်တံမှန် ပြတယ်
နောက်တလုံးက စိတ်ကူးအိပ်မက်တွေနဲ့ အီးယောင်ဝါး..။
ည၁၁နာရီ
တလုံးက အိပ်ရာဝင်
တလုံးက အိပ်ရာထ..
တလုံးက နောက်ခံအဖြူ လက်တံအမည်း
တလုံးက နောက်ခံအမည်း လက်တံအမည်း..။
တလုံးကို ခေါင်းမှာဆင်
တလုံးကို ရင်မှာ တပ်ပြီး
နာရီ၂လုံးနဲ့ ကျွန်မ ကြိုးတန်းစင်
တချိန်တည်း လမ်း၂ခွ ယှဉ်လျှောက်တယ်..။
အမှန်တရားကို တလုံးက ဘုရားတ ကိုးကွယ်ပြီး
နောက်တလုံးက လေလေးတချွန်ချွန်နဲ့ မျက်လုံးတဖက် မှိတ်ပြ..။
တလုံးက အရိပ်အကဲသိပြီး
တလုံးက လုပ်ချင်တာပဲ သိတယ်..။
တလုံးကဖြစ်လိုရာကို ဆန်ပြီး
တလုံးက ရောက်တတ်ရာရာ စုန်ဖို့ပဲ ကြံတယ်..။
၅မိနစ်စာ အနာကို လှမ်းမျှော်ကြည့်နှူးခွင့် တလုံးမှာ ပါပြီး
၅နှစ်စာ အရှူပ်ကို တနာရီ နဲ့ အပြီးလုပ်ဖို့ အခြားတလုံးက သံပတ်ပေး..
သိပ်မဝေးတော့ဘူး ဆိုတဲ့ မျှော်လင့်ခြင်းနဲ့ တလုံးက မနက်လာနှိုးတိုင်း
နောက်တလုံးက သက်ပြင်းတွင်တွင်ချ၊ ကျွန်မကို မရူးဖို့ အကြောင်း ဆန့်ကျင်ပြနေမြဲ..။
မှူးဒါရီ
Sunday, July 26, 2009
Friday, July 24, 2009
“နိုင့်ထက်စီးနင်း နောင်တ”
ပေစောင်းစောင်း ကဂျိုးကဂျောင်...
ခြုံစောင်နဲ့ ခေါင်းအုံး ဆီက
မျက်ရည်နံ့ဟာ ထိုးထိုးထောင်ထောင်..
လက်ကိုင်ရိုးကျိုး ကော်ဖီမက်ခွက်ထဲက
အ၀ါရောင် ယစ်ရည် တ၀က် နဲ့
အိုးပျက် အိမ်ပျက် စာသားများ..
အခန်းဝမှာ ကျန်ရစ်တဲ့ အိပ်စက်ခြင်း
ရယ်ရခက် ငိုရခက် ဖြစ်နေဆဲ ပူလောင်မှု
ယင်တလောင်းလောင်းနဲ့
အိပ်မက့်ကို နင်းချသွားတဲ့
ပုတ်အဲ့ညစ်ပေနေတဲ့ ခြေရာ...များ ပြကွက်
အတိတ်ကို အတိတ် သာ ဖြစ်နေစေဖို့......................ပါ
ဇတ်ကျိုးနေတဲ့ မျှော်လင့်ချက်တို့အား
ပင့်ရွက်ထားတဲ့ ပခုံးတဖက်
ကုတ်ဖဲ့ ရန်ရှာ ခံခဲ့ရတဲ့ ည.............။
မှူးဒါရီ
Thursday, July 16, 2009
”ခေါင်းတွဲလေး...”
ရာသီဥတုက ဆိုးဝါး လာတော့မယ်။ စနေထောင့်မှာ လိမ္မော်ရောင်သန်းနေတဲ့ ရောင်ခြည်လှိုင်းတွေ ပိုမို တောက်ပလာပြီ။ ဟိုနားဒီနား ဟိုတကွက်ဒီတကွက် ၀ါဂွမ်းစတွေလို၊ သဏ္ဍာန်မျိုးမျိုး နဲ့ အိမ်ဖွဲ့နေတဲ့ တိမ်တွေကလည်း၊ အခါမလတ် ပြာခဲ့ဖူးတဲ့ ကောင်းကင်ကြီး ရှိနေသေးကြောင်းကို မေ့သွားအောင် ကြီးစိုးပြနေကြတယ်။
ကျွန်တော်......ဘယ်နှစ်နာရီ ရှိပြီလဲ ခင်ဗျာ..
မေးသာမေးလိုက်ရတယ်။ ဘယ်သူ့ မှ ပြန်မဖြေမှာကို သိပြီးသားရယ်..။ ထွက်ခွာဖို့ အချိန်နီးလာပြီဆိုတာကို အချိန်မှန် စည်းချက်တေးသံတွေ ထုတ်လွှင့်လေ့ရှိတဲ့ မြို့တော်တိုင်ကပ်နာရီကြီးက၊ ဒီတခါ၊ မအော်မြည်ပါဘူး။ မေးသာမေးလိုက်ရတယ်... ထွက်ခွာဖို့ အချိန်နီးလာပြီဆိုတာကို အလိုလို သိနေခဲ့...။
ကျွန်တော်...... မသွားလို့ မရဘူးလား ခင်ဗျာ..
အသံတွေက ကွဲအက်နှင့် တယ်။ အဖြစ်သဘောမျိုး...၊ နောက်ဆုံးသဘောမျိုး...နဲ့ ကိုယ့်မျှော်လင့်ချက် ကို မေးလိုက်တာပါ။ တိုးတိတ်လွန်းလှတယ်...(ပြီးတော့) မေးခွန်းအဆုံးမှာ နှစ်သိမ့်တဲ့သဘောမျိုးနဲ့ သူလေးက ကြေကွဲချင်ယောင်ဆောင်ပြမယ်ဦးမယ် ဆိုတာလည်း သိနေတယ်။ လက်ဝဲ လက်မောင်းပေါ်မှာ၊ ချစ်ခြင်းအားဖြင့် ရိုက်နှိပ်ထားခဲ့တဲ့ ဖောင်းကြွအက္ခရာလေးတခု၊ ကျနော် အသာစောင်းငဲ့လိုက်ပြီး.......၊ လေပွေတွေ သယ်ယူသွား ခံရတဲ့ မြက်ပင်လေးလို၊ လေငြိမ်မယ့်တနေ့အထိ ဆက်လက် မျောလွင့်ခဲ့...။
လေညှင်းလေး ဖြတ်ပြေးသွားတယ်။ ကျွန်တော့်နဘေးက ထင်ရှူးပင်နိမ့်တို့ ရဲ့  သစ်ရွက်ချင်းရိုက်ခတ်သံတွေ တရှဲရှဲ မြည်သွားခဲ့တယ်။ မုန်တိုင်းအလာကို မျှော်ကြောက်ပြီး၊ သစ်ရွက်တွေနောက်မှာ (စောနကအထိ) ပုန်းအောင်းနေတဲ့ ငှက်ငယ်ပေါင်းများစွာဟာလည်း.... သူတို့ ရဲ့ အတောင်ပံတွေကို ရုတ်ရုတ် ခတ်လို့... ၊ မျက်စိပျက်မျက်နှာပျက် ပျံသန်းသွားလိုက်တာ၊ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို လှုပ်နိုးလိုက်သလို ဖြစ်သွားတယ်။ အိပ်စက်နေတဲ့ ကျနော့် ဆားပွင့်လေးကို တွန်းတိုက်လိုက်သလို ဖြစ်သွားတယ်။ ဒီချိန်မှာပဲ ပင်လယ်အတုလေးက မီးဝါလေး ပွင့်လာခဲ့တယ် ထင်ပါရဲ့ .........။
ကျွန်တော်.......သစ်ပင်တပင်ပါ ခင်ဗျာ...
သစ်ပင်တွေရဲ့ ရယ်သံတွေ မိုးယံထိ ပဲ့ထင်သွားခဲ့တယ်။ ရယ်ကြပါဗျာ..။စိတ်ကွက်စရာ အကောင်းဆုံး ဟာသပျက်လုံး လေး ဖြစ်မှန်း ကျနော်လည်း သိပါတယ်။ တကယ့်တကယ်မှာ အဲ့ဒီ ပျက်လုံးလေးဟာ ကျနော် အလိုအပ်ဆုံး ဆုတောင်းလည်း ဖြစ်သေးတယ်လေ။ သူလေးရဲ့ အပါးကနေ မထွက်ခွာရအောင်၊ ကုတ်တွယ်ထားချင်ပေမယ့်... လေဖြည့်ထားတဲ့ ဘူဘောင်းအရုပ်လို၊ ကျနော်ဟာ လေသွေးရာ လွင့်လွင့်လူးနေခဲ့တာ...။
ကျွန်တော်.......ထာဝရ ကြေကွဲဆွေးမြည့် နေတော့မှာ...
ဒါ ကျနော့်ရင်ခေါင်းထဲက လျှံကျလာတဲ့ စည်သံပါ။ နှုတ်ခမ်းဖျား နဲ့ ပြောတယ် ထင်မှာစိုးလို့........ပြန်မြို ချလိုက်မိတယ်။ လှိုက်ကနဲ နင့်သွားတဲ့ နှလုံးသားဟာ မသိမသာလေး ထပ်မံ ပြတ်ရွေ့လို့....။
ကျနော်လို ကောင်တွေပေါ့.. ငိုချမိတယ် ဆိုရင်တောင် မျက်ရည်တွေက မျက်လုံးအိမ်ရှေ့ မှာတင် မီးခိုးငွေ့တွေ ဖြစ်ဖြစ်သွားတာ မှလား..။ ကျနော် သွားရမယ့် ခရီးကို ကျနော်မမွေးဖွားခင်ကတည်းက သတ်မှတ်ပြီးသား ဖြစ်ခဲ့တယ်။ ကျနော်ခြေကုတ်ရထားတဲ့ အထီးကျန် လမ်းကျဉ်းပေါ်ကနေ သွေဖယ်ဖို့..........သံလိုက်တုံးလေးနဲ့ တူတဲ့ အချစ်ကို အမြဲ တောင့်တ ခဲ့ရဖူးပါရဲ့ ။
ကံကြမ္မာငင်လွန်းတော့လည်းး.......... ဆုံတွေ့ခွင့် ရခဲ့ပြီးးမှ..၊ သူလေးက ကျနော့် ဘ၀စာ၊ ပင်လယ်တုလေး..၊ခရီးတထောက်သာ ရပ်နား မျှော်ကြည့်ခဲ့ရပြီး၊ ဘယ်သောအခါမှ ချိတ်ဆွဲသိမ်းဆည်းထားခွင့်မရတဲ့ သဘာဝ ပန်းချီကားလေး...၊ခြေတလုံးအိမ်တိုင်သမားတယောက်အတွက်၊ နောက်တခေါက် ပြန်မရောက်နိုင်တော့တဲ့.........တံတားပြတ်လေးနဲ့ ဆက်သွယ်ထားခဲ့ဖူးတဲ့၊ ချောက်ကမ်းပါး ရဲ့ ဟိုဖက်ကမ်း...ဖြစ်နေတယ်။
အမှောင်လာခဲ့ပြီ။ မဖွင့်ချင်ပေမယ့် ကျနော့် မျက်လုံးတွေကို လင်းလက်ခွင့်ပေးရတယ်။ လူသံတွေက ဟိုတစဒီတစနဲ့.... ဆူညံပွက်လောရိုက်လာတယ်။ထွက်ခွာရန် အချိန်နီးကပ်လာပြီဖြစ်ကြောင်း၊ သံချောင်းခေါက်သံကလည်း ပိုမို ပြင်းထန်လာတယ်။ မိုးဖွဲဖွဲလေး လည်း ရွာလာတယ်။ နှုတ်ဆက်ခါနီး.......ကျနော် မမြင်ချင်ပဲ မြင်နေရတဲ့ လူသတ္တ၀ါ တွေရဲ့ မျက်လုံးတွေဟာ အေးစက်နေတာလည်း ရှိတယ်။ နွေးထွေးချင်ယောင်ဆောင်နေတာလည်း ရှိတယ်။ ဟန်မဆောင်နိုင်လို့ မျက်နှာလွှဲထားကြတာလည်း ရှိတယ်။
ကျွန်တော်ကတော့.......(ဖြစ်နိုင်ရင် )မသွားပါနဲ့လို့....ဆွဲယူပွေ့ဖက်ထားချင်တဲ့ အကြည့်မျိုးပဲ၊ သူလေးကို ပေးချင်ပါတယ်။ကျနော့် တကိုယ်လုံးက သွေးတွေကို ဆူပွက်နိုင်စေပြီး၊နောက်တခေါက် ပြန်တွေ့ရဖို့ မသေချာတဲ့ ကျောက်ယမင်းရုပ်လေးရှေ့မှာ၊ ၃ကြိမ်၃ခါ... ဒူးထောက် ခဲ့ဖူးတာလေးကိုပဲ အမှန်တရနဲ့.............ကျနော့် ညည်းတွားသံဖွဖွဟာ၊ သူ့နာမတော် တခုတည်းနဲ့ ပြီးပြည်စုံခဲ့ပါရဲ့ ..။
...........မီးစိမ်းလေး လင်းပြီ။
...................................................။
ကျွန်တော်....တလမ်းမောင်း မီးရထားလေး မဖြစ်ချင်ဘူးဗျာ..
ကျွန်တော်....ဟာ မောင်းနှင်ထွက်ခွာ သွားတော့မယ့် သူလည်း ဖြစ်သလို
ကျွန်တော်....ကသာ ကျန်ရစ် နေ ခဲ့ ရ သူလည်း ဖြစ်မယ်ဆိုရင်....
ဘ၀ဆက်တိုင်းမှာ မီးရထားခေါင်းတွဲလေး ကျနော် မဖြစ်ချင်ဘူးဗျာ..။ ။
မှူးဒါရီ ခံစားတင်ပြသည်။

Monday, July 13, 2009
“ကိစ္စ မရှိပါဘူး”
မြေဆီနဲ့ မျိုးစေ့
သဟာဇာတ မဖြစ်လို့
ပေါင်းသင် ဖြတ်ခုတ် ခံ လိုက်ရတာပါ။
အကြင်နာ နဲ့
အကျင့်စရိုက်...
လိုက်ရော ညီထွေ မရှိလို့
အနာဂတ်တွေ ဆေးသွင်း အသတ်ခံ လိုက် ရတာပါ။
နားလည်နိုင်စွမ်း နဲ့ စိတ်ဓာတ်
ရေစက် မဆုံ လို့..........
အိပ်မက်တွေ လမ်းဘေး၊ချနင်း ခံ လိုက် ရတာပါ။
အသိုင်းအ၀ိုင်းနဲ့ ရာဇ၀င်
သမိုင်းမတွင်လောက်လို့........
လှေကားသုံးထစ် နောက်ပြန် ဆင်းပေးလိုက်ရတာပါ။
ကိစ္စ မရှိပါဘူး... ခွဲခွာခြင်း...။
မှူးဒါရီ
Saturday, July 4, 2009
ဝင်ကစွပ်
ပွင့်အန်မကျနိုင်တဲ့ သိပ်သည်းမှု
အစိုင်အခဲတခု ဖြစ်နေတာလည်း...
လက်ညိုးကို ကွေး ဆုပ် ထား
ဘယ်သူက စင်းလုံးချော လို့လဲ...........................။
သမာသမတ်ကျ ကြောင်း
ဆိုင်းဘုတ်ထောင်ပြရတဲ့ ခေတ်...
အခြေအမြစ်မရှိတာတွေ
အရောင်းတွင်ကျယ် နေတဲ့ ခေတ်...
မဟုတ်မမှန်တရား တွေ
ယင်တလောင်းလောင်း ပုတ်ဟောင်နေတဲ့ ခေတ်...
အဖြစ်ထက် အပျက် ပို နေတဲ့ ခေတ်မှာ
မိုးခါးသောက်တဲ့ အကျင့်လောက်တော့ စကားထဲ ထည့် မပြောကြေး တဲ့လား
ခေတ်နဲ့အမှီ.. ငါလည်း
နားယောင် တတ်ချင်တာပေါ့ သူငယ်ချင်းးး...
ဒါကြောင့် လေထု သယ်လာတဲ့ အတင်းအဖျဉ်းတွေအတွက်
နား ဂွမ်းဆို့ ထား လိုက် တာ...
မွန်မြတ် လွန်းလှ လို့တော့ မဟုတ်ဘူး ရယ်
တိုက်စားမှု လမ်းစဉ်တလျောက်မှာ
ရင့်ကျက်ခြင်း နဲ့ အရိုးခံ စိတ်
ပြောင်းပြန်အချိုးကျ ပွန်းပဲ့ ကြလည်း...
လျှာဖျားလေးကို လိပ်သိမ်းထား၊
ရန်သူ ကို မဖိတ်ခေါ် အား ပါ ဘူး ကွယ်
ငါ့အခွံနဲ့ ငါခန္ဓာ...ကွက်တိ ကျနေတာရင် ပြီးရောပဲ
..................။
မှူးဒါရီ
Thursday, July 2, 2009
“အာရုဏ်ဦး အိပ့်မက်ဆိုး”
စိတ်အိမ်ထဲက
စိတ်အိုက်စရာတွေ အပြင်
ဝေးသထက် အဝေးဆုံး အရပ်က
ရော်ရွက်ဝါတွေ ခင်းထားတဲ့ ကျောက်စရစ် လမ်းလေးလဲ
ရှိမယ်..
ရှိလည်း ရှိခဲ့တယ်..
(တဆိတ်...................................။)
ထိုင်နေကျ လှေကားထစ်များ၊
ဟယ်လို ထူးနေကျ ၀ရံတာ နား
တခေါက်တခါ ရပ်တန့်၊
အဆောင်အပြင်ဖက် ကို
ဖြတ်သွားဖြတ်လာ မင်း လှမ်းကြည့် ဖြစ်သေးလား?
(ဟုတ်မှာပါ....................................................။)
နွေ ရောက် ပြန်လို့.....နှင်းဟာ အရည်ပျော်သွားပြီ ဆိုရင်တောင်
စမ်းချောင်းလေး လို တိုးထွက်
စီးဆင်းမြဲ စီးဆင်း နေ မယ့်
မျှောင်လင့်ခြင်း အငွေ့အသက် လက်ကျန်တွေတော့ ရှိဦးမလားလို့..။
အတွေးနဲ့ ရေးခြစ်ပြီး
အနက်ရှိုင်းဆုံးမှာမှ မှတ်တမ်းတင်ဖြစ်တဲ့ ကဗျာ
နှိုင်းယှဉ်စရာ စကားလုံးတွေ ပျောက်ရှ ကောင်းနေတုန်းပဲ..
ကိုယ့်ဖောင် ကိုယ်ဖျက်ခဲ့တဲ့
နောင်ရိုးတိုက်ပွဲ ဆန်ဆန် နှလုံးသား ရယ်ကြောင့်
ထွက်ပေါက်နဲ့ လွတ်မြောက်ရာကို
အစီအစဉ်တကျ လွဲချော်နေရတာလည်း
လိုရာပဲ ဆွဲတွေးပြီး
(စိတ်ချ..............)
ကိုယ် ပျော်မှာပါ..။
မှူးဒါရီ
Subscribe to:
Posts (Atom)